ပဲခူး-၂၀၂၄ ဇူလိုင် ၃၀ (မော်ကွန်း)
ပဲခူးမြို့ပေါ်မှာ မြစ်ရေဆက်တက်နေတဲ့အပြင် မိုးလည်းဆက်လက်ရွာသွန်းနေတာကြောင့် ရေဆက်တက်နေလို့ ဒေသခံတွေကို ရွှေ့ပြောင်းတာတွေလုပ်ဆောင်နေသလို ရေဘေးရှောင်တွေအတွက် စားနပ်ရိက္ခာနဲ့ သောက်သုံးရေအကူအညီတွေလိုအပ်နေတယ်လို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။
“ရေကတော့ ဆက်တက်နေတုန်းပဲ။ အခုလောလောဆယ် မဟာမြိုင်မှာလည်း ဆက်တက်နေတာ တဖြည်းဖြည်းနဲ့။ လမ်းကြားတွေထဲမှာတော့ ရင်ဆို့လောက်ထိရောက်ကုန်ပြီ။ အတွင်းပိုင်းတွေမှာဆို လူတစ်ရပ်မြုပ်တယ်” လို့ ကယ်ဆယ်ရေးသမားတစ်ဦးက ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းကတော့ ပဲခူးမြို့ပေါ်က ဘုရားလမ်း၊ မဂ္ဂတစ်လမ်းနဲ့ မှော်ကန်စတဲ့နေရာတွေဘက်မှာ ရေအနည်းငယ်ပြန်ကျပေမယ့် နေ့လယ်ပိုင်းမှာ မိုးပြန်ရွာနေတာကြောင့် ရေထပ်တက်မှာ စိုးရိမ်နေရတယ်လို့ ပဲခူးမြို့ခံတွေကပြောပါတယ်။
“မိုးကလည်း အခုရွာနေတာပဲ။ မိုးအရမ်းရွာရင်တော့ သတိထားရမယ်။ မြို့ထဲက တချို့နေရာတွေဆို ရေကပေါင်လောက်ရှိတယ်။ ပဲခူးအထွက်က ကလိရွာဘက်မှာဆို တစ်ရွာလုံးရေမြုပ်နေတယ်။ စားနပ်ရိက္ခာအကူအညီတွေလည်း လိုအပ်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပဲခူးမြို့အတွင်းက ကျေးရွာနဲ့ ရပ်ကွက်ပေါင်း သုံးဆယ်ကျော် ရေနစ်မြုပ်နေပြီး လူဦးရေနှစ်သောင်းကျော်ကို ရေဘေးလွတ်ရာရွှေ့ပြောင်းထားရသလို ရေဘေးကယ်ဆယ်ရေးစခန်း ၂၇ ခု အထိဖွင့်လှစ်ထားရတယ်လို့ မြို့ပေါ်မှာ ကယ်ဆယ်ရေးလုပ်နေသူတွေက ပြောကြပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီနေ့သတင်းထုတ်ပြန်ချက်အရ ပဲခူးမြစ်ရေဟာ ပဲခူးမြို့ရဲ့ စိုးရိမ်ရေမှတ်အထက် လေးပေကျော်လွန်နေပြီး မနေ့ကထက်ပိုမြင့်တက်လာတယ်လို့ ဆိုထားပါတယ်။
မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ Global Flood Hub(GFH) ကို အသေးစိတ်လေ့လာတဲ့အခါ ပဲခူးမြစ်၊ စစ်တောင်းမြစ်၊ စစ်တောင်းနဲ့ ပဲခူးတူးမြောင်းရေပြင်တွေဟာ လာမယ့်ဩဂုတ် ၅ ရက်မှာ ရေပြန်ကျဆင်းရန် မျှော်လင့်နိုင်တယ်လို့ အသိပေးထားပါတယ်။
ပဲခူးမြို့မှာ မနှစ်က ဩဂုတ်နဲ့ အောက်တိုဘာတုန်းကလည်း တစ်မြို့လုံးနီးပါး ရေကြီးနစ်မြုပ်ခဲ့ပြီး လူဦးရေသောင်းချီရေဘေးသင့်ခဲ့ပါတယ်။
ဒီလလယ်ပိုင်းက စတင်ရွာသွန်းနေတဲ့မိုးကြောင့် နိုင်ငံအနှံ့အပြားမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေပါတယ်။ ဧရာဝတီ၊ ပဲခူး၊ ကရင်၊ ကရင်နီ၊ မွန်၊ မကွေး၊ စစ်ကိုင်းနဲ့ ရခိုင်လို ဒေသတွေမှာ ရေလွှမ်းမိုးမှုတွေဖြစ်နေပြီး လယ်တွေရေမြုပ်တာ၊ အိုးအိမ်တွေရေလွှမ်းပျက်စီးတာနဲ့ လမ်းပိုင်းတွေပြတ်တောက်တာတွေလည်း ဖြစ်ပွားနေပါတယ်။
ပုံစာ-ရေနစ်မြုပ်နေတဲ့ ပဲခူးမြို့တွင်းမြင်ကွင်းများ။
ဓာတ်ပုံ-Aung Phyo Zaw

