ရန်ကုန်၊ ၂၀၂၃ မေ ၂၉
ရွှေဈေးနှုန်းထိုးတက်လာပြီးနောက် ပြန်လည်တည်ငြိမ်အောင်လုပ်ဖို့ ဒီလကုန်အထိ မန္တလေးရွှေဈေးကွက်ကိုပိတ်ကာဖြေရှင်းနေတယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“ ဈေးကွက်ကိုမေလကုန်ထိပိတ်ထားမယ်။ ရွှေဈေးအတက်ကြမ်းနေလို့ ပြန်ငြိမ်အောင်ထိန်းဖို့အတွက် ပိတ်ထားတာဖြစ်တယ်” လို့ သူကပြောပါတယ်။
ပြည်တွင်းရွှေဈေးနှုန်းဟာ မေလအတွင်း တရိပ်ရိပ်မြင့်တက်နေတဲ့အတွက် ဈေးနှုန်းပြန်လည်တည်ငြိမ်အောင် အခုလိုဈေးကွက်ကို ယာယီပိတ်ထားတာဖြစ်တယ်လို့ သူကပြောပါတယ်။
မေလ ပထမပတ်ကစပြီး ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ကို စတင်ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့ မေလ ၂၆ ရက်မှာ အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၁ သိန်းနီးပါးထိ မြင့်တက်ခဲ့ပါတယ်။
“ ရွှေဈေးက သိန်း ၃၀ ရောက်သွားပြီးကတည်းက နေ့တိုင်းတက်တယ်။ မတက်တဲ့နေ့ မရှိသလောက်ပဲ။ ၃၁ သိန်းနီးပါးထိ ကပ်သွားတဲ့နေ့ ရှိတယ်။ အဲဒီနောက်ပိုင်း ဈေးကွက်ဖွင့်ဖို့မရဲတော့ဘူး။ နစက ကလည်း ဝင်ထိန်းဖို့လုပ်နေတာရှိတယ်။ စသုံးလုံးတို့ဘာတို့ကလည်း စောင့်ကြည့်နေတယ်။ ရွှေလုပ်ငန်းရှင်တွေကို ဖိအားပေးတာတွေရှိတယ်။ သိန်း ၃၀ အောက်မှာပဲထားဖို့ ပြောတာ ရှိတယ်” လို့ အထက်ပါအသင်းက ရွှေလုပ်ငန်းရှင်က ပြောပါတယ်။
မန္တလေးမြို့က ရွှေဆိုင်တွေမှာတော့ တစ်ဆိုင်နဲ့တစ်ဆိုင် မတူညီတဲ့ဈေးနှုန်းတွေနဲ့ လက်လီရောင်းချမှုတွေတော့ ရှိနေမှာဖြစ်ပြီး ဈေးကွက်အတွင်း ရောင်းခြင်းဝယ်ခြင်းတွေကိုတော့ ရပ်တန့်ထားတယ်လို့ မန္တလေးမြို့က ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ဒီနေ့ညနေပိုင်းမှာ ရန်ကုန်ဈေးကွက်အတွင်း ရွှေတစ်ကျပ်သားကို ကျပ် ၃,၀၅၈,၀၀၀ နဲ့ ဈေးကွက်ဖွင့်လှစ်ခဲ့ပြီး အရောင်းအဝယ်ပါးနေတယ်လို့ ဈေးကွက်အတွင်း အရောင်းအဝယ်လုပ်သူတွေက ပြောပါတယ်။
ရန်ကုန်ရွှေဈေးကွက်လေ့လာသူတစ်ဦးကတော့ “ အရောင်းအဝယ်သိပ်မရှိဘူး၊ နည်းနည်းပါးနေတယ်။ ရွှေဈေးက အတက်ကြမ်းလွန်းတော့ စောင့်ကြည့်အနေအထားမှာပဲ ရှိနေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရွှေဈေးနှုန်းတွေ ထိုးတက်လာတုန်းက ရွှေဈေးနှုန်းတည်ငြိမ်အောင်ဆိုကာ ရွှေလုပ်ငန်းရှင်အသင်းက ရွှေတုံးတွေကို ထုတ်ရောင်းခဲ့မှုတွေရှိခဲ့ပေမယ့် ဈေးနှုန်းကိုတော့ ထိန်းမရခဲ့ပါဘူး။
Photo – Mawkun
#Dailynews

