ရန်ကုန် – ၂၀၂၄ ဇန်နဝါရီ ၂၉ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့က စစ်ဘေးရှောင်သွားလို့ လူမရှိတော့တဲ့နေအိမ်တွေကို အခုရက်ပိုင်းအတွင်းမှာ ဖောက်ထွင်းခိုးမှုတွေ ရှိလာတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဆီဆိုင်မြို့ကို ဒေသတွင်း လက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့က ထိန်းချုပ်လိုက်ပြီးနောက် စစ်ကောင်စီတပ်နဲ့ PNLA ပူးပေါင်းတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာပါ။
ဆီဆိုင်-ဆိုက်ခေါင် လမ်းကြောတစ်လျှောက်က ကျေးရွာတွေဖြစ်တဲ့ ကောင်းမှုဗွာ၊ နမ့်ဩ၊ ထီတမောင်း၊ ပင်စုံနဲ့ ဆိုက်ခေါင်စံပြကျေးရွာတို့က ဒေသခံတွေနဲ့ ကရင်နီဒေသက ဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေ အပါအဝင် စုစုပေါင်း ဒေသခံ တစ်သိန်းနီးပါးဟာ စစ်ဘေးလွတ်ရာ ဒေသတွေကို ထွက်ပြေးနေကြရတာပါ။
ဆီဆိုင်မြို့က စစ်ဘေးရှောင်တစ်ဦးကတော့ အခုရက်ပိုင်းအတွင်း သူတို့စစ်ဘေးရှောင်နေရတဲ့ ကာလအတွင်း နေအိမ်ဖောက်ထွင်းခံလိုက်ရပြီး ဆိုင်ကယ်ခိုးယူခံလိုက်ရတယ်လို့ ပြောပါတယ်။
နေအိမ်ထဲက ပစ္စည်းတွေ ခိုးယူခံရတာအပြင်နေအိမ်ပေါ်တက်ပြီး မူးယစ်ဆေးဝါးသုံးစွဲသူတွေ ရှိလာတာကြောင့် ဒေသခံအချို့စုပေါင်းပြီး အလှည့်ကျ ကင်းစောင့်နေရတယ်လို့လည်း ပြောပါတယ်။
“ ကျွန်တော်တို့အိမ်ကတော့ ထွက်လာတုန်းက သေချာမပိတ်မိလို့ ဆိုင်ကယ်အခိုးခံလိုက်ရတယ်။ အခုကတော့ လူစောင့်ထားပြီး လမ်းထဲမှာ အလှည့်ကျကင်းစောင့်နေရတယ်” လို့ သူက ပြောပါတယ်။
ဆီဆိုင်မြို့မှာ မနေ့ကထိ ပစ်ခတ်မှုတွေ ရှိနေပေမယ့် ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲမရှိတာကြောင့် ဒေသခံအချို့ နေအိမ်ပြန်ကာ လိုအပ်တဲ့ ပစ္စည်းသယ်ယူမှုတွေရှိပေမယ့် အများစုကတော့ ဆက်လက်စစ်ဘေးရှောင်နေကြတယ်လို့ အဲ့ဒီ စစ်ရှောင်တွေကို ကူညီနေသူတစ်ဦးက ပြောပါတယ်။
“ တိုက်ပွဲက ငြိမ်နေပေမယ့် မပြီးသေးဘူး။ ပြန်ဖြစ်နိုင်သေးတယ်။ အများစုကတော့ ပြန်မလာကြသေးဘူး လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ ဆီဆိုင်မြို့မှာ လျှပ်စစ်မီးနဲ့ ဖုန်းလိုင်းတွေ ပြတ်တောက်နေတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
ယခုလ ၂၀ ရက်က ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအနီးမှာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ လက်နက်တွေ တင်ဆောင်လာတဲ့ PNLA တပ်ဖွဲ့ဝင်တွေရဲ့ ကားကို တားဆီးရာက တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်စစ်ရေးတင်းမာမှု စတင်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာ PNLA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့ကို ဝင်ရောက်လာပြီး စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်လာတာပါ။
ယခုလ ၂၆ ရက်ကတော့ PNLA ပူးပေါင်းတပ်တွေဟာ ဆီဆိုင်မြို့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၄၂၄ ကို သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီတပ်ကလည်း လေယာဉ်နဲ့ ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပြီး ဆီဆိုင်မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေနဲ့ နေအိမ်အဆောက်အအုံ အချို့မီးလောင် ပျက်စီးခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကတော့ PNLA အဖွဲ့အနေနဲ့ NCA ကို လေးစားလိုက်နာဖို့နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ နည်းလမ်းတွေကို ရှောင်လွှဲပြီး မိမိတို့ လိုလားချက်တွေကို ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းဖို့ ဒီနေ့မနက်ပိုင်းမှာ ထုတ်ပြန်ထားပြီး PNLA ဘက်ကတော့ အခုထိ အဲ့ဒီထုတ်ပြန်ချက်အပေါ် တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။
ပုံစာ – တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေကြရတဲ့ ဆီဆိုင်မြို့
ဓာတ်ပုံ – Khun Kyaw Swe

