ဒီပဲယင်း – ၂၀၂၁ နိုဝင်ဘာ ၂၈ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီက စစ်ရဟတ်ယာဉ်တွေနဲ့ ဒီပဲယင်းမြို့နယ် ပြည်သူတွေကို ပစ်သတ်ခဲ့ပြီးနောက်မှာ ထွက်ပြေးတိမ်းရှောင်နေရသူ ထောင်ချီရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက စုံစမ်းသိရှိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်တွေဟာ အခုလို ရဟတ်ယာဉ်တွေနဲ့ မပစ်ခတ်မီ ယခင်ရက်တွေကတည်းက ဒီပဲယင်းနယ်က ကျေးရွာတွေကို ဝင်ရောက်ရှာဖွေတာတွေ ပြုလုပ်နေတာပါ။
မနေ့က ညနေပိုင်းမှာတော့ ရဟတ်ယာဉ်တွေနဲ့ ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် ကျည်ထိမှန်သေဆုံးရတဲ့ ဒေသခံပြည်သူတွေရှိခဲ့ပါတယ်။
“ကျည်ထိတဲ့သူတွေကတော့ ညောင်လှမှာတင် ကွမ်းယာဆိုင်နားတစ်ယောက်၊ ဆီဆိုင်နားတစ်ယောက်ထိထားတယ်။ တချို့လည်းအဆက်အသွယ်မရဘူး။ ကျဆုံးတစ်ယောက်တွေ့ရတယ်လည်းပြောတယ်။
အကုန်လုံးထွက်ပြေးနေရတော့ အတည်ပြုလို့မရသေးဘူး”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် ညောင်လှကျေးရွာက ကလေးငယ်တစ်ဦးလည်း ပြေးရင်းလွှားရင်းပျောက်ဆုံးသွားတာကြောင့် လိုက်ရှာနေကြပေမယ့် ခုမနက်ထိရှာမတွေ့သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။
ဒီကနေ့ နံနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒီပဲယင်းအရှေ့ခြမ်းရှိ ညောင်လှ၊ မိုးညှင်းကုန်း၊ ဝဲကြီး၊ သပြေသာ အစရှိတဲ့ ရွာများအား လက်နက်ကြီးများနဲ့ပါပစ်ခတ်နေပြီး အိမ်ခေါင်မိုးပေါ်တွေပါ ကျည်ဆံများကျရောက်လာကြောင်း ဒေသခံတွေကပြောပါတယ်။
ဒီပဲယင်းမြို့နယ်မှာ စစ်ဘေးရှောင် ကျေးရွာ( ၁၀ ) ရွာကျော်ရှိနေပြီး ပြည်သူသုံးထောင်ကျော် တိမ်းရှောင်နေရကာ နေထိုင်စားသောက်ရေးအခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီပဲယင်းနယ်ကျေးရွာတွေကနေ မြင်တွေ့ရတဲ့စစ်ကောင်စီရဲ့ရဟတ်ယာဥ်တစ်စီး
ဓါတ်ပုံ ဒေသခံ
#Dailynews

