ရန်ကုန် – စက်တင်ဘာ ၆ (မော်ကွန်း)
ရှမ်းပြည်နယ်မြောက်ပိုင်းက တရုတ်နယ်စပ်အနီးမှာရှိတဲ့ နမ့်ခမ်းမြို့ကို စစ်ကောင်စီတပ်က ဒီနေ့မနက် အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ ၁၁ ဦးသေဆုံးသွားတယ်လို့ TNLA နဲ့ ဒေသခံအရပ်ဘက်အဖွဲ့အစည်းတချို့က ပြောပါတယ်။
ဒီနေ့ မနက် အစောပိုင်း ၁ နာရီခွဲခန့်အချိန်မှာ နမ့်ခမ်းမြို့က အရပ်သားနေထိုင်ရာ အဆောက်အအုံတွေကို ဦးတည်ပြီး စစ်ကောင်စီတပ်က ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးနှစ်လုံးကြဲခဲ့တာလို့ TNLA သတင်းနဲ့ ပြန်ကြားရေးက ဒီနေ့ ထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းမြို့ ညဈေးအနီးက လူနေအိမ်တွေနဲ့ ကျားဖြူခန်းမတို့အပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့ကာ ကလေးငယ် နှစ်ဦး အပါအဝင် အမျိုးသား ငါးဦး၊ အမျိုးသမီး လေးဦး စုစုပေါင်း ဒေသခံ ၁၁ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့လပိုင်းကစပြီး TNLA သိမ်းပိုက်ထားတဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် တရုတ်နိုင်ငံနယ်စပ်အနီးမှာရှိတဲ့ နမ့်ခမ်းမြို့ကိုတော့ ပထမဆုံးအကြိမ် ဗုံးကြဲတိုက်ခိုက်တာလို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အခုတိုက်ခိုက်မှုမှာ ကလေးငယ်နဲ့ ကိုယ်ဝန်ဆောင်အပါအဝင် မိသားစုလိုက် သေဆုံးမှုရှိခဲ့တာဖြစ်ပြီး နမ့်ခမ်းမြို့က နေအိမ်တွေ၊ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်နဲ့ အဆောက်အဦးတချို့လည်း မီးလောက်ပျက်စီးသွားတယ်လို့ ဒေသခံ အရပ်ဘက်အဖွဲ့အစည်းဖြစ်တဲ့ တအောင်းအမျိုးသမီးအဖွဲ့အစည်း (TWO) ကလည်း ထုတ်ပြန်ထားပါတယ်။
တအောင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က အခုနှစ်ပိုင်းထဲမှာ သိမ်းပိုက်ထိန်းချုပ်ပြီး ဒေသတွင်း အုပ်ချုပ်ရေးစနစ်တွေ အကောင်အထည်ဖော်နေတဲ့ ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို စတဲ့မြို့တွေကို စစ်ကောင်စီက နေ့စဉ်နီးပါး လာရောက်ဗုံးကြဲတိုက်ခိုက်နေပြီး အရပ်သားတွေကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အခုလဆန်းပိုင်း သီတင်းပတ်တစ်ပတ်အတွင်းမှာပဲ TNLA သိမ်းယူထားတဲ့ မန်တုံ၊ နမ့်ခမ်း၊ သီပေါတို့ကို သုံးရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ကာ အရပ်သားထိခိုက်သေဆုံးမှု တစ်ဒါဇင်ကျော်ထိ ရှိလာတာပါ။
ရှမ်းမြောက်နည်းတူ ရှမ်းပြည်နယ်တောင်ပိုင်းက ဖယ်ခုံမြို့ ကိုလည်း မနေ့ကညပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်ရှောင်စခန်းတစ်ခု ထိမှန်ခဲ့တာကြောင့် ကလေး ခြောက်ဦးအပါအဝင် ရှစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တိုးတက်သော ကရင်နီ ပြည်သူ့ အင်အားစု(PKPF) က ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ- ဗုံးကြဲခံထားရတဲ့ နမ့်ခမ်းမြို့ရဲ့ ဒီနေ့မနက်မြင်ကွင်း
ဓာတ်ပုံ – TNLA သတင်းနဲ့ပြန်ကြားရေး
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

