မိုးကုတ်မြို့ ဗုံးကြဲခံရပြန်၊ အရပ်သားလေးဦးသေဆုံး

မိုးကုတ်မြို့ ဗုံးကြဲခံရပြန်၊ အရပ်သားလေးဦးသေဆုံး

မိုးကုတ်- ၂၀၂၅ ဇူလိုင် ၈ (မော်ကွန်း)

တအာင်းတပ်(TNLA)နဲ့ မဟာမိတ်တပ်တွေတပ်တွေသိမ်းထားတဲ့ ပတ္တမြားမြို့တော်၊ မိုးကုတ်မြို့အနောက်ပိုင်းက ဂေါင်းဦးဘာရပ်ကွက်ကို ဒီမနက် ၉း၀၀ နာရီဝန်းကျင်မှာ စစ်ကောင်စီလေတပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လေးဦး သေဆုံးပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိတယ်လို့ ဒေသခံတချို့နဲ့ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

” လက်နက်ကြီးစ၊ ဗုံးစ ထိပြီးသေတာတော့ အမျိုးသမီးနှစ်ယောက်၊ အမျိုးသားတစ်ယောက်ပါ။ တစ်ယောက်က ဗုံးကြဲတဲ့ အသံကို ကြောက်လန့်ပြီး နှလုံးရပ် သေသွားတာပါ” လို့ မိုးကုတ်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့က(ပ.က.ဖ)တာဝန်ရှိသူတစ်ဦးက မော်ကွန်းကို ပြောပါတယ်။

ဗုံးကြဲတဲ့ပေါက်ကွဲသံတွေကြောင့် ဂေါင်းဦးဘာ မူလတန်းကျောင်းက ကလေးတချို့ ကြောက်လန့်သတိမေ့တာတွေ ဖြစ်ခဲ့ပေမယ့် စာသင်ကျောင်းကို ထိခိုက်မှုမရှိဘူးလို့ သူက ပြောပါတယ်။

TNLA ကတော့ ဒီမနက်မှာ စစ်ကောင်စီလေကြောင်း တိုက်ခိုက်မှုကြောင့် သူတို့ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ကျောက်မဲ မြို့မှာ တစ်ဦးသေ၊ လေးဦးဒဏ်ရာရခဲ့သလို မန္တလေးတိုင်းက မိုးကုတ်မြို့မှာ သုံးဦးသေကာ ရှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဒီနေ့လယ်ပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် မိုးကုတ်မြို့မှာ အိမ် ဆယ်လုံးနဲ့ ကျောက်မဲမြို့မှာ အိမ်ခုနှစ်လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့၊ ကျပ်ပြင်ရပ်ကွက်မှာ နေသူတစ်ဦးကတော့ လေယာဉ်သံအကျယ်ကြီးနဲ့အတူ ပေါက်ကွဲသံအကျယ်ကြီးကို ဒီမနက်ကြားလိုက်ရတယ်လို့ ပြောပါတယ်။

” ရာသီဥတုက မိုးအုံ့ပြီး မှိုင်း(မြူဆိုင်း)တွေနဲ့ … အဲဒါကိုလာကြဲသွားတယ်၊ ထိခိုက်ဒဏ်ရာရသူက များတယ်” လို့ သူကြားတာကို ပြန်ပြောပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကတော့ ၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ စစ်တပ် အာဏာသိမ်းချိန်က စပြီး ဒီနှစ်ဇွန်လကုန်အထိ နိုင်ငံတဝန်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁,၅၀၅ ဦး အထိ သေဆုံးထားရတာကို အမည်နဲ့တကွ အတည်ပြုထားနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါအပြင် အတည်ပြုဖို့ လိုအပ်နေဆဲ သေဆုံးသူ အနည်းဆုံး ၁,၃၄၉ ဝန်းကျင်ကို သီးခြားစာရင်းပြုစုထားတယ်လို့ ဆိုပါတယ်။

ပဋိပက္ခစောင့်ကြည့်လေ့လာနေတဲ့ ISP -မြန်မာ အဖွဲ့ကတော့ အာဏာသိမ်းပြီးကတည်း စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းမှာ လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ်ရေ ၈၀,၀၀၀ ကျော် ပြုလုပ်ထားပြီး စစ်ကိုင်းငလျင်ကြီးဘေသင့်ပြီး နောက်ပိုင်းမှာတင် နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု ၇၀၀ ကျော် ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။



ပုံစာ – ယနေ့ မိုးကုတ်မြို့ဂေါင်းဦးဘာရပ်ကွက်ဗုံးကြဲခံရပြီး ပျက်စီးမှုမြင်ကွင်း

ဓါတ်ပုံ – မိုးကုတ် ပ.က.ဖ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."