ရန်ကုန် – ၂၀၂၅ စက်တင်ဘာ ၃ (မော်ကွန်း)
ပြီးခဲ့တဲ့လ (ဩဂုတ်) တစ်လအတွင်းမှာ တအာင်းတပ် (TNLA) ထိန်းချုပ်မြို့တွေကို စစ်ကော်မရှင်က လေကြောင်းက ဗုံးကြဲတာတွေကြောင့် သေဆုံးသူ ၄၆ ဦးထိ ရှိခဲ့တယ်လို့ TNLA က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဩဂုတ်လတစ်လအတွင်းမှာ TNLA တပ်တွေ စိုးမိုးထားတဲ့ ရှမ်းမြောက်က ကျောက်မဲ၊ မိုင်းငေါ့၊ သီပေါ၊ မိုင်းလုံမြို့တွေနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့တွေကို စစ်ကော်မရှင်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတို့နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒီတိုက်ခိုက်မှုတွေမှာ သံဃာတော်၊ သီလရှင်၊ ကလေးငယ်တွေအပါအဝင် ပြည်သူလူထု ၄၆ ဦးသေဆုံးကာ ၅၅ ဦး ထိခိုက်ဒဏ်ရာရသွားပြီး နေအိမ်ပေါင်း ၁၀၀ ကျော် နဲ့ အခြားအဆောက်အဦတချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ ၂၉ ရက်ကလည်း စစ်ကော်မရှင်တပ်ဟာ ကျောက်မဲခရိုင်ထဲက မြို့နယ်ခွဲတစ်ခုဖြစ်တဲ့ မိုင်းလုံမြို့ ပန်းသပြေရွာကို လေကြောင်းကဗုံးကြဲခဲ့တာကြောင့် သီလရှင်၊ သံဃာတော်နဲ့ ဒေသခံတချို့ ထိခိုက်သေဆုံးခဲ့ပြီး နေအိမ်တွေနဲ့ သာသနိကအဆောက်အအုံတချို့ ပျက်စီးခဲ့ပါသေးတယ်။
လက်ရှိမှာ ကျောက်မဲနဲ့ သီပေါမြို့တွေကို ဗုံးကြဲတာတွေနဲ့ တိုက်ပွဲတွေကြောင့် မြို့ခံအများအပြားဟာ လားရှိုးမြို့ဘက်ကို တိမ်းရှောင်နေကြရပြီး စစ်ဘေးရှောင် ၅၀၀ ခန့် လားရှိုးမှာ ရောက်နေတယ်လို့ စစ်ရှောင်တချို့က ပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်တုန်းကလည်း TNLA ဝင်တိုက်တုန်းကလည်း ရှောင်ရတယ်။ အခုလည်း ထပ်ပြီးရှောင်ရတာပေါ့။ တချို့ဆိုရင် နှစ်နှစ်ခွဲ သုံးနှစ်လောက်ရှိပြီ မြို့ပေါ် ပြန်မလာတော့ဘူး” လို့ ကျောက်မဲစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
ကျောက်မျက်ရတနာ လုပ်ကွက်ရှိတဲ့ မိုးကုတ်မြို့ကိုလည်း ပြီးခဲ့တဲ့လပိုင်းက စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဆက်တိုက်တိုက်ခိုက်ခဲ့ပြီး လူအစုအလိုက်အပြုံလိုက် သေဆုံးမှုတွေလည်း ရှိခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် ပြီးခဲ့တဲ့နှစ်လအတွင်း မိုးကုတ်မြို့မှာ အရပ်သား ၆၀ ကျော် သေဆုံးခဲ့ပါတယ်။
လက်ရှိမှာ စစ်ကော်မရှင်တပ်ဟာ တအာင်းတပ်သိမ်းထားတဲ့ မိုးကုတ်နဲ့ ကျောက်မဲမြို့တွေကို ပြန်ရဖို့ မြေပြင်မှာလည်း စစ်ကြောင်းတွေပို့လွှတ်နေပြီး နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတာပါ။
ပုံစာ – စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်လို့ ပျက်စီးသွားတဲ့ အဆောက်အအုံမှတ်တမ်းတချို့
ဓါတ်ပုံ – TNLA

