ရန်ကုန် – ၂၀၂၄ ဖေဖော်ဝါရီ ၂၃ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းကနေ အရှေ့ပိုင်းကို ဆက်သွယ်ထားတဲ့ အဓိကနယ်စပ်ကုန်သွယ်ရေးကားလမ်းတစ်ခုဖြစ်တဲ့ တောင်ကြီး-ဟိုပုံး-လွိုင်လင်လမ်းပေါ်က တိုက်ပွဲတွေကြောင့် လမ်းပိတ်ထားတာလေးရက် ကြာလာပြီးနောက် ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေ အဆိုပါ လမ်းပေါ်မှာ ပိတ်မိနေပါတယ်။
တောင်ကြီး-လွိုင်လင် လမ်းပေါ်မှာရှိတဲ့ မိုင်းပွန်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)နဲ့ ပူးပေါင်းတပ်တွေ ဒီလ ၂၀ ရက်ကစပြီး တိုက်ပွဲတွေ စတင်ဖြစ်ပွားခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားတဲ့ ရက်ကစပြီး စစ်ကောင်စီတပ်က အဆိုပါလမ်းကြောင်းကို ပိတ်ဆို့ထားကာ ကုန်တင်ယာဉ်တွေ၊ ခရီးသည်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေပါ မိုင်းပွန်မြို့မှာ ပိတ်မိနေတယ်လို့ ဒေသခံတွေနဲ့ ယာဉ်မောင်းတွေက ပြောကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းကထွက်တဲ့ ပြောင်းတွေတင်ပြီး ရန်ကုန်ဘက်ကိုဆင်းလာတဲ့ ကုန်တင်ယာဉ်မောင်းတစ်ဦးကတော့ သူတို့ကားဟာ မိုင်းပွန်မြို့မှာ ပိတ်မိနေတာ နှစ်ရက်ရှိနေပြီး လက်နက်ကြီးပစ်ခတ်သံတွေ၊ လေယာဉ်သံတွေ ကြားရတယ်လို့ ဒီနေ့မှာ ပြောပါတယ်။
” လောလောဆယ်တော့ မြို့ထဲမှာရော၊ အပြင်ဘက်တွေမှာပါ ပိတ်နေတဲ့ ကားတွေ အများကြီးပဲ။ ဘာကားမှပေးမဖြတ်ဘူး။ မြို့ပေါ်မှာလည်း လူတွေနည်းသွားပြီ၊ တချို့တလေတော့ ရှိသေးတယ်” လို့ ၎င်းယာဉ်မောင်းက ပြောပါတယ်။
ရှမ်းမြောက်ပိုင်းလမ်းပိုင်းကနေ မူဆယ်နယ်စပ်ဂိတ်ကို ဖြတ်ပြီး တရုတ်နိုင်ငံကို ဖရဲ၊သခွါးရောင်းချနေရာကနေ ၁၀၂၇-စစ်ဆင်ရေးကြောင့် အဲဒီလမ်းပိုင်းပိတ်သွားတဲ့အတွက် တောင်ကြီး- ကျိုင်းတုံ- မိုင်းလားလမ်းပိုင်းကတစ်ဆင့် တင်ပို့နေတဲ့ ကုန်သည်တစ်ဦးကတော့ မိုင်းပွန်တိုက်ပွဲကြောင့် လမ်းပိုင်းပေါ်မှာ ပိတ်မိနေတဲ့ ဖရဲ၊သခွါးကား တစ်ရာကျော်ရှိနေတယ်လို့ ပြောပါတယ်။
“ လက်ရှိကတော့ တိုးဂိတ်တွေက ပိတ်ထားတော့ လမ်းမှာရှိနေတဲ့ ကားတွေကတော့ ရှေ့တိုးမရ၊ နောက်ဆုတ်မရဖြစ်နေတယ်။ တင်နေတဲ့ ကားတွေကိုလည်း ဆက်မတင်ဖို့ရပ်ခိုင်းထားရတယ်” လို့ အထက်ပါကုန်သည်က ပြောပါတယ်။
၎င်းလမ်းကြောင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်နယ်မြို့တော် တောင်ကြီးကနေ လွိုင်လင်- နမ့်စန်-ခိုလမ်-မိုင်းပျဉ်း-ကျိုင်းတုံ- တာချီလိတ်အထိသွားနိုင်ပြီ လာအို-ထိုင်း- တရုတ်နိုင်ငံတို့နဲ့ ကုန်သွယ်ရေးပြုလုပ်နိုင်တဲ့ ပြည်ထောင်စုအဆင့်လမ်းပိုင်းဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းက မန္တလေး- မူဆယ်လမ်းကြောင်း တိုက်ပွဲတွေကြောင့် ပိတ်နေတဲ့ ကာလတစ်လျှောက်မှာ တရုတ်နိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးမှာ ဒီလမ်းပိုင်းကို ကုန်သည်တွေက အဓိကထားအသုံးပြုနေရာတာပါ။
လက်ရှိမှာ အဆိုပါလမ်းကြောင်းကို အသုံးပြုမယ့် ယာဉ်တွေကို စစ်ကောင်စီဟာ တောင်ကြီးအဝင် အေးသာယာတိုးဂိတ်၊ တောင်ကြီးအထွက် လေးမိုင် စစ်ဆေးရေးဂိတ်၊ ဟိုပုံးတိုးဂိတ်နဲ့ မိုင်းပွန်မြို့ တွေမှာ ပိတ်ဆို့ဟန့်တားထားတယ်လို့ ယာဉ်မောင်းတွေက ပြောပါတယ်။
မိုင်းပွန်မြို့အနီးက ကျေးရွာတွေနဲ့ တောင်ကုန်းတွေမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း အဲဒီကျေးရွာတွေနဲ့ တောင်ကုန်းတွေကို လက်နက်ကြီးတွေနဲ့ လေယာဉ်တွေအသုံးပြုပြီး ပစ်ခတ်နေတယ်လို့ မိုင်းပွန်ဒေသခံတစ်ဦးက ပြောပါတယ်။
PNLA နဲ့ တော်လှန်ရေးအင်အားစုတွေပါဝင်တဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လမှာ ရှမ်းပြည်နယ်တောင်ပိုင်းက ဆီဆိုင်မြို့ကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဆီဆိုင်မြို့နဲ့ ပတ်ဝင်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးတိုက်ခိုက်လာပြီး ဆီဆိုင်မြို့နယ်နဲ့ ဟိုပုံးမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေရာက အခုတော့ လွိုင်လင်မြို့နယ်ထဲအထိ ကျယ်ပြန့်လာတာပါ။
ပုံစာ – မိုင်းပွန်မြို့တွင်း ပိတ်မိနေတဲ့ ကုန်တင်ယာဉ်များ
ဓာတ်ပုံ – May Mi

