ယင်းမာပင် – ၂၀၂၃ မတ် ၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ သပြေအေးကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးတစ်ဦးကို အာဏာသိမ်းစစ်တပ်က မီးရှို့သတ်ဖြတ်ထားတာကိုတွေ့ရှိရတယ်လို့ ဒေသခံဆီကနေ သတင်းရရှိပါတယ်။
မနေ့က ယင်းမာပင်၊ သပြေအေးရွာကို အာဏာသိမ်းစစ်တပ်ဟာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး ဝင်ရောက်လာလို့ ရွာသားတွေထွက်ပြေးခဲ့ကြရပြီး ဒီကနေ့ ရွာထဲကို ပြန်ဝင်ချိန်မှာ သတ်ဖြတ်ခံထားရတဲ့ အမျိုးသမီးကိုတွေ့ရှိခဲ့တာလို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
“အမျိုးသမီးကအပေါ်ပိုင်းမလောင်ဘဲ ခြေထောက်ပိုင်းသာမီးလောင်ခဲ့တာ၊ ပါးစပ်မှာလည်း အဝတ်စည်းထားတယ်၊ အိမ်ပါမီးရှို့တာ”လို့ ဒေသခံ
ကပြောပါတယ်။
သေဆုံးသူ အမျိုးသမီးဟာ အသက် ၃၉ နှစ်ခန့်ရှိပြီး မုဒိန်းကျင့်သွားတာဖြစ်နိုင်တယ်လို့ အလောင်းကိုတွေ့ရှိသူတွေက သုံးသပ်ကြကြောင်း ဒေသခံကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ ပြည်သူဟာ ၃,၁၀၀ နီးပါးရှိလာပါပြီ။
အာဏာသိမ်းစစ်တပ်ဟာ သပြေအေးရွာကို မရောက်ခင် မြောက်နုံးရွာကထွက်ခွာလာတာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
သပြေအေးမှာ မီးရှို့သတ်ဖြတ်ပြီးနောက်မှာတော့ ယင်းမာပင်မြို့နယ်ထဲက NUG ခရိုင်တပ်ရင်းစခန်းတစ်ခုနဲ့ အမိမြေတပ်ခွဲစခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်ပြီး စခန်းတွေကိုမီးရှီု့သွားခဲ့တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
စခန်းတွေတိုက်ခိုက်ဖျက်ဆီးခံရလို့ ကျပ်သိန်း ၅၀ ဖိုးလောက်ဆုံးရှုံးခဲ့ရပေမယ့် လက်နက်တွေတော့ ရန်သူ့လက်ကို ပါမသွားခဲ့ဘူးလို့ ယင်းမာပင်ခရိုင်တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။
#Dailynews

