ရန်ကုန် – ၂၀၂၃ ဒီဇင်ဘာ ၈ (မော်ကွန်း)
ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံ အရပ်သားတွေ ဆက်တိုက်ဖမ်းဆီးခံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရခိုင်ပြည်နယ်အတွင်း လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေ၊ ဧည့်စာရင်းစစ်တာတွေ ဆက်တိုက်လုပ်ဆောင်လာနေပြီး အရပ်သားလူငယ်အများအပြား ဖမ်းဆီးခံနေရတယ်လို့ ရခိုင်ဒေသခံတွေက ပြောပါတယ်။
စစ်တွေမြို့က ဒေသခံတစ်ဦးကတော့ မနေ့ညပိုင်းကပဲ စစ်တွေမြို့ပေါ်မှာ အရပ်သားအချို့ ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။
“မနေ့က ညဘက် အပြင်ထွက်နေတဲ့သူတွေ ဖမ်းသွားတာ။ သေနတ်တွေလည်းဖောက်တယ်။ အတိအကျမသိပေမယ့် ဖမ်းသွားတာတော့ သတင်းကြားတယ်။ အခုတောက်လျှောက် လူငယ်တွေ၊ လူလတ်ပိုင်းတွေဆိုရင် အပြင်မထွက်ရဲကြတော့ဘူး။ တွေ့ရင်ဖမ်းတယ်။ စစ်ဆေးရင်လည်း ရိုက်လားမောင်းလားလုပ်တာတွေလည်းရှိတယ်” လို့ အဲ့ဒီ ဒေသခံက ပြောပါတယ်။
အလားတူပဲ ကျောက်တော်မြို့မှာ နေထိုင်သူတစ်ဦးကလည်း စစ်ကောင်စီတပ်တွေဟာ ရခိုင်လူငယ်တွေရဲ့ ဖုန်းတွေကို စစ်ဆေးပြီး AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးမှုတွေရှိနေတယ်လို့ ပြောပါတယ်။
“လူတွေတော့ တော်တော်လေး ကျီးလန့်စားစားပဲ။ ကြောက်နေရတာပေါ့။ အိမ်ထဲကမထွက်ရဲဘူး။ ညဘက်ဆိုလည်း ညမထွက်ရအမိန့်ကျော်တယ်ဆိုပြီး ဖမ်းတာတွေ ရှိတယ်။ ပြီးတော့ ဟိုဘက်ရွာ ဒီဘက်ရွာကူးတာတောင် လမ်းမှာ စစ်ဆေးရေးနဲ့ တွေ့ပြီး အဖမ်းခံရသူတွေလည်းရှိတယ်” လို့ ၎င်း ကျောက်တော်ဒေသခံက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တစ်ကျော့ပြန်စစ်ပွဲစတင်တဲ့ နိုဝင်ဘာ ၁၃ ရက်ကစပြီး လက်ရှိအချိန်အထိ မတရား ဖမ်းဆီးခံရတဲ့ဒေသခံ ရာနဲ့ချီရှိလာပြီဖြစ်တယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေက သတင်းဖော်ပြပေမယ့် အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
ရခိုင်တိုက်ပွဲ တစ်လနီးပါး ကာလအတွင်းမှာ စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့ ဒေသခံ ၁၁၀ ဦးကျော်ထိ ရှိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယခုလ ၄ ရက်မှာ ရခိုင်သတင်းဌာနတွေကို ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်က နိုင်ငံရေးသမားအချို့လည်း ဖမ်းဆီးခံရတာတွေရှိနေပြီး သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ငြိမ်းချမ်းရေးအစီအစဉ်နဲ့ ဘင်္ဂလားဒေ့ရှ်က ပြန်ဝင်လာတဲ့ ရခိုင်နိုင်ငံရေးသမားဟောင်း ဦးဖိုးလှကို စစ်ကောင်စီတပ်က ယခုလ ၂ ရက်က စစ်တွေမြို့မှာ ဖမ်းဆီးသွားပါတယ်။
အလားတူပဲ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ် အစရှိတဲ့ မြို့နယ်တွေမှာလည်း ရခိုင်လူငယ်တွေ ဖမ်းဆီးခံနေရတယ်လို့ ရခိုင်ဒေသတွင်း သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ရက္ခိုင့်တပ်တော် (AA) ဟာ ရခိုင်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဒေသတွင်း ဗျူဟာအရ အရေးပါတဲ့စခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
တစ်ကျော့ပြန်စစ်ပွဲ စတင်တဲ့ရက်မှာပဲ စစ်ကောင်စီဟာ ရခိုင်ဒေသကို အသွားအလာကန့်သတ်လိုက်တာကြောင့် ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှုတွေလည်း ရပ်တန့်နေကာ အခြေခံစားသောက်ကုန်တွေရဲ့ ဈေးနှုန်းတွေဟာလည်း မြင့်တက်နေတာပါ။
ယခုလ ၄ ရက်က ချင်းပြည်နယ် ပလက်ဝဒေသအနီးက စစ်ကောင်စီတပ်ရဲ့ တရွန်အိုင်ဗျူဟာကုန်းကို AA က သိမ်းပိုက်ခဲ့ပြီးနောက် နောက်ထပ် ဗျူဟာအရ အရေးပါတဲ့ နှုံးဘူးဗျူဟာကုန်းကိုလည်း လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ ရက္ခိုင့်တပ်တော် (AA) က မနေ့က ထုတ်ပြန်ထားပါတယ်။
ပုံစာ – ကျောက်တော်-ပလက်ဝ ပြေးဆွဲနေတဲ့ ရေယာဉ်တစ်စီးကိုတွေ့ရစဉ်
ဓာတ်ပုံ – ရခိုင်ပြည်နယ် ပြန်/ဆက်

