ရန်ကုန်- ၂၀၂၃ ၊ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်နဲ့ခင်ဦးမြို့နယ်မှ စကစ စစ်ကြောင်းနှစ်ခု ဒီမနက်ပိုင်းက ခင်ဦးမြို့နယ်ထဲက မန်ကျည်းအုပ်ကျေးရွာကိုဝင်ရောက်ဖျက်ဆီးမီးရှို့တာကြောင့် အနီးအနားရွာတွေက ဒေသခံသုံးထောင်ကျော်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ တာဝန်ခံကပြောပါတယ်။
မြင်းဒေါင်း၊ သရပ်ပင်စု၊ မန်ကျည်းအုပ်၊ အင်ဒိုင်းလေး(တောင်) (မြောက်) ကျေးရွာမှ ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတာပါ။
“လယ်ကွင်းတွေထဲတိမ်းရှောင်နေကြရတာ။ လက်နက်ကြီးပစ်ရင်အကုန်ထိကုန်မှာ။ တစ်ချို့ဆိုမနေ့ကရှောင်လာကြတာ။ စားဝတ်နေရေးကတော့လောလောဆယ်ထောက်ပံ့ပေးနိုင်သေးတယ်” လို့ ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
အခုသရက်ပင်စုကျေးရွာထဲရောက်နေတဲ့စစ်ကြောင်းဟာမနေ့ကခင်ဦးမြို့နယ်ထဲမှ အိမ်ခြေ ၄၀၀ ခန့်ရှိတဲ့တဲစုကျေးရွာက်ိုလက်နက်ကြီးလက်နက်ငယ်ပစ်ကာ နေအိမ် ၁၈ လုံးကိုဖျက်ဆီးမီးရှို့ခဲ့ပါသေးတယ်။
အဲဒီစစ်ကောင်စီတပ်သား ၁၀၀ ကျော်ပါတဲ့စစ်ကြောင်းဟာ လက်ရှိ သရပ်ပင်စုကျေးရွာရှ်ိ အလင်းရောင်ဘုန်းကြီးကျောင်းမှာစခန်းချထားတယ်လို့ဆိုပါတယ်။
လက်ရှိရွာငါးရွာထဲက လေးရွာဟာ ပြီးခဲ့တဲ့လပိုင်းလောက်ကလည်း နေအိမ် ၂၀၀ နီးပါးမီးရှို့ခံထားရတယ်လို့ ခင်ဦးမြို့နယ်ပြန်ကြားရေးအဖွဲ့တာဝန်ခံကပြောပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီးချိန်ကစပြီး မနေ့ကအထိ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၆၆ ရွာမှ နေအိမ် လေးထောင်ကျော်မီးရှို့ခံထားရတယ်လို့ခင်ဦးမြို့နယ်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။
ပုံ – ယမန်နေ့ကတဲစုကျေးရွာကို ကောင်စီစစ်ကြောင်းဖျက်ဆီးမီးရှို့ထားတဲ့မြင်ကွင်း
Photo: Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

