ရေစကြို – ၂၀၂၃ အောက်တိုဘာ ၁၃ (မော်ကွန်း)
မကွေးတ်ိုင်း၊ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်တပ်က မနေ့ကစလို့ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၅ရွာက ဒေသခံ ၅၀၀၀ ကျော် တိမ်းရှောင်နေရပြီးစားနပ်ရိက္ခာအရေးပေါ်လိုအပ်နေရကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။
ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသကို အရှေ့ဘက်မြင်းခြံဘက်ကကူးလာတဲ့စစ်ကြောင်းနဲ့ အနောက်ဘက်ကမ်းရေစကြိုမြို့ပေါ်က ကူးလာတဲ့စစ်ကြောင်းနှစ်ကြောင်းခွဲထိုးနေတယ်လို့ ရေစကြိုမြို့နယ်ပ.က.ဖအဖွဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်။
“မိဖုရား၊ မဲကုန်း၊ ကျောက်ဖူး၊ ကျွဲကုန်း၊ ဖြုံဘူးကျေးရွာတွေမှာ အကုန်ဖြန့်ထားပါတယ်။ အဲ့လို့ဖြန်နေတာက ဒါပထမဆုံးပါဗျ၊ နေရာကတော့ဗျာ သူတို့နဲ့လွတ်ရာကျွတ်ရာအကုန်ရှောင်ကြရတာပေါ့”လို့ရေစကြို ပ.က.ဖသတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ကိုထန်ပြောင်ကပြောပါတယ်။
ရေစကြိုမြို့နယ်ရေလယ်ကျွန်းဒေသ ကျေးရွာ ၁၅ရွာက ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့ခင်းပိုင်းမှာ လှေခုတ်ကျေးရွာကိုမီးရှို့နေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
“ခုနေထိုင်ဖို့နေရာတော့ရှိပါတယ်၊ခိုလှုံရတဲ့ရွာတွေက ကျွေးနေပေမယ့် စားနပ်ရိက္ခာလိုအပ်နေပါတယ်၊စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့စရိတ်တွေလည်း လိုအပ်နေပါတယ်”လို့ ရေစကြိုမြို့နယ် လူထုတိုက်ပွဲဥဦးဆောင်ကော်မတီ၊ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရေလယ်ကျွန်းဒေသကို အာဏာသိမ်းစစ်တပ်က မနေ့မနက် ၃:၀၀ နာရီလောက်ကစတင်ပြီး စစ်ကြောင်းထိုးလာတာဖြစ်ပြီး မိုးသည်းထန်စွာရွာသွန်းတဲ့ကြားကနေ သက်ကြီးရွယ်အိုနဲ့ ကလေးတွေပါမကျန်စစ်ရှောင်နေရတယ်လို့ပြောပါတယ်။
ပုံစာ – ရေစကြိုရေလယ်ကျွန်းဒေသမှစစ်ရှောင်များ
ဓာတ်ပုံ – ရေစကြိုမြို့နယ် လူထုတိုက်ပွဲဦးဆောင်ကော်မတီ

