ကျော်ဇေယျ၊ ဒီဇင်ဘာ-၁၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်ပျိုးနေတဲ့ကုမ္ပဏီတွေဟာ ဒေသခံတွေရဲ့ ဓလေ့ ထုံးတမ်း၊ ဓါးမဦးချစိုက်ပျိုးလုပ်ကိုင်နေတဲ့မြေနေရာတွေကို စက်ယန္တရားတွေနဲ့ ဖျက်ဆီးကာ တောင်သူတွေကိုလည်း လက်ရောက် ကျူးလွန်မှုတွေလုပ်နေကြတယ်လို့ ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၃)က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်က ပြောပါတယ်။
“ ဒေသခံများ၏ ဓလေ့ထုံးတမ်းနှင့် ဓါးမဦးချလုပ်ကိုင်စားသောက်နေသည့် မြေနေရာများကို ညှိနှိုင်းဆွေးနွေး ခွင့်ပြုချက် မရှိ ဘဲ စက်ယန္တရားကြီးများဖြင့် စိုက်ပျိုးသီးနှံ နှစ်ရှည်ပင်များကို ထိုးကော်၊ဖယ်ရှာ၊ ကျော်နင်း၊ မီးရှိ့၊ အကျိုးဖျက်ဆီးမှုများနှင့် တောင်သူများအား ရိုက်နှက်မှုများ ပြုလုပ်နေသည်ကို တွေ့ရှိရပါသည်” လို့ ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးမှာ ကိုယ်စားလှယ် ဦးဇယ်ခေါင်က တင်ပြတယ်။
ဝိုင်းမော်မြို့နယ်အတွင်း တရုတ်တစ်ရှူးငှက်ပျောစိုက်ဧက တစ်သိန်းကျော်အထိ ရှိလာနေပြီး ကုမ္ပဏီ ၃၀ ကျော် လုပ်ငန်း လုပ်ကိုင်နေကာ ဒီအထဲမှာ တရားဝင်စိုက်ပျိုးတဲ့ကုမ္ပဏီ တစ်ခုသာ ရှိတယ်လို့ သူက တင်ပြခဲ့တယ်။
တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေရဲ့ ငွေကြေးကျောထောက်နောက်ခံနဲ့ လည်ပတ်ကြတဲ့ ဒီစိုက်ခင်းတွေက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးနဲ့ ပလက်စတစ်စွန့်ပစ်ပစ္စည်းတွေကြောင့် သဘာဝပတ်ဝန်းကျင်တွေ ညစ်ညမ်းကာ ဒေသခံတောင်သူတွေ အကြီးအကျယ်ဒုက္ခရောက်နေကြရတယ်လို့ သူက ပြောပါတယ်။
ဒါ့အပြင် ဒီစိုက်ခင်းတွေက ထွက်သမျှ ငှက်ပျောသီးတွေကို တရုတ်နိုင်ငံဘက်က ကုန်တင်ကားတွေက စိုက်ခင်းအထိ နယ်စပ်ဖြတ်ကျော်ဝင်ရောက်သယ်ဆောင်နေတာကြောင့် ဒေသခံ ကုန်တင်ယာဉ်လုပ်သားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မရှိကြဘူးလို့ သူက ပြောပါတယ်။

ဝိုင်းမော်-ကန်ပိုက်တည် အဝေးပြေးလမ်းပေါ်မှာ တွေ့ရတဲ့ တစ်ရှူးငှက်ပျော တင်ဆောင်လားသည့် တရုတ်ကားတစ်စီး။
ကချင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၆)က လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေးနိုင်ကတော့ တရုတ်တစ်ရှူးငှက်ပျော စိုက်ခင်းတွေ တိုးပွားများပြားလာတဲ့အပေါ် ဒေသခံတောင်သူတွေကြား “ မနောမြေက တောတွေကို ငှက်ပျောတွေ မျိုနေပြီလား” ဆိုပြီး သံသယ ပွားများနေကြပြီလို့ လွှတ်တော်ကို တင်ပြတယ်။
ဒီဇင်ဘာ ၄ ရက်တုန်းက အမျိုးသားလွှတ်တော်မှာ ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)က လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းတင်သွင်းတဲ့ တရုတ်တစ်ရှူးငှက်ပျောခင်းတွေကိစ္စ အစိုးရက ထိန်းသိမ်းကြပ်မတ်ဖို့ အဆိုကို လွှတ်တော်ကိုယ်စားလှယ်တချို့က ဒီနေ့ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးရာမှာ အထက်ပါအတိုင်း ထောက်ပြပြောဆိုခဲ့ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၁)က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သောင်းကတော့ ဒီ တရုတ် တစ်ရှူးငှက်ပျောစိုက်ခင်းတွေကို အစိုးရအနေနဲ့ ခွင့်မပြုသင့်ဘူးလို့ ဒီနေ့လွှတ်တော်မှာ ဆွေးနွေးပါတယ်။ သူတို့ စစ်ကိုင်း တိုင်းအတွင်းမှာဆိုရင်လည်း မြေငှားပြီးလာစိုက်တဲ့ တရုတ်ဖရဲ၊သခွားစိုက်ခင်းတွေမှာ “ ဓါတ်မြေသြဇာသုံးစွဲမှုနဲ့ ပိုးသတ် ဆေးသုံးစွဲမှုကြောင့် မြေယာပျက်စီးမှုနဲ့ သဘာဝပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုတွေဟာ မြေငှားခရတာနဲ့ မကာမိဘူး” လို့ သူက ပြောပါတယ်။
၂၀၀၆-၀၇ မှာ ဘိန်းအစားထိုးသီးနှံအဖြစ် စတင်ခဲ့တဲ့ ဒီတရုတ်တစ်ရှူးစိုက်ပျိုးရေးလုပ်ငန်းတွေဟာ အခုဆိုရင် ကချင်ပြည် နယ်အတွင်း ဧကသိန်းနဲ့ချီ ကျယ်ပြန့်လာပြီး သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားထိခိုက်မှုတွေ ရှိတာကြောင့် ဒီလုပ်ငန်း တွေကို ပြည်ထောင်စုအစိုးရအနေနဲ့ စနစ်တကျ ကြပ်မတ်ကိုင်တွယ်ပေးဖို့ လိုနေပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ စိုက်ပျိုးနေတဲ့ တရုတ်တစ်ရှူးငှက်ပျောလုပ်ငန်းတွေဟာ ပျိုးပင်၊ မြေသြဇာ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေကအစ တရုတ်နိုင်ငံဘက်က တင်သွင်းစိုက်ပျိုးကြတာဖြစ်ပြီး ထွက်လာသမျှ ငှက်ပျောသီးတွေကို လည်း တရုတ်နိုင်ငံဘက်ကို ပြန်လည်သယ်ဆောင်သွားကြတာဖြစ်တယ်လို့ ကိုယ်စားလှယ်တွေက ပြောပါတယ်။
#mawkun #magazine #chronicle #dailynews

