ရန်ကုန်- စက်တင်ဘာ ၆ (မော်ကွန်း)
နိုင်ငံခြားငွေဝယ်ရောင်းဈေးကွက်အတွင်း အဖမ်းအဆီးကြမ်းနေပြီး အမေရိကန်ဒေါ်လာဈေးကလည်း ရက်ပိုင်းအတွင်း ကျဆင်းသွားတယ်လို့ နိုင်ငံခြားငွေအရောင်းအဝယ်ပြုလုပ်သူတွေဆီက သိရပါတယ်။
ကန်ဒေါ်လာဈေးဟာ ဩဂုတ်လကုန်ပိုင်းမှာ တစ်ဒေါ်လာကို ၃,၈၀၀ ကျပ်၊ ၃,၉၀၀ ကျပ် ဝန်းကျင်မှာ ရှိနေရာက ယခုလဆန်းပိုင်းကစပြီး စတင်ကျဆင်းခဲ့ပြီး လက်ရှိမှာတော့ တစ်ဒေါ်လာကို ၃,၅၀၀ ကျပ်ဝန်းကျင်ထိ ပြန်လည်ကျဆင်းခဲ့တယ်လို့ ငွေကြေးဈေးကွက် စောင့်ကြည့်လေ့လာသူတွေဆီက သိရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်နဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စသုံးလုံး) တို့ ပူးပေါင်းကာ ဈေးကွက်အတွင်း ဒေါ်လာငွေအရောင်းအဝယ်ပြုလုပ်သူတွေကို အသွင်ယူဖမ်းဆီးမှုတွေရှိလာပြီးနောက် အရောင်းအဝယ်တွေလည်း ရပ်တန့်နေတယ်လို့ ဒေါ်လာဝယ်ရောင်းလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။
“ဒီရက်ပိုင်းမှာ သူတို့က အသွင်ယူပြီးတော့ဖမ်းဆီးလာတယ်၊ ဝယ်ချင်တယ်ဘာညာ အသွင်ယူပြီးဖမ်းတာတွေ ဆက်တိုက်ရှိလာတယ်။ အဲ့ဒါမှာအရောင်းအဝယ်တွေလည်းရပ်ကုန်ပြီး ပြန်ထိန်းသွားတယ်။ ဈေးလည်း နည်းနည်းချင်းပြန်ကျလာတာပေါ့” လို့ ၎င်းက ပြောပါတယ်။
ဒေါ်လာအရောင်းအဝယ်ပြုလုပ်သူတွေကို ဖမ်းဆီးနေတဲ့အပြင် စစ်ကောင်စီရဲ့ ဗဟိုဘဏ်အနေနဲ့ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်ရည်ညွှန်းဈေး တစ်ဒေါ်လာ ၂,၁၀၀ ကျပ်ဝန်းကျင်နဲ့ ထုတ်ရောင်းချမှုတွေကို ယခုရက်ပိုင်းအတွင်း ပြုလုပ်လာတဲ့အတွက် ဒေါ်လာဈေးပြုတ်ကျလာတာဖြစ်တယ်လို့ ငွေကြေးဈေးကွက်လေ့လာသူတွေက သုံးသပ်ထားပါတယ်။
လက်ရှိ စစ်ကောင်စီရဲ့ ဒေါ်လာအရောင်းအဝယ်လုပ်ကိုင်သူတွေကို ဖမ်းဆီးနေတဲ့ နည်းလမ်းဟာ ရေတိုဖြေရှင်းနည်းတစ်ခုသာဖြစ်ပြီး ရေရှည်အတွက်အတွက် အဆင်ပြေလာမှာမဟုတ်ဘူးလို့ ငွေလဲလှယ်ရေးလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက သုံးသပ်ပါတယ်။
“သူတို့ဖြေရှင်းနည်းက ဈေးတက်ရင်ဖမ်းဆိုတဲ့ နည်းလမ်းနဲ့ ဖြေရှင်းနေတာပေါ့၊ အဲ့ဒီအခြေအနေက ခဏတာပဲ ရမယ်ဗျ။ ဟိုးစစ်အစိုးရလက်ထက်တွေတုန်းကလည်း ဒီလိုနည်းလမ်းသုံးခဲ့တာပဲ။ ဗဟိုကချုပ်ကိုင်တဲ့ နည်းလမ်းပေါ့။ ဟိုးတုန်းက စစ်အစိုးရလက်ထက်က စီးပွားရေးစနစ်ဟောင်းကို ပြန်သွားနေတာပေါ့။ ဒါပေမယ့် ဒီနေ့ခတ်စီးပွားရေးဈေးကွက်က အဲ့ဒီလိုမဟုတ်တဲ့အတွက် ရေတိုအတွက်ပဲရမယ်။ မဟုတ်ရင်လည်း ဈေးကွက်ပါပျက်သွားမယ်”လို့ ၎င်းက ပြောပါတယ်။
စစ်ကောင်စီလက်ထက်မှာ နိုင်ငံခြားငွေလဲလှယ်ခွင့် လိုင်စင်ရ ကုမ္ပဏီပေါင်း ၄၅ ခုထိ ဗဟိုဘဏ်ညွှန်ကြားချက်ကို မလိုက်နာလို့ဆိုကာ လိုင်စင်ပိတ်သိမ်းခံထားရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဗဟိုဘဏ်အနေနဲ့ ဒေါ်လာကိုင်ဆောင်မှုကိုလည်း ကန့်သတ်တဲ့အမိန့်ထုတ်ပြန်ထားပြီး ပြည်သူတစ်ဦးကို ဒေါ်လာနှစ်သောင်း၊ ခြောက်လထိ ကိုင်ဆောင်ခွင့်ပေးထားပြီး ခြောက်လကျော်တာနဲ့ ပြန်လည်အပ်နှံတာ၊ ရောင်းချတာတွေ လုပ်ဆောင်ရမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့လပိုင်းက ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်းကို ထိန်းသိမ်းဖို့ဆိုကာ ကုန်သည်တွေကိုလည်း ဖမ်းဆီးစစ်ဆေးမှုတွေ ပြုလုပ်နေပြီး ပြီးခဲ့တဲ့သီတင်းပတ်ကပဲ လိုင်စင်ရဆီကုန်သည်ကြီးအချို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။
Photo – TMA
#Dailynews

