ရန်ကုန် – ၂၀၂၃ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းက တောင်ကြီး-လွိုင်လင်ကားလမ်း ပိတ်ထားတာ သီတင်းတစ်ပတ်နီးပါး ကြာမြင့်လာပြီးနောက် တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ ဖရဲနဲ့ သခွားမွှေးတွေကို ပြည်တွင်းဈေးကွက်မှာပဲ အရှုံးခံရောင်းချရတော့မယ်လို့ ကုန်သည်တွေနဲ့ တောင်သူတွေက ပြောပါတယ်။
တောင်ကြီး-လွိုင်လင်ကားလမ်းပေါ်က မိုင်းပွန်မြို့အနီးမှာ ယခုလ ၂၀ ရက်ကစလို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)နဲ့ ပူးပေါင်းတပ်တွေ စတင်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဟာ လမ်းကိုပိတ်ဆို့လိုက်တာ တပတ်နီးပါး ကြာမြင့်နေပါပြီ။
တရုတ်နိုင်ငံနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဝင်ပေါက်တွေကို မြောက်ပိုင်းမဟာမိတ်တပ်တွေဟာ ပြီးခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ကာလမှာ ထိန်းချုပ်ထားလိုက်တာကြောင့် တရုတ်နဲ့ကုန်သွယ်မှုမှာ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄)၊ မိုင်းလားနယ်စပ်ကို အဓိကထားလာကြတာပါ။
မိုင်းလားနယ်စပ်ကုန်သွယ်ရေးဂိတ်ကို သွားမယ့်ယာဉ်တွေဟာ ရှမ်းတောင်ပိုင်းကနေ ရှမ်းအရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ အဆိုပါလမ်းကို အသုံးပြုပြီး ဖြတ်သန်းနေရတာပါ။
တိုက်ပွဲဖြစ်ပွားတဲ့ ရက်ကစပြီး စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို ပိတ်ဆို့ထားကာ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေပါ မိုင်းပွန်မြို့မှာ ပိတ်မိနေပြီး ဒီနေ့အထိ လမ်းပြန်မဖွင့်ပေးသေးပါဘူး။
“ပြည်တွင်းဈေးကွက်ကို ပြန်လှည့်မယ်ဆိုရင်တော့ သေချာပေါက်ရှုံးပြီဆိုတာတော့ အစ်ကိုတို့ သိနေပြီလေ။ သင့်တင့်လျှောက်ပတ်ငွေလေး ပြန်ပေါ်အောင် ရောင်းရတော့မှာပေါ့” လို့ ဖရဲကုန်သည်တစ်ဦးကပြောပါတယ်။
တရုတ်နိုင်ငံဈေးကွက်နဲ့ ပြည်တွင်းဈေးကွက်ဟာ ဈေးနှုန်းအတော်ကွာဟတာကြောင့် တောင်သူတွေဟာ စိုက်စရိတ်တောင် ပြန်ရပါ့မလားလို့ စိုးရိမ်နေရတယ်လို့ မကွေးမြို့က ဖရဲစိုက်တောင်သူတစ်ဦးက ပြောပါတယ်။
အရည်အသွေးကောင်းပြီး တန်ချိန်ပြည့်တဲ့ ဖရဲကားတစ်စီးကို တရုတ်နိုင်ငံမှာ ရောင်းမယ်ဆိုရင် မြန်မာငွေ ကျပ်သိန်း ၂၅၀ ကျော်ထိ လက်ရှိပေါက်ဈေးရှိပြီး ပြည်တွင်းမှာဆိုရင်တော့ ကျပ်သိန်း ၃၀ ကနေ သိန်း ၅၀ ဝန်းကျင်ထိပဲ ပေါက်ဈေးရှိနေတာပါ။
အဲဒီလို ဈေးနှုန်းဟာ ငါးဆနီးပါးကွာဟနေပေမယ့် စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ ဖရဲသီးတွေဟာ ရက်ကြာကြာထားလို့မရတဲ့အပြင် နယ်စပ်လမ်းကြောင်းကလည်း ဘယ်အချိန်ပြန်ဖွင့်မလဲ မသေချာသေးတာကြောင့် ပြည်တွင်းဈေးကွက်မှာပဲ အရှုံးခံရောင်းချရတော့မယ်လို့ မကွေးမြို့က ဖရဲစိုက်တောင်သူတစ်ဦးကလည်း ပြောပါတယ်။
“ဖရဲသီးအနေအထားအရ ကုန်စိမ်းတွေ ဖြစ်နေတယ်။ ရက်ကြာကြာလည်း ထားလို့မရတော့ အကုန်ပျက်စီးမှာဆိုတော့ အခြေအနေကြည့်ပြီး အရှုံးခံရောင်းသင့်ရင် ရောင်းရတာပေါ့။ စိုက်စရိတ်လောက်ပဲ ပြန်ရမှာပေါ့” လို့ သူက ပြောပါတယ်။
ပြည်တွင်းမှာ ဖရဲစိုက်ဧကပေါင်း ငါးသောင်းကျော် နှစ်စဉ်စိုက်ပျိုးလေ့ရှိပြီး ပြည်ပကိုတင်ပို့နိုင်တဲ့ အစေ့မဲ ဖရဲ၊ ထိုင်ဝမ်ဖရဲ စတဲ့ ဖရဲအမျိုးအစားတွေကို စစ်ကိုင်း၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ စိုက်ပျိုးလေ့ရှိကြပါတယ်။
မြန်မာနိုင်ငံကနေ တရုတ်ဈေးကွက်ကို နှစ်စဉ် ဖရဲသီးတန်ချိန် ခြောက်သိန်းကနေရှစ်သိန်းကြား တင်ပို့လျက်ရှိပြီး နိုဝင်ဘာလကနေ မေလအတွင်းဟာ ဖရဲသီးလှိုင်လှိုင်ပေါ်တဲ့ ကာလလည်းဖြစ်ပါတယ်။
ပုံစာ – တရုတ်နိုင်ငံကို တင်ပို့မယ့် ဖရဲကားတစ်စီး
ဓာတ်ပုံ – ခွာညိုသစ်သီးပွဲရုံ