ယင်းမာပင် – ၂၀၂၃ မတ် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေကို ဒီနေ့မနက်အစောပိုင်း ၁ နာရီဝန်းကျင်ကဒေသခံကာကွယ်ရေးမဟာမိတ်အဖွဲ့တွေပူးပေါင်းပြီး လက်နက်ကြီး အလုံး ၄၀၀ ကျော်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကျောက်လုံးကြီးတပ်မဟာကတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“သူတို့ဘက်အထိခိုက်ကျဆုံးကတော့ လောလောဆယ်အထိစုံစမ်းနေတုန်းဗျ။ ကျွန်တော်တို့က ၆၀ မမ လက်လုပ်တွေ အလုံး ၄၀၀ ကျော်ပစ်ခဲ့တာဆိုတော့ ဘယ်လိုနေနေ အထိခိုက်ကတော့ရှိမှာပဲ။ ကျွန်တော်တို့ဘက်က အထိခိုက်ဒဏ်ရာရတာမရှိပါဘူး။ သူတို့ဘက်က ပျူရွာထဲက ကောင်တာပြန်ထောက်(ပြန်ပစ်)တယ်။ ရွှေတောင်ဦးကနေလည်း ၁၂၀တွေနဲ့ လှမ်းပစ်တယ်” လို့ ကျောက်လုံးကြီးတပ်မဟာက တာဝန်ရှိသူကပြောပါတယ်။
အဲဒီဘန့်ဘွေးပျူရွာမှာ စစ်ကောင်စီတပ်တွေဟာ အထိုင်ချတပ်စွဲနေပြီး အင်အားပြန်များလာချိန်ဆို ကျောက်မှော်၊ နဘူးတောအပြင် အနီးကရွာတွေကို ဝင်ရောက်မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်တာကြောင့် အခုလိုသွားရောက်တိုက်ခိုက်ခဲ့တာလို့ သူကပြောပါတယ်။
ဘန့်ဘွေးပျူရွာကိုပစ်ခတ်ခဲ့တဲ့ လက်လုပ် လက်နက်ကြီးအလုံး ၄၀၀ ကျော်ဟာ ဒေသခံကာကွယ်ရေးအဖွဲ့တွေ ကိုယ်ထူကိုယ်ထ လုပ်ထားတဲ့ ၆၀ မမ လက်နက်ကြီးတွေဖြစ်တယ်လို့သိရပါတယ်။
ဒီနေ့ပစ်ခတ်တိုက်ခိုက်မှုဟာ သုံးနာရီနီးပါးကြာမြင့်ခဲ့ပြီး ကျောက်လုံးကြီးအဖွဲ့နဲ့အတူ ကနီ-ယင်းမာပင်- ဆားလင်းကြီး လက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုအဖွဲ့ ၃၆ ဖွဲ့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ပုံ-လက်လုပ်လက်နက်ကြီးကျည်များ
Photo – KLG ကျောက်လုံးကြီးတပ်မဟာ
#Dailynews

