ပြန်ဆောက်ထားတဲ့ယာယီတဲတွေ မီးထပ်ရှို့ခံရတာကြောင့် စစ်ရှောင်တွေအတွက် မိုးကာအရေးပေါ်လိုအပ်နေ

ပြန်ဆောက်ထားတဲ့ယာယီတဲတွေ မီးထပ်ရှို့ခံရတာကြောင့် စစ်ရှောင်တွေအတွက် မိုးကာအရေးပေါ်လိုအပ်နေ

ဒီပဲရင်း – ၂၀၂၃ ဩဂုတ် ၃ (မော်ကွန်း)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် မရကန်ရွာမှာ မီးရှို့ခံထားရလို့ ပြန်ဆောက်ထားတဲ့ ယာယီတဲတွေကို အာဏာသိမ်းစစ်တပ်က မနေ့ကပဲ ထပ်ပြီးမီးရှို့ပြန်တာကြောင့် စစ်ရှောင်တွေ နေထိုင်စရာအခက်အခဲတွေဖြစ်ပေါ်နေပါတယ်။

မရကန်ရွာက နေအိမ် ၂၀ ဝန်းကျင်နဲ့ယာယီတဲတွေကို အာဏာသိမ်းစစ်တပ်ရဲ့ ခမရ ၇၀၈ နဲ့ ၇၀၂ က အင်အား ၁၅၀ ကျော်ပါတဲ့စစ်ကြောင်းဟာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် ညဘက်မိုးရွာချိန်တွေမှာ စစ်ရှောင်တွေအတွက်နေစရာအခက်ခဲတွေဖြစ်နေပြီး မိုးကာလိုအပ်နေတယ်လို့ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

“ပထမတစ်ခါမီးရှို့ခံထားရတဲ့ နေအိမ်အားလုံးနီးပါးအတွက် ထောက်ပံ့ရေးအဖွဲ့တွေနဲ့ကူထားတဲ့လှူထားတဲ့ဟာတွေနဲ့ပြန်ရပ်တည်နေကြတာ၊ အဆင်ပြေမလိုဖြစ်နေတုန်း ယာယီတဲတွေကို ထပ်ရှ်ို့ခံရတာ”လို့ သူကပြောပါတယ်။

၂၀၂၂ ဧပြီက ပထမဆုံးစပြီး မီးရှို့ခံရတဲ့ မရကန်ရွာဟာ အခုနှစ် ဇန်နဝါရီမှာ ဒုတိယအကြိမ် ထပ်မံမီးရှို့ခံခဲ့ရကာ မနေ့ကတော့ တတိယအကြိမ်မြောက် မီးရှို့ခံရတာပါ။

၂၀၂၃ ဇန်နဝါရီက ထောက်တိုင်လေးတိုင်နဲ့ နှစ်ခန်းဖွဲ့ယာယီတဲတွေကို ဆောက်ထားတာမကြာသေးချိန်မှာ ခုလိုထပ်မံရှို့ခံလိုက်ရတာကြောင့် လတ်တလော နေစရာမရှိတော့ဘဲ စစ်ရှောင်တွေဟာ နီးစပ်ရာ ဆွေမျိုးအိမ်နဲ့ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့ စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ဝင်က ပြောပါတယ်။

မရကန်ရွာကို အာဏာသိမ်းစစ်တပ်စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ ပြည်သူတစ်သောင်းကျော်စစ်ဘေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။

” မနေ့က စစ်ကြောင်းလာပြီးမရကန်ရွာနားမှာ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲ ဖြစ်ကြသေးတယ်၊ သူတို့ဘက်ကနာလို့ ရှို့တာလားတော့မပြောတတ်ဘူး၊ မဟုတ်လည်းဒီတဝိုက်ကရှိူ့ခံထားရတာ၊ ဘာမှမကျန်တော့ဘူး” လို့ အနီးနားကျေးရွာကစစ်ရှောင်တစ်ဦးကပြောပါတယ်။

၂၀၂၁ မေ ၁ ရက်ကနေ ၂၀၂၃ မေ ၃၁ ထိ အာဏာသိမ်းစစ်တပ် မီးရှို့တာကြောင့် စစ်ကိုင်းတိုင်းအတွင်းက နေအိမ် အနည်းဆုံး ၅၄,၀၀၀ ဝန်းကျင်မီးလောင်ပျက်စီးခဲ့ရတယ်လို့ Data For Myanmar က ၂၀၂၃ ဇွန်လ ၁၄ရက်မှာထုတ်ပြန်ထားပါတယ်။

ပုံစာ – မီးရှို့ခံထားရသည့် မရကန်ရွာမြင်ကွင်း
ဓါတ်ပုံ – ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."