ရန်ကုန် – ၂၀၂၄ ဩဂုတ် ၃၀ (မော်ကွန်း)
ပဲခူးတိုင်းအနောက်ခြမ်း၊ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ဆည်အနီးမှာရှိတဲ့ ဘော်ဘင်ရွာသားငါးဦးကို အဲဒီနယ်မြေမှာ လှုပ်ရှားစိုးမိုးထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအမှတ်(၃၈၀၁) က ယာယီတပ်ရင်းမှူး ဦးဆောင်တဲ့အဖွဲ့က ဖမ်းပြီးသတ်ပစ်လိုက်ပါတယ်။ အဲဒီလူတွေနဲ့ပါလာတဲ့ သစ်ဆွဲတဲ့ကျွဲ အကောင် ၂၀ ဝန်းကျင်ကိုလည်း သိမ်းလိုက်တယ်လို့ ဆိုပါတယ်။ မိသားစုဝင်တစ်ဦးအဆိုအရ အဲဒီကျွဲတွေတန်ဖိုးက ကာလတန်ကြေး ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်ဝန်းကျင်မှာ ဖြစ်ပွားခဲ့တဲ့ဒီအမှုမှာ ကျူးလွန်သူတွေကို အခုထိ အရေးယူမှုမရှိသေးဘူးလို့လည်း တော်လှန်ရေးအသိုင်းအဝိုင်း သတင်းရပ်ကွက်က ပြောကြပါတယ်။ အဲဒီ လူငါးဦးကို အပြုံလိုက်သတ်ဖြတ်တဲ့သူဟာ ဘယ်သူလဲ၊ အခု ၃၈၀၁ တပ်ရင်းမှာ ဘာတွေ ဆက်ဖြစ်နေသလဲဆိုတာကိုသိရဖို့ အဲဒီတပ်ရင်းမှာ တော်လှန်ရေးစကတည်းကနေ လက်ရှိအချိန်အထိ တာဝန်ထမ်းဆောင်နေပြီး ဒီလုပ်ရပ်ကို ရှုတ်ချတယ်ဆိုတဲ့ ရဲဘော်တစ်ဦးကို မော်ကွန်းကဆက်သွယ်မေးမြန်း ထားတာတွေထဲက တချို့ကို ကောက်နှုတ်ဖော်ပြလိုက်ပါတယ်။
အမည်မဖော်လိုသူရဲဘော်တစ်ဦး။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်း (၃၈၀၁)။
မော်ကွန်း။ ။ ပဲခူးတိုင်းအနောက်ခြမ်းအခြေစိုက်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းအမှတ် (၃၈၀၁) တပ်ရင်းက ယာယီတပ်ရင်းမှူးဆိုတဲ့ ရဲဘော်မိုးကြိုးကြီးနဲ့အဖွဲ့က ရိုးမထဲကို ကျွဲတွေနဲ့အတူ သစ်ခုတ်ဖို့ဝင်လာတဲ့ ဇီးကုန်းမြို့နယ်၊ ဘော်ဘင်ကျေးရွာသားငါးဦးကို သတ်ပစ်လိုက်တယ်လို့ သိရပါတယ်။ ပြီးတော့ အဲဒီလူတွေဟာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေလို့ ကျူးလွန်သူတွေဘက်က အသံပြန်လွှင့်ပါတယ်။ ဒီကိစ္စကို ဘယ်လိုသိထားပါသလဲ။
၃၈၀၁ ရဲဘော်။ ။ အဲဒီလူတွေက ဘယ်သူဆိုတာ အတိအကျကြီးတော့ ပြောလို့မရပေမယ့် ကာယကံမိသားစုဝင်တွေရဲ့ ပြောကြားချက်၊ ကျွန်တော်ကြားရတာတွေအရတော့ သေဆုံးသူတွေဟာ NLD(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ) ထောက်ခံသူတွေ၊ ပျူစောထီးမဟုတ်ပါဘူးလို့ ကာယကံရှင် မိသားစုတွေက ပြောထားပါတယ်။
မော်ကွန်း။ ။ ပျူစောထီးဖြစ်နေရင်တောင်မှပေါ့လေ၊ လက်နက်မပါဘဲနဲ့ ကျွဲတွေနဲ့အတူ သစ်ခုတ်ဖို့ တောထဲဝင်လာတဲ့ လူတွေကို သတ်ဖြတ်လိုက်တဲ့အပေါ်မှာရော ဘယ်လိုအမြင်ရှိပါသလဲ။
၃၈၀၁ ရဲဘော်။ ။ ဒီကိစ္စကိုတော့ ကျွန်တော်အနေနဲ့ လုံးဝ၊ လုံးဝ ကန့်လည်းကန့်ကွက်တယ်။ မဖြစ်သင့်တဲ့ကိစ္စလို့လည်း မြင်ပါတယ်။ သူတို့ဘာသာ ပျူစောထီးဖြစ်နေပါစေဦး၊ ကျွန်တော်တို့မှာ ဂျီနီဗာကွန်ဗင်းရှင်းအရ စစ်သုံ့ပန်းမိရင်တောင် သတ်ခွင့်မရှိပါဘူး၊ သူ့ဥပဒေအတိုင်းပဲ သွားရပါတယ်။ ဒါဟာ လက်နက်မဲ့ပြည်သူတွေပါပဲ။ ပျူစောထီးပဲဖြစ်ဖြစ်ပေါ့လေ။ ကျွန်တော်အနေနဲ့ သဘောလည်းမတူပါဘူး။ ကန့်လည်းကန့်ကွက်ပါတယ်။
မော်ကွန်း။ ။ အခုပြစ်မှုကျူးလွန်သူဟာ တပ်ရင်း ၃၈၀၁ ရဲ့ ယာယီတပ်ရင်းမှူးလို့လည်း သတင်းတွေမှာ ဖော်ပြသလို ဒီလူဟာ ဒီတပ်ရင်းရဲ့ တပ်ရင်းမှူးဖြစ်ဖို့ကြိုးစားနေသူလို့လည်း သိထားပါတယ်။ အမည်ရင်း မိုးမင်းလို့ သိထားတဲ့ ဒီရဲဘော် မိုးကြိုးကြီးနဲ့ပတ်သက်ပြီး သိသလောက်ပြောပြပေးပါလား။ သူကဘယ်သူတုန်း။
၃၈၀၁ ရဲဘော်။ ။ သူက နတ်တလင်းနယ်ကပါပဲ။ သိရသလောက် သာမန်အရပ်သားပါပဲ။ နဂိုတုန်းက တောင်ယာပဲလုပ်စားတဲ့ လူစားမျိုးပါ။ တော်လှန်ရေး မလုပ်ခင်ကပေါ့။ သူကနိုင်ငံရေးသမားလည်း မဟုတ်ပါဘူး။ သူက သာမန်အရပ်သားပါပဲ၊ ဒီနွေဦး အရေးအခင်းစဖြစ်လာတော့မှ လက်နက်ကိုင်တဲ့သူပါ။ သူ့ပညာအရည်အချင်းကလည်း အလယ်တန်းအဆင့်ကို အောင်မြင်ခဲ့သူမဟုတ်ပါဘူး။
မော်ကွန်း။ ။ အခုဒါဆို ကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုက တပ်ရင်း၊ တပ်ဖွဲ့တစ်ခုရဲ့ ခေါင်းဆောင်လုပ်နေသူက ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို နားမလည်တဲ့ သာမန်အရပ်သားတစ်ဦးပေါ့။
၃၈၀၁ ရဲဘော်။ ။ ကျွန်တော်လည်း အဲဒီလိုပဲ မြင်မိပါတယ်။ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေကို နားမလည်၊ မလိုက်နာလို့သာ ဒီလိုကိစ္စကို ကျူးလွန်တယ်လို့ ယူဆမိပါတယ်။
မော်ကွန်း။ ။ သူကျူးလွန်တာက ဒီကိစ္စက အဲဒီဒေသမှာ ပထမဆုံးလား။ အရင်ကရော ဘယ်လို ကိစ္စတွေ ရှိခဲ့ဖူးလဲ။
၃၈၀၁ ရဲဘော်။ ။ သူအရင်ဆုံးတော်လှန်ရေးထဲဝင်လာတော့ တပ်ခွဲမှူးတော့မဖြစ်သေးပါဘူး။ နောက်ပိုင်းမှ တပ်ခွဲမှူး ဖြစ်လာတာပါ။ သူတပ်ခွဲမှူးဖြစ်လာကတည်းက ပြည်သူတွေအပေါ် သူ့လုပ်ဆောင်ချက်တွေက သိပ်မကောင်းဘူး။ ရှေ့ကာကင်းစခန်းကို သူထွက်တယ်ပေါ့၊ အဲဒီလိုထွက်ရင် ပြည်သူတွေကို တစ်အိမ်စီအလှည့်ကျနဲ့ ထမင်းပို့ခိုင်းတာတွေ၊ ရေခပ်ခိုင်းတာတွေ၊ သူတို့စခန်းတည်ဆောက်ဖို့ လုပ်အားပေးခိုင်းတာတွေ ရှိခဲ့ပါတယ်။
နောက်တစ်ခုက အရက်ဆိုင်တွေဆိုရင်လည်း အာဏာပါဝါပြပြီးတော့ အရက်မရောင်းရဘူးဆိုတာ မသိဘူးလားဆိုပြီး အရက်ပုံးတွေကို သွန်ပစ်တာတွေဘာတွေလည်း လုပ်ဆောင်ခဲ့တာတွေရှိပါတယ်။ အဓိက ပြည်သူကို လုပ်အားပေးခိုင်းစေတာတွေ တော်တော်များများ ရှိပါတယ်။
ဒီကိစ္စမဖြစ်ခင်လေးမှာပဲ ကျွဲသမား(သစ်ခုတ်သမား)ရှစ်ဦးကို သူ့အဖွဲ့ထဲက လူတွေကပဲ အရက်သောက်စားပြီးတော့ ငါတို့ နယ်မြေထဲကို မနက်ခြောက်၊ ညခြောက် ပိတ်ထားတယ်ဆိုတာ မသိဘူးလားဆိုပြီး မေးမြန်းရိုက်နှက်တာတွေလည်းရှိပါတယ်။ မနှစ်တုန်းကဆိုရင် ရိုးပေါ်(ပဲခူးရိုးမ)တက်တဲ့ သစ်ဆွဲတဲ့ဆိုင်ကယ်တွေကို ဆိုင်ကယ်တစ်စီး၊ ဆီတစ်ပုံးပေးရမယ်ဆိုပြီး ကောက်ခံတာတွေလည်း ရှိပါတယ်။ ဆိုင်ကယ်ပေါင်းမြောက်များစွာပေါ့။ ဆီတစ်ပုံးပေးမှသာ သူ့နေရာကဖြတ်ခွင့်ပေးပါတယ်။ ဒီလိုလုပ်တာတွေလည်း ရှိခဲ့ပါတယ်။
မော်ကွန်း။ ။ ဒီမိုးကြိုးကြီးဆိုသူက တော်လှန်ရေးကို ပါလာတုန်းက ဘယ်အဖွဲ့ကတုန်းခင်ဗျ။
၃၈၀၁ ရဲဘော်။ ။ ပါလာတုန်းကလည်း ဖီးနစ်အဖွဲ့က ပါပဲ။ ၃၈၀၁ တပ်ရင်းအောက်က တပ်ခွဲ-၂ ပေါ့၊ ဖီးနစ် (Phoenix DF) ကပါ။
မော်ကွန်း။ ။ သေဆုံးခဲ့ရသူမိသားစုဝင်တွေရဲ့ စကားသံတချို့လည်း ကြားရပါတယ်။ စိတ်မကောင်းစရာပါ။ ဒီလို တပ်ခွဲမှူး၊ ယာယီတပ်ရင်းမှူးအဆင့် ယူထားသူတစ်ဦးက အရပ်သားတွေကို ရမ်းရမ်းကားကားသတ်ဖြတ်နေတာဟာ ပဲခူးတိုင်း အနောက်ခြမ်းဒေသက တော်လှန်ရေးပုံရိပ်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်နိုင်ပါသလဲ။
၃၈၀၁ ရဲဘော်။ ။ အခုကိစ္စကြောင့် ကျွန်တော်တို့လုပ်ဆောင်လာတဲ့ တော်လှန်ရေးပုံရိပ်ဟာ အများကြီး ကျဆင်းသွားပြီလို့ ကျွန်တော်ယူဆပါတယ်။ ပြည်သူတွေရဲ့ ကျွန်တော်တို့အပေါ်ထားရှိတဲ့ ယုံကြည်မှုလည်း ကျဆင်းပါတယ်။ ပြည်သူ့ထောက်ခံမှုလည်း ကျဆင်းပါတယ်။ ဒီကစ္စဟာ လုံးဝမဖြစ်သင့်တဲ့ကိစ္စ၊ မလုပ်သင့်တဲ့ ကိစ္စပါ။
ကျွန်တော်တို့ ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့တွေဆိုတာ ဘယ်လိုပဲဖြစ်နေနေ ပြည်သူကိုသာမျက်နှာမူရမှာပါ။ ပြည်သူထောက်ခံမှုရှိမှသာ ကျွန်တော်တို့တော်လှန်ရေးဟာ အောင်မြင်မှာလေ။ ပြည်သူထောက်ခံမှုမရရင် ကျွန်တော်တို့ စစ်နည်းဗျူဟာဘယ်လောက်ကျွမ်းကျွမ်း ကျရှုံးမှာပါပဲ။ အဲဒါကြောင့် ပြည်သူထောက်ခံမှု မရစေမယ့် ကိစ္စတွေ၊ ပြည်သူငြိုငြင်မယ့်ကိစ္စတွေကို ကျွန်တော်တို့ဆိုရင် အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါတယ်။
မော်ကွန်း။ ။ ဒီကျူးလွန်မှုနဲ့ပတ်သက်ပြီး ရဲဘော်မိုးကြိုးကြီးကို အရေးယူဆောင်ရွက်ထားမှု ဒီနေ့အထိ ဘယ်လို အခြေ အနေရှိပါသလဲ။ ဘယ်လို ကိုင်တွယ်အရေးယူနေကြပါသလဲ။
၃၈၀၁ ရဲဘော်။ ။ ဒီပဲခူးတိုင်းတစ်ခုလုံးက အဖွဲ့တွေကတော့ ဒီဟာကို အမှုမှန်ပေါ်ပေါက်ရေး ဖော်ဆောင်ပေးဖို့ ထောက်ခံသူတွေ အတော်များလာပါပြီ။ ဒီ ၂၈ မြို့နယ်စလုံးက ပါဝင်ကြတဲ့ ပညာရေးဘုတ်အဖွဲ့တွေ၊ ကျန်းမာရေးဘုတ်အဖွဲ့တွေနဲ့ တခြားသော ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)၊ ပအဖ(ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့) တွေလည်း ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်းပြီး ကြိုးစားဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။
မော်ကွန်း။ ။ သတင်းမီဒီယာတချို့မှာ အခုလက်နက်မဲ့ပြည်သူတွေကိုသတ်ခဲ့တဲ့ ရဲဘော်မိုးကြိုးကြီးဆိုသူကို အစ်ကိုတို့ ၃၈၀၁ တပ်ရင်းရဲ့ တပ်ရင်းမှူးလို့ သုံးနှုန်းထားတာလည်း တွေ့ပါတယ်။ ဒီအခြေအနေကို ရှင်းပြပေးပါဦး။
၃၈၀၁ ရဲဘော်။ ။ ပြီးခဲ့တဲ့နှစ်ပတ်ကျော်လောက်မှာ ပဲခူးတိုင်းစစ်ဒေသမှူး ဦးတင်ဦးရယ်၊ နဂို ၃၈၀၁ တပ်ရင်းမှူးဟောင်း ဦးကျော်ကျော်နိုင်ရယ်၊ ကိုရန်ကျော်ပေါ့။ တပ်ရင်းမှူးဟောင်း ကိုရန်ကျော်ရယ်၊ ပြီးတော့ တပ်ခွဲမှူးတွေနဲ့ အစည်းအဝေး လုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ယာယီတပ်ရင်းမှူး ခန့်ဖို့ဆိုပြီး စစ်ဒေသမှူး ဦးတင်ဦးက ပြောပါတယ်။ အဓိကကတော့ သူတို့က မှတ်ချက်နဲ့ ငါတို့သူ့ကိုတော့ ယာယီတပ်ရင်းမှူးထားမယ်၊ မင်းတို့ဘယ်လိုသဘောရသလဲ။ ကဲ…တပ်ခွဲ ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆ က တပ်ခွဲမှူးတွေ သဘောထားပြောပါဆိုပြီး သူ့ကိုထောက်ခံမှု အဆိုပြုချက်တွေ မေးမြန်းခဲ့တာပေါ့။
အဲဒီမှာ တချို့တွေကလည်း ဘယ်သူတက်တက်၊ ခေါင်းအေးပြီးရောဆိုသူလည်းရှိတာပေါ့။ တချို့တွေကလည်း လိုလိုလားပေါ့၊ ထောက်ခံတဲ့သူလည်းရှိပါတယ်။ အဲဒီမှာ သူ့ကို အဆိုပြုသူက အရင်တပ်ရင်းမှူးဟောင်းဖြစ်တဲ့ ဦးရန်ကျော်က အဆိုပြုတယ်။ အဲဒါကို စစ်ဒေသမှူး ဦးတင်ဦးက ယာယီတပ်ရင်းမှူးဆိုပြီး မှတ်ချက်ယူတယ်။ ပြီးတော့ စာလည်းထုတ်ပေးပါ့မယ်လို့ ပြောတယ်။ ဒီနေ့မှာလည်း ယာယီတပ်ရင်းမှူးအစည်းအဝေးလုပ်ပါတယ်။ တပ်ခွဲတွေအကုန်လည်း ဖိတ်ပါတယ်။
ကျွန်တော်တို့ သဘောကတော့ ဒီပြဿနာတွေတက်နေတာကို ရှင်းလင်းအောင်လုပ်ကြပြီးမှ ဒီလိုအစည်းအဝေးကို လုပ်စေချင်ပါတယ်။ တပ်ရင်းမှူးခန့်တာ၊ ယာယီတပ်ရင်းမှူးခန့်တာတွေပေါ့။ ဒီလောက် ဟိုးလေးတကျော်ပေါ့၊ ပြည်သူတွေထဲမှာရော၊ တော်လှန်ရေးအစုအဖွဲ့ထဲမှာရော ပွက်လောရိုက်နေတဲ့ကိစ္စကြီးကို၊ ဖြစ်နေတာကြီးကိုမရှင်းဘဲနဲ့ ယာယီတပ်ရင်းမှူး အတည်ပြုဖို့ဆိုပြီး အစည်းအဝေးပွဲ လုပ်နေတာကတော့ ဘယ်လိုမှ မဖြစ်သင့်တဲ့ကိစ္စပါပဲ။ ဒီကိစ္စတွေရှင်းပြီး အေးသွားမှလုပ်ရင်တော့ ကိစ္စမရှိပါဘူး။
မော်ကွန်း။ ။ အခု စစ်ဒေသမှူးထောက်ခံချက်နဲ့ သမိုင်းမကောင်းတဲ့သူက ၃၈၀၁ ရဲ့ တပ်ရင်းမှူး ဖြစ်လာပြီဆိုရင် သူ့လက်အောက်မှာ တာဝန်ထမ်းဆောင်ရမယ့် အစ်ကိုတို့အနေနဲ့ ဘယ်လိုအခြေအနေဖြစ်လာမလဲ။
၃၈၀၁ ရဲဘော်။ ။ ကျွန်တော်တစ်ဦးထဲအနေနဲ့ကတော့ ဒီလူသာ တပ်ရင်းမှူးဖြစ်လာမယ်၊ ဖြစ်ခဲ့တဲ့ကိစ္စတွေကို NUG/MOD (အမျိုးသားညီညွတ်ရေးအစိုးရ/ကာကွယ်ရေးဝန်ကြီးဌာန) က အရေးယူမှုမရှိဘူးဆိုရင် ဒီတပ်ခွဲကနေ နုတ်ထွက်ဖို့ ရှိပါတယ်။ အဲဒီလောက်အထိကို လက်ရှိပြဿနာအပေါ် တွေးထားပါတယ်။ ဒီလိုလူမျိုး လက်အောက်မှာတော့ ဘယ်လိုမှ တာဝန်ထမ်း ဆောင်ဖို့ မဖြစ်နိုင်ပါဘူး။ လုပ်ထားတာတွေက ပရမ်းပတာ ကိစ္စတွေပါ။
မော်ကွန်း။ ။ အရပ်သားတွေကို သတ်ခဲ့သလို အခုထိလည်း အရေးယူမှုမခံရသေးတဲ့ အကိုတို့ရဲ့ ယာယီတပ်ရင်းမှူးဆိုသူနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောချင်တာများ ရှိပါသလား။
၃၈၀၁ ရဲဘော်။ ။ ကျွန်တော် MOD ကို မေးချင်တာပေါ့၊ ဒီစစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးကြီးတစ်ယောက်ကို ခန့်တော့မယ်ဆိုရင် အဓိက ဘယ်လိုအရည်အချင်းသတ်မှတ်ပါသလဲ။ ဟိုလူထောက်ခံမှု၊ ဒီလူထောက်ခံမှု၊ အကိုကြီးညီလေးဆက်ဆံရေးနဲ့ ခန့်အပ်လို့ရသလား။ တကယ်တမ်း ပညာအရည်အချင်းတွေ၊ စစ်ပညာအရည်အချင်းတွေနဲ့ဆိုင်တဲ့ သတ်မှတ်ချက်တွေ ရှိပါသလား။ ဒါတွေ MOD ကို မေးချင်တာပါ။
ပေါင်းသင်းဆက်ဆံရေးကောင်းလို့ ထောက်ခံမှုတစ်ခုတည်းနဲ့ ခန့်အပ်လိုက်မယ်ဆိုရင် စစ်သည်တော်ကျင့်ဝတ်တွေလည်း နားမလည်၊ စစ်ရေးနည်းဗျူဟာတွေလည်း အားနည်းတဲ့သူတစ်ယောက်ကို၊ ပညာအရည်အချင်း အားနည်းတဲ့သူတစ်ယောက်ကို စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်ကြီးကြီးနေရာမှာ ခန့်လိုက်မယ်ဆိုရင် တကယ်လို့ စစ်ရေးအရ ကျဉ်းထဲကျပ်ထဲရောက်လာပြီဆိုရင် အဲဒီမှာ ဆုံးဖြတ်ချက်အမှားတွေ ချလာနိုင်ပါတယ်။ ပညာအရည်အချင်းနည်းပါးရင်ပေါ့။
အဲဒီလို စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်တစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အမှားတွေကြောင့် သူ့လက်အောက်က ရဲဘော်တွေရဲ့ ပေးဆပ်ရမှာတွေက ပြန်မရတော့တဲ့အသက်တွေပါ။ အဲဒါကြောင့် MOD ကို မေးချင်တာပါ။ စစ်ဘက်ဆိုင်ရာ ရာထူးကြီးကြီး ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းသတ်မှတ်ချက်တွေ ရှိသလား။ ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်ပါသလဲ။ အဲဒါ သိချင်ပါတယ်။ နဂိုတော်လှန်ရေးအစကနေ အခုအချိန်အထိ တောက်လျှောက်လုပ်လာခဲ့ရာမှာ အဲဒီတုန်းကတော့ ကြုံသလိုပေါ့နော်၊ အဲဒီတုန်းကတော့ ကြုံသလိုခေါင်းဆောင်တွေ ဖြစ်ခဲ့တာတွေ ရှိပါတယ်။ အခုနောက်ပိုင်းခေါင်းဆောင်ရွေးချယ်မှုကိုတော့ ကျွန်တော်တို့က ပညာအရည်အချင်းတွေ၊ စစ်ပညာအရည်အချင်းတွေ၊ တကယ့်တိုက်ပွဲအတွေ့အကြုံတွေနဲ့ နားလည်တတ် ကျွမ်းသူကိုသာ ရွေးချယ်ပေးစေလိုပါတယ်။
ပုံစာ- သာယာဝတီခရိုင်တပ်ရင်း ၊ တပ်ရင်းအမှတ် -၃၈၀၁ ၊တပ်ခွဲ(၂) Phoenix D F ရဲဘော်တွေ မွမ်းမံသင်တန်းအပတ်စဉ်(၂)သင်တန်းဆင်းပွဲမှာ တွေ့ရတဲ့ ရဲဘော်မိုးကြိုးကြီး( ဘယ်အစွန်ဆုံးက စစ်ယူနီဖောင်းဝတ် ရှိုးဝါးဖိနပ်စီး၍ သတိစွဲနေသူ) ။ ထိုသင်တန်းဆင်းပွဲကို ၂၈.၂.၂၀၂၄ တွင် ပြုလုပ်ခဲ့သည်။
ဓါတ်ပုံ- Phoenix DF
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #Dailynews

