ရန်ကုန် – ၂၀၂၃ စက်တင်ဘာ ၂၉ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာရှိတဲ့ နမ့်ခမ်းမြို့မဌာနေ ပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ စစ်ကောင်စီက ဒီနေ့ထုတ် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်ထားပါတယ်။
ယခုလ ၁၀ ရက်နေ့က အာဏာသိမ်းစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသက ဌာနေပြည်သူ့စစ်ခေါင်းဆောင်တွေနဲ့ လားရှိုးမြို့မှာတွေ့ဆုံခဲ့ပြီးနောက် အခုလို ပြည်သူ့စစ်တွေကို လက်နက်တပ်ဆင်လာတာဖြစ်ပါတယ်။
စစ်ကောင်စီခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့တဲ့ ပြည်သူ့စစ်အဖွဲ့တွေထဲမှာ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေစိုက်တဲ့ နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့၊ ပန်းဆေးပြည်သူ့စစ်အဖွဲ့၊ မန်ပန်ပြည်သူ့စစ်အဖွဲ့၊ စိန်ကြော့ပြည်သူ့စစ်အဖွဲ့၊ မုံးစီး ပြည်သူ့စစ်အဖွဲ့နဲ့ ထင်ပါကျိုင်း ပြည်သူ့စစ်အဖွဲ့တို့ ပါဝင်ပါတယ်။
နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ကို လက်နက်တွေ တပ်ဆင်အပ်နှင်းခြင်းနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုဆုငွေ ပေးအပ်ခြင်းကို ယခုလ ၂၈ ရက်မှာ လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရုံးမှာ ပြုလုပ်ခဲ့ပြီး စစ်ကောင်စီ ဘက်က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်အောင်၊ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးတို့ တက်ရောက်ကာ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင်တွေ တက်ရောက်ကြတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ ထုတ်ပြန်လာတဲ့ ပြည်သူ့စစ်အဖွဲ့ဟာ နမ့်ခမ်းနဲ့ မူဆယ်ဒေသတွေမှာ လှုပ်ရှားတဲ့ ဦးအိုက်ဆမ် ဦးဆောင်တဲ့ နမ့်ခမ်းမြို့မ ပြည်သူ့စစ်အဖွဲ့ဖြစ်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအခြေစိုက်တဲ့ တက်ကြွလှုပ်ရှားသူတစ်ဦးကတော့ “လက်ရှိမှာ ရှမ်းမြောက်ဘက်မှာ TNLA က ဒေသခံ PDF တွေနဲ့ ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်လာတယ်။ စစ်တပ်နဲ့လည်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်လာတယ်။ သူတို့က အဲ့ဒီအခြေအနေကို ထိန်းဖို့ ပြည်သူ့စစ်တွေကို ပြန်အသုံးချဖို့လုပ်လာတာပေါ့။ အခု သူတို့နဲ့ တွေ့နေတဲ့ ပြည်သူ့စစ်တွေဟာ မူဆယ်တို့ နမ့်ခမ်းတို့မှာ အရင်တည်းက စစ်တပ်နဲ့ ပူးပေါင်းပြီး လှုပ်ရှားနေတဲ့ အဖွဲ့တွေပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ နမ့်ခမ်းပြည်သူ့စစ်အဖွဲ့ကို လက်နက်အရေအတွက် ဘယ်လောက်ထိ ထုတ်ပေးခဲ့တယ်ဆိုတာကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခြင်းမရှိပါဘူး။
လက်ရှိမှာ ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသတွေဖြစ်တဲ့ မူဆယ်၊ နမ့်ခမ်း ဒေသတွေနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်တို့မှာ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) လက်နက်ကိုင်အဖွဲ့ နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
ပုံစာ – နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့ကို စစ်ကောင်စီက လက်နက်ပေးအပ်နေပုံ
ဓာတ်ပုံ – MOI
#Dailynews

