ရှမ်းမြောက် – ၂၀၂၃ ဧပြီ ၈ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းလုံမြို့က အာဏာသိမ်းစစ်တပ်စခန်းတစ်ခုဖြစ်တဲ့ လယ်ကြီးဂိတ်စခန်းကို မနေ့ မနက်အစောပိုင်းက အမည်မသိလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
” မနေ့မနက်ပိုင်းက ပစ်ခတ်ခံရတာ၊ အကြာကြီးပဲ၊လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်တာ၊လမ်းတွေပိတ်ထားတယ်၊ဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကိုမသိရသေးဘူး”လို့ မိုင်းလုံမြို့ဒေသခံတစ်ဦးကဆိုပါတယ်။
လယ်ကြီးဂိတ်စခန်းဟာ မိုင်းလုံမြို့နဲ့မိုးကုတ်မြို့ကြားက အာဏာသိမ်းစစ်တပ်စခန်းဖြစ်ပြီး တိုက်ပွဲအတွင်း လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူတစ်ဦးသေဆုံးခဲ့တယ်လို့ မိုးကုတ်မြို့ဒေသခံတစ်ဦးကဆိုပါတယ်။
“သေတဲ့သူကအရင်ကမိုးကုတ်မှာနေတာ၊ အရင်ကတော့ပန်းရောင်းတယ်၊ ခုတော့ မိုင်းလုံဘက်ပြောင်းပြီးကြက်သွန်တွေရောင်းတာ၊ သူ့မိန်းမနဲ့ကလေးသုံးယောက်ကျန်ခဲ့တယ်”လို့ မိုးကုတ်မြို့ဒေသခံကဆိုပါတယ်။
သေဆုံးသူရဲ့ရုပ်အလောင်းကို အခုချိန်ထိသယ်ခွင့်မရသေးဘူးလို့ ဒေသခံဆီသိရပါတယ်။
မိုးကုတ်မြို့ကနေ မိုင်းလုံမြို့ကိုသွားတဲ့ လမ်းကိုအာဏာသိမ်းစစ်တပ်က မနေ့ကစတင်ကာ ပိတ််ထားပြီးမနေ့ညပိုင်းအထိလက်နက်ကြီးပစ်သံတွေကြားခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။
အာဏာသိမ်းစစ်တပ်စခန်းကို ဘယ်အဖွဲ့က ဝင်ရောက်ပစ်ခတ်သွားတယ်ဆိုတာကိုမသိရသေးသလို တော်လှန်ရေးအဖွဲ့တွေကလည်း သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။
#Dailynews

