ကလေး – ၂၀၂၁ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
ကလေးမြို့ ၊ နတ်ချောင်းနဲ့နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက် အပြီး ကျေးရွာတွေထဲကနေ ပြန်ထွက်မသွားဘဲ ဆက်လက်တပ်စွဲ၊ ဖမ်းဆီး၊ တိုက်ခိုက်နေတာတွေပြုလုပ်နေကာ လမ်းပန်းဆက်သွယ်ရေးလမ်းကြောင်းတွေကိုပါ ပိတ်ဆို့ထားလို့ ဒေသခံတွေ စားနပ်ရိက္ခာအခက်အခဲ ကြုံတွေ့နေရကြောင်း ဒေသခံသတင်းရင်းမြစ်က မော်ကွန်းကို ပြောပါတယ်။
“ကလေးမြို့ကပဲဖြစ်ဖြစ် ဘယ်ဘက်က လာလာ လမ်းမပေါ်မှာ တပ်စွဲထားတယ်” လို့ ဒေသခံက ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်း ကရင်ပြည်နယ် ၊ လေးကေ့ကော်မြို့သစ်ကို အာဏာသိမ်းစစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ချိန်မှာပဲ စစ်ကိုင်းတိုင်းက ကျေးရွာတွေ တချို့လည်း ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခံရကာ အဲဒီအထဲ ကလေးမြို့က နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေလည်း ပါဝင်ခဲ့ပါတယ်။
ရွာတွေကို လေကြောင်းက ပစ်ခတ်ပြီးချိန်မှာလည်း မြေပြင်မှာရှိတဲ့ စစ်ကောင်စီအဖွဲ့က ပြည်သူတွေရဲ့ နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့ပါသေးတယ်။
” ခင်အေးတိုက် (အရပ်အခေါ် ရပ်ကွက်အမည်) ဘက်မှာ နေအိမ် ၁၄ လုံးလောက် မီးရှို့ခံရတယ်” လို့ သတင်းရင်းမြစ်ကပြောပါတယ်။
ပစ်သတ်ခံရတဲ့ ပြည်သူတွေရဲ့ အလောင်းတွေကို ရက်အတန်ကြာတဲ့အထိ ကောက်ယူလို့မရဘဲ တချို့ဟာ လမ်းမပေါ်မှာ ဒီအတိုင်းပဲ ရှိနေခဲ့တာပါ။
ဒီကနေ့မှာတော့ နတ်ချောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေဟာ အပြင်ထွက်ပြီး ချင်းပြည်နယ်အစပ်ထိသွားရောက်ကာ ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
စစ်ကောင်စီတပ်တွေ ဒီလို အပြင်ထွက်ချိန် ရွာသားတွေဟာ အလောင်းကောက်သူကောက်၊ နေအိမ်တွေကို ပြန်ကြည့်သူ ပြန်ကြည့်နဲ့ ကျန်ခဲ့တဲ့ ဆန်၊ဆီ ရိက္ခာခြောက်တွေကိုလည်း သွားရောက်သယ်ကြတယ်လို့ ဒေသခံကပြောပါတယ်။
“ခပ်မြန်မြန်ပေါ့ ကျန်တဲ့ ဆန်၊ ဆီ၊ ဆားလေးတွေ ပြန်ယူရတာ သူတို့က ပြောလို့ရတာမဟုတ်ဘူး၊ လူမလာခင် ကျည်ဆန်က အရင်လာတာလေ။ တချို့ကလည်း အိမ်တွေ မီးထဲပါသွားသေးလားပေါ့”လို့ ဒေသခံကပြောပါတယ်။
နတ်ချောင်း၊ နတ်မြောင်းရွာတွေကို အဘက်ဘက်က ဆက်သွယ်ရေးဖြတ်တောက်ထားတာမို့ ကြာလာရင်တော့ တောင့်ခံနိုင်မှာ မဟုတ်ဘဲ စိုးရိမ်ရကြောင်း သူကပြောပါတယ်။
နတ်ချောင်းနဲ့ နတ်မြောင်းရွာတွေဟာ ကလေးမြို့ တောင်ဘက်မှာ ရှိပြီး ချင်းပြည်နယ်နဲ့ နီးကပ်ပါတယ်။
ပုံစာ – နတ်ချောင်း၊ နတ်မြောင်း စစ်ရှောင်ပြည်သူများ။
ဓါတ်ပုံ – Nat Myaung Youth Foundation
#Dailynews

