စစ်ကောင်စီက ဆန်ဈေးနှုန်းကိုသတ်မှတ်ထိန်းချုပ်တာကြောင့် ဆန်မှောင်ခိုဈေးကွက်လိုဖြစ်လာ

 စစ်ကောင်စီက ဆန်ဈေးနှုန်းကိုသတ်မှတ်ထိန်းချုပ်တာကြောင့် ဆန်မှောင်ခိုဈေးကွက်လိုဖြစ်လာ

ရန်ကုန် – ၂၀၂၄ ဇွန် ၂၄ (မော်ကွန်း)

စစ်ကောင်စီက သတ်မှတ်လိုက်တဲ့ ဆန်ဈေးနှုန်းဟာ အပြင်မှာဖြစ်နေတဲ့ ပေါက်ဈေးနဲ့ မကိုက်တာကြောင့် ဆန်ဆိုင်အများစုဟာ ဈေးနှုန်းတွေကို ဖြုတ်ချထားလိုက်ပြီး ဆန်ကိုမှောင်ခိုပုံစံ ရောင်းချနေရတယ်လို့ ဆန်လက်လီရောင်းချတဲ့ ဆန်ဆိုင်ပိုင်ရှင်တချို့က ပြောပါတယ်။

စစ်ကောင်စီဟာ ဆန်ဈေးနှုန်းမြင့်တက်နေတာကို ထိန်းချုပ်ဖို့ဆိုကာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က  ဆန်ကုန်သည်ကြီးတချို့ကို ဖမ်းဆီးတာ ဆန်သိုလှောင်ရုံတွေ၊ ဆန်စက်တွေကို ချိတ်ပိတ်တာတွေကို လုပ်ဆောင်နေပြီး သူတို့ရဲ့ သတ်မှတ်ဈေးနဲ့ပဲ ရောင်းချခိုင်းနေတာပါ။

ဒီနေ့မှာတော့ ရန်ကုန်မြို့ ဝါးတန်းလမ်းနဲ့ ဘုရင့်နောင်က ဆန်ကုန်စည်ဒိုင်တွေမှာ သူတို့သတ်မှတ်ထားတဲ့ ဆန်ဈေးနှုန်းတွေနဲ့ အိမ်ထောင်စုတစ်စုကို ဆန်တစ်အိတ်နှုန်းနဲ့ စတင်ရောင်းချပေးနေပေမယ့် ရပ်ကွက်တွေထဲက လက်လီဆိုင်တွေမှာတော့ အပြင်ဈေးနှုန်းအတိုင်းကို မှောင်ခိုပုံစံ ရောင်းချပေးနေရတယ်လို့ ရန်ကုန်မြို့က ဆန်လက်လီရောင်းချသူတချို့က ပြောပါတယ်။

စစ်ကောင်စီက ဧည့်မထဆန် တစ်အိတ်ကို ၇၀,၀၀၀ ကျပ်မှ ၇၂,၀၀၀ ထိ သတ်မှတ်ထားပေမယ့် အပြင်ဈေးမှာတော့ တစ်အိတ်ကို ကျပ်တစ်သိန်းဝန်းကျင်မှာရှိနေပြီး ရွှေဘိုပေါ်ဆန်းဆန် တစ်အိတ်ကို ၁၃၅,၀၀၀ ကျပ်မှ ၁၄၅,၀၀၀ ကျပ် လို့ စစ်ကောင်စီက သတ်မှတ်ထားပေမယ့် အပြင်ဈေးကတော့ ကျပ်တစ်သိန်းခွဲကနေ တစ်သိန်းခုနစ်သောင်းဝန်းကျင် ရှိနေတာပါ။

ဒီလိုဈေးကွာဟနေတာကြောင့် ဆန်ဆိုင်တွေ၊ ဆန်ကုန်သည်တွေဟာ အရှုံးခံရောင်းပေးရမယ့် အခြေအနေဖြစ်နေပြီး ဆန်လက်လီဆိုင်အများစုဟာ ဈေးနှုန်းတွေကို မသတ်မှတ်တော့ဘဲ ဝယ်နေကျဖောက်သည်တွေကိုပဲ မှောင်ခိုရောင်းပေးနေတယ်လို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်က ဆန်လက်လီဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ သတ်မှတ်ဈေးနဲ့ ရောင်းချပေးနေတဲ့ ဝါးတန်းလမ်းနဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွေမှာလည်း မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းပြသကာ ဝယ်ယူရမှာဖြစ်ပြီး တစ်အိမ်ထောင်ကို ဆန်တစ်အိတ်နှုန်းနဲ့ တန်းစီစနစ်နဲ့ ရောင်းပေးနေတာပါ။

“အခုက လက်လီဆိုင်အများစုက ဈေးနှုန်းတွေ မကပ်တော့ဘူး။ သူတို့ဆိုင်ကို ဝယ်နေကျဖောက်သည်တွေကိုပဲ ဈေးအမှန်ပြောပြီးပဲ ရောင်းတော့တယ်။ ဆိုင်တွေအကုန်လုံးက အဲဒီလိုပဲ လုပ်ထားတယ်။ ဝယ်သူလာရင် တိုးတိုးပဲဈေးပြောပြီး မှောင်ခိုရောင်းနေရသလို ဖြစ်သွားတယ်” လို့ ဆန်လက်လီရောင်းချသူတစ်ဦးက ပြောပါတယ်။

ဒါ့ပြင် မန္တလေးမြို့မှာဆိုရင်လည်း စစ်ကောင်စီရဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းတွေအပါအဝင် ဆန်စပါးအသင်းချုပ်က တာဝန်ရှိသူတွေဟာ ဒီနေ့လယ်ပိုင်းက ဆန်ဆိုင်တွေကို  ဝင်ရောက်စစ်ဆေးခဲ့တယ်လို့ အောင်မြေသာစံမြို့နယ်က ဆန်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။

“အခုက သူတို့သတ်မှတ်တဲ့ဈေးက အပြင်ပေါက်ဈေးနဲ့ နှစ်ဆလောက်ကွာနေတော့ ဘယ်သူမှ ဈေးနှုန်းမကပ်ရဲဘူး၊ ဒီတိုင်းရောင်းနေရတာ။ တချို့ဆိုင်တွေဆို ရောင်းတောင်မရောင်းပေးဘူး။ တစ်မြို့လုံးက ဆိုင်ကြီးဆိုင်သေးတွေအကုန်လိုက်စစ်တာ၊ ဖမ်းတာတော့ မကြားမိဘူး” လို့ ၎င်း ဆန်ဆိုင်ပိုင်ရှင်က ပြောပါတယ်။

စစ်ကောင်စီဟာ ယခုလ ၂၂ ရက်နေ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်၊ ဒုဥက္ကဋ္ဌ ဦးလူမောင်မြင့်မောင်၊ ဦးနေလင်းဇင်တို့အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်က ဆန်ကုန်သည်တွေကို ဖမ်းဆီးခဲ့ပြီး ဘုရင့်နောင်ထဲက ဆန်ကုန်စည်ဒိုင်တချို့ကိုလည်း ချိတ်ပိတ်ခဲ့ပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ ရေကြည်အိုင်စစ်ကျောရေးနဲ့ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရုံးတို့မှာ အဲဒီဆန်ကုန်သည်တွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ဆန်ကုန်သည်တချို့ဆီက သိရပါတယ်။

ရန်ကုန်က ဘုရင့်နောင်ကုန်စည်ဒိုင်အပါအဝင် ဧရာဝတီတိုင်းက ဖျာပုံ၊ ကျိုက်လတ်၊ ဘိုကလေး၊ မြောင်းမြ အစရှိတဲ့ မြို့တွေက ဆန်ကုန်သည်ကြီးတွေကိုလည်း ဖမ်းဆီးထားပြီး ဆန်သိုလှောင်ရုံတွေပိုင်ဆိုင်တဲ့ ဆန်ကုန်သည်ကြီး ၃၀ ဦးထက်မနည်း ဖမ်းဆီးခံထားရတယ်လို့ အဲဒီဖြစ်စဉ်ကို သိရှိတဲ့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

“ဦးရဲမင်းအောင်တို့ကို အရင်နေပြည်တော်ကို အစည်းအဝေးရှိလို့ လာဦးဆိုပြီး ခေါ်လိုက်တယ်။ အဲဒီမှာ ပြန်မလွှတ်တော့ဘူး၊ ပြီးမှ နောက်လူတွေကို ထပ်ဖမ်းတယ်။ တကယ့် ကုန်သည်အကြီးစားတွေကိုပဲ ရွေးဖမ်းထားတာ၊ အခုထိတော့ တစ်ယောက်မှပြန်မလွတ်လာသေးဘူး” လို့ ၎င်းက ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ဆန်ကုန်သည်တွေကို အခုလိုဖမ်းဆီးပြီး ဆန်ဈေးကွက်ကို ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာဟာ ဈေးကွက်ကိုဖျက်ဆီးနေတာဖြစ်ပြီး ဒီလိုလုပ်ဆောင်တာဟာ ဆန်ဈေးအမှန်တကယ် ကျဆင်းသွားဖို့မရှိဘူးလို့ အမည်မဖော်လိုတဲ့ ဆန်ကုန်သည်တစ်ဦးက မှတ်ချက်ပြုပါတယ်။

“ဈေးကွက်ရဲ့ သဘောတရားအရ ဝယ်ချင်တဲ့သူက ဝယ်လိုတဲ့ပစ္စည်းကို လိုအပ်သလောက် ဝယ်လို့ရနေရမယ်။ အခုသူတို့ရောင်းပေးတာလည်း အဲဒီနေရာမှာပဲ တခြားဘယ်မှာမှ ဝယ်လို့မရဘူး လိုသလောက်လည်းဝယ်လို့မရဘူး။ ကျွန်တော်တို့က ဈေးကွက်စီးပွားရေးကို သွားနေတာလား ဆိုရှယ်လစ်ခေတ်ကို ပြန်သွားနေတာလား။ အနာနဲ့ဆေးတည့်မှပဲ၊ တွက်နည်းမှန်မှပဲ အဖြေမှန်ထွက်မှာပဲ” လို့ အဲဒီဆန်ကုန်သည်က သုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ဆန်ဈေးကွက်တင်မကဘဲ၊ စားအုန်းဆီ၊ ရွှေ၊ ဒေါ်လာ စတဲ့ ဈေးကွက်တွေမှာလည်း ကုန်သည်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေကို ဈေးကစားနေတယ်ဆိုကာ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်နေတာဖြစ်ပြီး ယခုလဆန်းပိုင်းကလည်း နာမည်ကြီးရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဝရမ်းထုတ်ကာ ရွှေဈေးနှုန်းကိုလည်း သတ်မှတ်ခဲ့ပါသေးတယ်။

ပုံစာ – ရန်ကုန်မြို့ ဝါးတန်းလမ်းဆန်ကုန်စည်ဒိုင်မှာ စစ်ကောင်စီသတ်မှတ်ဈေးနဲ့ ဆန်ကိုတန်းစီဝယ်ယူနေကြသူများ

ဓာတ်ပုံ -မော်ကွန်း

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."