မိုးကုတ် – ၂၀၂၅ ဩဂုတ် ၁၇ (မော်ကွန်း)
မန္တလေးတိုင်း၊မိုးကုတ်မြို့အရှေ့ပိုင်း အရှေ့ဗိုလ်ကုန်းရပ်ကွက်ကို စစ်ကောင်စီတပ်က ဒီနေ့နံနက် ၉း၀၀ နာရီအချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် လမ်းသွားလမ်းလာ ကလေးတစ်ဦးအပါ သုံးဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်း၊ အရှေ့ဗိုလ်ကုန်းရပ်ကွက်၊ စစ်တပ်ဗျူဟာကုန်းအောက်ဘက်ရှိ ပတ္တမြားငမောက်တည်းခိုခန်းမှာ ဗုံးတစ်လုံး၊ မြန်မာ့စီးပွားရေးဘဏ်အနီးမှာ ဗုံးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာလို့ မြို့အရှေ့ပိုင်း ဒေသခံတစ်ဦးကပြောပါတယ်။
” ပတ္တမြားငမောက်ထဲတစ်လုံး၊ စီးပွားရေးဘဏ်နား တစ်လုံးကျတာ၊ ပတ္တမြားငမောက်တည်းခိုခန်းနဲ့ စီးပွားရေး ဘဏ်ကလမ်းပဲခြားတာ၊ အဲ့လမ်းမှာသွားနေသူကလေးနဲ့ လူကြီးတစ်ဦးသေဆုံးတယ်၊ အဲ့နားမှာ ကောက်ညှင်းပေါင်းရောင်းသူတစ်ယောက်ရှိတယ်၊ သူကျ အစအနကိုမတွေ့ရသေးဘူး”လို့ စစ်တန်းရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တစ်ဦး၊ ဂေါ်ရခါးလူကြီးတစ်ဦး၊ အမည်မသိရသေးသူတစ်ဦး ပါတယ်လို့ဒေသခံတွေကပြောပါတယ်။
မိုးကုတ်မြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်ဗုံးကြဲလို့ ဒီလ ၂ရက်မှာ ပြည်သူ ၁၂ဦး၊ ၉ ရက်မှာ ငါးဦး၊ ၁၄ ရက်မှာ ၂၁ ဦး သေဆုံးခဲ့ရပြီးပါပြီ။
ဒီနေ့ စစ်ကောင်စီဗုံးကြဲမှုနဲ့ဆိုရင် အခုနှစ် ဇူလိုင်၊ ဩဂုတ်နှစ်လပေါင်း မိုးကုတ်မြို့မှာ အရပ်သား သေဆုံးသူဟာ ၆၀ ကျော်ရှိလာနေပါတယ်။
စစ်ကောင်စီတပ်ဟာ ဒီနေ့မှာပဲ ကရင်နီပြည်၊ ဖားဆောင်း၊ မော်ချီးဒေသက ဆေးရုံတစ်လုံးနဲ့ ချင်းပြည်၊ ကန်ပက်လက်မြို့တွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါသေးတယ်။

ပုံစာ – ဒီနေ့ဗုံးကြဲတိုက်ခိုက်ခံရမှုမှာ သေဆုံးသွားတဲ့အရပ်သားတွေနဲ့ အပျက်အစီးမြင်ကွင်းများ
ဓါတ်ပုံ – မိုးကုတ်ဗျူဟာ

