ရွေးကောက်ပွဲဆိုင်ရာ ကတိကဝတ်များ စောင့်ကြည့် လေ့လာသူ-ဦးညွှန့်ဝင်းနှင့် တွေ့ဆုံခြင်း

ရွေးကောက်ပွဲကာလတွင် ပေးခဲ့သော ကတိကဝတ်များကို အစိုးရသစ်က အမှန်တကယ် အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်ကြဖို့ ဘာကြောင့်လိုအပ်တာပါလဲ။ စောင့်ကြည့်သည့်အခါတွင်လည်း မည်သို့စောင့်ကြည့် သင့်ပါသလဲ။ ဘယ်အချက်တွေကို အထူးသဖြင့် စောင့်ကြည့် သင့်ပါသလဲ။ နိုင်ငံတကာမှာရော မည်သို့စောင့်ကြည့်ကြ ပါသလဲ။

အထက်ပါမေးခွန်းများအတွက် အဖြေရရှိဖို့ ရွေး ကောက်ပွဲဆိုင်ရာ ကတိကဝတ်များနှင့် စပ်လျဉ်းပြီး ကိုယ် တိုင်စောင့်ကြည့် လေ့လာသူတစ်ဦးဖြစ်သကဲ့သို့  အသိပညာ ပေးသူတစ်ဦးလည်း ဖြစ်သည့် အလွတ်တန်းသတင်းစာဆရာ ဦးညွန့်ဝင်းကို မော်ကွန်းက တွေ့ဆုံမေးမြန်းထားပါသည်။ ဦးညွန့်ဝင်းသည် ယခင်က မြန်မာတိုင်းမ်ဂျာနယ်၊ The Trade Times ဂျာနယ်နှင့် The Farmer Journal များတွင် အယ်ဒီတာအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့ပြီး လူ့အခွင့် အရေးနှင့် ဒီမိုကရေစီဂျာနယ်တွင် တာဝန်ခံအယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့သည်။ အောက်ဖော်ပြ ပါတို့မှာ ၎င်းနှင့် တွေ့ဆုံမေးမြန်းထားသည့်အထဲမှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါသည်။

မော်ကွန်း။  ။ အစိုးရတစ်ရပ်ရဲ့ ကတိကဝတ်တွေက ပြည်သူလူထု အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်ပါသလဲ။

ဦးညွန့်ဝင်း။  ။ နိုင်တဲ့ပါတီ၊ နိုင်တဲ့အစိုးရတွေက ပြည်သူလိုချင်တဲ့ ကတိကဝတ်တွေကို ပိုက်ပြီး တက်လာကြတာချည်းပါပဲ။ ကတိ ကဝတ်ပေးလိုက်ပြီဆိုရင်တော့ ပြည်သူတွေက မျှော်လင့်ကြမှာပဲ။ သူတို့လိုချင်တဲ့ ကတိကဝတ်တွေ ပေးမယ်ဆိုရင် ပြည်သူတွေက ပျော်ကြမယ်။ ဒါနဲ့ပတ်သက်ပြီးတော့ သူတို့ စိတ်ကူးယဉ်ကြမယ်၊ စောင့်ကြည့်ကြမယ်ပေါ့။ ကတိကဝတ်တွေပေးကြတယ်ဆိုတာ ကတော့ ရွေးကောက်ပွဲကာလမှာ ပေါ်ပေါက်လာတဲ့ အခြေအနေ တစ်ရပ်ပေါ့။ သို့သော်လည်း ဒီကတိကဝတ်တွေကို အကောင် အထည်ဖော်ခြင်း၊ မဖော်ခြင်းဆိုတာကတော့ တစ်ပိုင်းပေါ့။ ဒါက တော့ ရွေးကောက်ပွဲအပြီး အစိုးရဖွဲ့ပြီးတဲ့နောက်ပိုင်း စောင့် ကြည့်ရမယ့် အနေအထားပေါ့။

မော်ကွန်း။  ။ ကတိကဝတ်တွေကို အကောင်အထည်ဖော်တဲ့အခါ အစိုးရအနေနဲ့ ဘယ်အချက်တွေကို လက်ကိုင်ပြုသင့်တယ်လို့ ထင်ပါသလဲ။

ဦးညွန့်ဝင်း။  ။ ကတိကဝတ် အကောင်အထည်ဖော်တယ်ဆို တာကတော့ ဘယ်လိုကတိကဝတ်မျိုးတွေလဲဆိုတာကလည်း အဓိကကျသေးတယ်။ အကောင်းဆုံးကတော့ ကိုယ်တကယ် လုပ်ပေးနိုင်မယ့် ကတိတွေကို ပေးဖို့တော့ လိုတာပေါ့။ ကိုယ် မလုပ်ပေးနိုင်တဲ့ ကတိကိုလည်း မပေးနဲ့၊ ပေးပြီးပြီဆိုရင်လည်း ပေးတဲ့အတိုင်းတည်အောင် လုပ်ရမှာဖြစ်ပါတယ်။

ကတိကဝတ်ဆိုတာတွေကတော့ ရေတိုရှိတယ်၊ ရေရှည်ရှိ တယ်။ ရေတိုဆိုတာကတော့ အခုပြောနေတဲ့ ရက် ၁ဝဝ လည်း ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် တစ်နှစ်လည်းဖြစ်နိုင်တယ်။ ရေရှည် ဆိုတာမျိုးကတော့ ငါးနှစ်လည်း ရချင်မှရမယ်၊ နောက်အစိုးရ တစ်ဆက်လည်း ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကတိကဝတ်မျိုးတွေပေါ့။ ဆိုပါတော့ လျှပ်စစ်မီးလို၊ ကားကျပ်မှုလို၊ အပစ်ရပ်ငြိမ်းချမ်းရေးလိုဟာမျိုးတွေက ရေတိုဖြေရှင်းလို့မရနိုင်ဘူး။ အချိန်အတိုင်း အတာတစ်ခုယူပြီး ဖြေရှင်းမှ ရနိုင်တာမျိုးဖြစ်ပါတယ်။ နောက် တစ်ခုက ဖွဲ့စည်းပုံပြင်ရေးဆိုရင်လည်း လက်ရှိသက်တမ်းငါးနှစ် အတွင်းမှာ ပြင်ဆင်လို့ရကောင်းရနိုင်သလို၊ ပြင်ဆင်မရတာမျိုး လည်း ရှိနိုင်တယ်။ ဒါမျိုးတွေက ကံသေကံမ ပြောလို့မလွယ်ဘူး။

အဲဒီတော့ အစိုးရအနေနဲ့က ကတိတစ်ခုပေးတော့မယ်ဆိုကတည်း က ပြည်သူကို ရိုးသားစွာပေးပါ။ ပေးထားလျက်နဲ့မှ အကောင် အထည်ဖော်တဲ့အပိုင်းမှာ အားနည်းချက်တွေ ရှိခဲ့တယ်ဆိုရင် လည်း ပြည်သူလူထုထံမှာ ရိုးသားစွာဝန်ခံပါ။ ပြောလိုတာက ပြည်သူကိုချပြပေါ့။ အဲဒီတော့ အစိုးရတစ်ရပ်အနေနဲ့ ကိုယ်ပေး တဲ့ကတိကို အတတ်နိုင်ဆုံး တည်အောင်လုပ်ဖို့က အရေးကြီးတာ ပါပဲ။

မော်ကွန်း။  ။ ပေးထားတဲ့ကတိတွေအတိုင်း အမှန်တကယ် အကောင်အထည်ဖော်ခြင်း ရှိ၊ မရှိဆိုတာကို ဘယ်လို စောင့် ကြည့်သင့်ပါသလဲ။ အဲဒီလိုစောင့်ကြည့်မယ်ဆိုရင် ဘယ်လို လူ ပုဂ္ဂိုလ်အဖွဲ့အစည်းတွေ ပါဝင်သင့်တယ်လို့ ထင်ပါသလဲ။

ဦးညွန့်ဝင်း။  ။ အဖွဲ့အစည်းဆိုတဲ့နေရာမှာတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်တွေရှိမှာပေါ့နော်။ ပြီးတော့ မီဒီယာအဖွဲ့အစည်းတွေပေါ့။ သူတို့က အစိုးရပေးခဲ့တဲ့ ကတိတွေ ဘယ်လောက်အထိ အကောင်အထည်ဖော်မှုရှိလဲဆိုတာကို စောင့်ကြည့်ရမယ်။ နောက်တစ်ခုကတော့ အရပ်ဘက်အဖွဲ့ အစည်းတွေကလည်း ဒီလို စောင့်ကြည့်တာတွေ လုပ်ရမှာဖြစ်ပါ တယ်။ ပြီးတော့ ပြည်သူတွေပေါ့။

ပြည်သူဆိုတာကတော့ ကိုယ့်ရဲ့စားဝတ်နေရေး၊ စီးပွားရေး ကိစ္စတွေဆိုတော့ သီးခြားစောင့်ကြည့်မှုတွေ လုပ်နိုင်ဖို့တော့ မလွယ်ဘူးပေါ့။ ဒါပေမဲ့လို့ ရှိပြီးသား အရပ်ဘက်အဖွဲ့အစည်းတွေ၊ အသစ်ဖွဲ့စည်းမယ့်အဖွဲ့၊ ဒီလိုအဖွဲ့တွေကနေပြီးတော့ တိုးချဲ့ ဖွဲ့ စည်းဖို့ လုပ်ဆောင်တဲ့အခါမှာ လုပ်ငန်းစဉ်တစ်ခုအနေနဲ့ ဆွေး နွေးညှိနှိုင်းသင့်တာက အားလုံးပေါင်းပြီးတော့ ဘယ်လိုစောင့် ကြည့်မှုမျိုးတွေ လုပ်ဆောင်ရမလဲဆိုတာကို အဖြေရှာသင့်ပါတယ်။

နောက်တစ်ခုကတော့ ကိုယ်ဘာပဲလုပ်လုပ် အစိုးရနဲ့ဆက် သွယ်ဆောင်ရွက်ဖို့လည်းလိုပါတယ်။ မဟုတ်လို့ရှိရင် ကိုယ်က တော့ စောင့်ကြည့်နေပြီး အစိုးရက ဘာလုပ်မှန်းမသိရင် ကိုယ့် ရဲ့စောင့်ကြည့်မှုတွေဟာ ဘယ်လိုမှ လမ်းကြောင်းမှန်ပေါ်မရောက် နိုင်ဘူး။ သူတို့ဘာလုပ်နေတယ်သိမှ ကိုယ်ဘယ်လို စောင့်ကြည့်ရ မယ်ဆိုတဲ့နည်းလမ်းရှာတွေ့မှာကိုး။ အဲဒီတော့ မီဒီယာ၊ အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်း ဒီသုံးခုလုံးပူးပေါင်း လုပ်ဆောင်သင့်       ပါတယ်။

မော်ကွန်း။  ။ အစိုးရရဲ့ လုပ်ငန်းစဉ်တွေထိရောက်မှု ရှိ၊ မရှိဆိုတာ ကို ဘယ်အချက်တွေနဲ့ တိုင်းတာသင့်လဲ။

ဦးညွန့်ဝင်း။  ။ ထိရောက်မှုရှိ၊ မရှိဆိုတာကတော့ သူတို့(အစိုးရ) ဘယ်လောက်လုပ်သလဲဆိုတာနဲ့ပဲ တိုင်းတာရမှာပေါ့။ ဥပမာ ဆိုပါတော့၊ အစိုးရက ဘီကိုလုပ်ပေးမယ်လို့ ပြောထားပြီးတော့ တကယ်လုပ်တာက စီဖြစ်နေမယ်၊ ဒီလိုဖြစ်နေမယ်ဆိုရင် ဒါက မအောင်မြင်ဘူးပေါ့။

သို့ပေမဲ့ အဂတိလိုက်စားမှုလိုဟာမျိုးဆိုပါတော့။ ဒါကို ပပျောက်အောင်လုပ်မယ်ဆိုပြီး ပြောမယ်။ ဒါပေမဲ့ အဲဒီလို ကိစ္စ မျိုးတွေက ဘယ်လိုနိုင်ငံမျိုးမှာမှ ပပျောက်အောင် လုပ်နိုင်တယ် ဆိုတာမရှိဘူး။ တစ်ခုတော့ရှိတယ်။ အရင်တုန်းက ရှိခဲ့တဲ့ ဌာန ဆိုင်ရာတွေမှာ ဟိုအထက်လူကြီး၊ ဒီအထက်အရာရှိ စတာတွေကို ပေးရကမ်းရတဲ့ အခြေအနေတွေဟာ အခုနောက်ပိုင်းမှာတော့ ဘယ်လောက်အထိ လျော့ကျလာတယ်ဆိုတာမျိုးတော့ နှိုင်းယှဉ် ပြီး ပြောလို့ရမယ်။

ဒီလိုဖြစ်စဉ်မျိုးတွေရှိနေသေးတယ်။အဲဒီတော့အစိုးရကပြောတဲ့အတိုင်းမလုပ်ဘူးဆိုပြီးသွားအပြစ်တင်လို့မရဘူး။ ခုနက ပြောသလိုပဲ အရင်ကနဲ့ အခု ဘယ်လိုကွာခြားမှုရှိလဲဆိုတာနဲ့ပဲ တိုင်းတာလို့ရမယ်။ ပြောချင်တာက အရင်က ဒီလိုအမှုမျိုး ၁ဝ ခုဖြစ်တယ်၊ အခု ၈ ခုပဲဖြစ်တော့တယ်ဆိုရင် ဒါက လျော့ကျလာ တာပဲ။

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးလုပ်နေတဲ့ ၂၁ ရာစုပင်လုံဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကြည့်မယ်ဆိုပါတော့။ ဒီလိုမလုပ်ခင်တုန်းက တစ်လကို တိုက်ပွဲ ၁ဝ ကြိမ်ဖြစ်ရာက အခုတော့ တစ်လမှ တစ်ကြိမ်လောက်ပဲ တိုက် ပွဲဖြစ်တော့တယ်ဆိုရင် အဲဒီလိုအချက်မျိုးတွေကလည်း ကတိ ကဝတ်တွေအတိုင်း တကယ်လုပ်၊ မလုပ်ဆိုတဲ့နေရာမှာ ထည့် သွင်းစဉ်းစားရမယ့် အချက်တွေပေါ့။

မော်ကွန်း။  ။ အစိုးရသစ်ရဲ့ ကတိကဝတ်တွေထဲမှာ တရားဥပဒေ စိုးမိုးရေးဆိုပြီးတော့ ပါပါတယ်။ ဒါပေမဲ့ အခုလက်ရှိမှာ အုပ် ချုပ်ရေးပိုင်းမှာပါဝင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦး အသတ်ခံ ရတဲ့ကိစ္စမျိုးတွေလည်း ရှိနေတယ်ဆိုတော့ အဲဒီအပေါ်မှာ ဘယ် လိုမှတ်ချက်ပေးချင်ပါသလဲ။ (မေလ ၂၂ ရက်က ကချင်ပြည်နယ်၊ ဖားကန့်ဒေသ၊ မော်ရှန်ရွာက ရာအိမ်မှူး ဒေါ်နန္ဒာလှိုင် သေနတ် ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။ မေလ ၂၉ ရက်တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၁၄ဝ ရပ်ကွက်အုပ်ချုပ် ရေးမှူး ဦးဇော်ဝင်း ဓားခုတ်ခံရပြီး သေဆုံးခဲ့ပါတယ်။)

ဦးညွန့်ဝင်း။  ။ အသတ်ခံရတယ်ဆိုတာကတော့ ဒါက မှုခင်းဖြစ်စဉ် တစ်ခုပေါ့ဗျာ။ တရားဥပဒေစိုးမိုးရေးဆိုတာကတော့ ကျယ်ပြန့် တဲ့ ခေါင်းစဉ်တစ်ခုပေါ့။ တရားဥပဒေစိုးစိုးမိုးရေးဆိုတာကတော့ တရားတဲ့ဥပဒေတွေလည်းရှိရမယ်၊ အဲဒီရှိနေတဲ့ ဥပဒေတွေဟာ လည်း  အသက်ဝင်နေရမယ်။ ဥပဒေချိုးဖောက်တဲ့ ဖြစ်စဉ်တိုင်းမှာ အဲဒီတရားတဲ့ဥပဒေတွေနဲ့ ဘယ်လိုပုံစံ အရေးယူဆောင်ရွက် သလဲ ဆိုတာကလည်း မြင်သာထင်သာရှိရမယ်။

ကျွန်တော့်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး ဥပမာတစ်ခုပေးရမယ်ဆိုရင် ပြီးခဲ့တဲ့နှစ်ဆန်းတစ် ရက်နေ့မှာ ဖြစ်သွားတဲ့ ရွှေတိဂုံဘုရားကကိစ္စပေါ့နော်။ ဘာလဲဆို တော့ အစ္စလာမ်ဘာသာဝင်တစ်ဦးက ဈေးရောင်းတာကို ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးတစ်စုက မရောင်းရဘူးဆိုပြီးတော့ အတင်းဖယ်ရှားခိုင်းတဲ့ ဖြစ်စဉ်ပေါ့။ သက်ဆိုင်ရာ အစိုးရ တာဝန် ရှိသူတွေအနေနဲ့လည်း ဒီကိစ္စကို တရားဥပဒေနဲ့အညီ တောင်းပန် သင့်သူကို တောင်းပန်မယ်၊ ဥပဒေအရ အကာအကွယ်ပေးသင့်သူ ကိုလည်း ပေးမယ် စသဖြင့် ဖြေရှင်းဆောင်ရွက်တာ မတွေ့ရဘူး။

ဆိုတော့ ဒါကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုအားနည်းနေသေးတယ်ဆိုတာကို ထောက်ပြလို့ရတယ်။ ပြောမယ်ဆိုရင် ဘယ် လောက်ပဲ ဥပဒေစိုးမိုးတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေပါစေ၊ ဥပဒေချိုး ဖောက်မှုတွေ၊ လူသတ်တာတွေ ရှိနေမှာပဲ။ ဒါပေမဲ့ အဲဒီလိုဖြစ်ပြီး တဲ့နောက်မှာ နောက်ဆက်တွဲအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးလဲဆိုတဲ့အချက်နဲ့ တိုင်းတာရမှာပဲ။ အချုပ်ပြောရရင်တော့ တရားဥပဒေစိုးမိုးရေးဆိုရာမှာ မတရားမှုတွေကို ပွင့်လင်းမြင် သာမှုရှိရှိနဲ့ ဘယ်လိုမျိုးမျှတအောင် ဆောင်ကြဉ်းပေးသလဲဆို တာကို ကြည့်ရမှာပဲ။

မော်ကွန်း။  ။ မဲဆန္ဒရှင် ပြည်သူတွေပါ ပူးပေါင်းပါဝင်တဲ့ စောင့် ကြည့်မှုမျိုးတွေဖြစ်ဖို့ဆိုရင် ဘယ်လိုပုံစံမျိုးနဲ့ လုပ်ဆောင်သင့်ပါ သလဲ။

ဦးညွန့်ဝင်း။  ။ ပြည်သူတွေအနေနဲ့ကတော့ သူတို့ကိုပေးထားတဲ့ ကတိတွေ မတည်ဘူးဆိုရင်တော့ အသံထွက်လာကြမှာပဲ။ သူတို့ ကိုယ်တိုင်ကတော့ ထွေထွေထူးထူးစောင့်ကြည့်နိုင်မှာမျိုးတော့ မဟုတ်ဘူး။ ပြည်သူဆိုတဲ့ စကားလုံးကလည်း အရမ်းကိုကျယ် ပြန့်တယ်။ ပြောမယ်ဆို ကလေးလေးကနေပြီးတော့ ဟိုးလူကြီး အထိပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ပြည်သူထဲမှာ ပါ နေတာပဲ။ အဓိကအရေးကြီးတာကတော့ မီဒီယာတွေနဲ့ အရပ် ဘက်အဖွဲ့အစည်းတွေပဲ။

သူတို့ကနေပြီးတော့ အစိုးရက ဒီအချက် ဒီအချက်တွေကို လုပ်ဖို့အတွက် ကတိပေးထားပြီးတော့ ဒီကာလဒီကာလအထိ အကောင်အထည်ဖော်ခြင်းမရှိဘူးဆိုတာကို အမြဲတမ်းဝေဖန် ထောက်ပြနေရမယ်။ ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းတွေဆိုရင် လည်း ကြေညာချက်တွေ၊ အစီရင်ခံစာတွေ ထုတ်ပြီးတော့ ပြည် သူတွေသိအောင် သတင်းထုတ်ပြန်တာမျိုးတွေ လုပ်သင့်တယ်။

နောက်တစ်ခုက (အရပ်ဘက်)အဖွဲ့အစည်းတွေအနေနဲ့ အစည်းအဝေးတွေ လုပ်တာ၊ သတင်းစာ ရှင်းလင်းပွဲတွေ လုပ်တဲ့ အခါ မီဒီယာတွေကလည်း ကိုယ့်မှတ်တမ်းနဲ့ကိုယ်ထားပြီးတော့ သတင်းတွေရေးတာ၊ ဆောင်းပါးတွေရေးတာ လုပ်ရမှာပေါ့။ အဲဒီ လိုလုပ်တဲ့အခါမှာ ခုနကပြောတဲ့ ပြည်သူတွေ ပူးပေါင်းပါဝင်ဖို့ ဆိုတဲ့နေရာမှာ သူတို့ရဲ့ အသံတွေကို ထည့်လို့ရတယ်။ ဒါဆိုရင် ပြည်သူတွေ ပါဝင်ပြီးသားလည်းဖြစ်သွားမယ်။ NGO တွေပဲ ဖြစ်ဖြစ်၊ မီဒီယာတွေပဲဖြစ်ဖြစ်၊ ပြည်သူတွေရဲ့ အသံကိုယူပြီး တော့မှ အလုပ်လုပ်လို့ရတာပဲ။ ပြည်သူတွေ မပါလို့မရဘူး။

ဆိုပါတော့၊ ကားကျပ်တာကို ဖြေရှင်းပေးမယ်ဆိုပြီး ပြော ထားတယ်ဆိုပါတော့။ အဲဒီကာလအတွင်းမှာ ဘယ်လောက်အထိ ဖြေရှင်းပေးနိုင်လဲဆိုတာကို သိချင်ရင် ကားသမားတွေ၊ ခရီးသွား ပြည်သူတွေကို မေးရမှာပေါ့။ အဲဒီကျမှ လျော့ရင် လျော့တယ်၊ မလျော့ဘူး၊ မပြေလည်ဘူးဆိုရင်လည်း မပြေလည်ဘူးပေါ့။ အဲဒီ အသံတွေကို နားထောင်ပြီးတော့မှပဲ အခြေအနေမှန်ကို သိရ တော့မှာပေါ့။

ပြည်သူတွေပါဝင်တယ်ဆိုတဲ့နေရာမှာလည်း မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်သွယ်မေးမြန်းလာတဲ့အခါ မိမိတို့ရဲ့ ခံစားချက်တွေကို မှန်မှန်ကန်ကန်နဲ့ ပြည့်ပြည့်စုံစုံဖြေ ကြားပေးဖို့ တာဝန်ရှိတယ်။ ဒါမှလည်း တကယ့်သတင်းမှန်တွေ၊ အခြေအနေမှန်တွေကို အစိုးရက သိနိုင်မှာပေါ့။

မော်ကွန်း။  ။ ဆိုလိုတဲ့သဘောက ပြည်သူတွေနဲ့ တိုက်ရိုက်ဆက် သွယ်ဆောင်ရွက်နေတဲ့ ကြားခံအဖွဲ့အစည်းတွေကနေတစ်ဆင့် ပြည်သူ့ပူးပေါင်းပါဝင်မှုကို ရယူရမယ်လို့ ပြောချင်တာလား။

ဦးညွန့်ဝင်း။  ။ ပြည်သူပါဝင်တယ်ဆိုတဲ့ သဘောက တကူး တကလာပြီး ပါဝင်နေရမယ်လို့ကို မဟုတ်ဘူး။ ပြီးတော့ ဒီမို ကရေစီအစိုးရတွေဆိုတာက ပြည်သူကနေပြီးတောင် သူတို့ကိုယ် စား သူတို့ရဲ့ အကျိုးကိုဆောင်ရွက်ပေးပါဆိုပြီး ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်တွေပဲ။ အဲဒီတော့ ပြည်သူကလည်း အဆင်မပြေ တာရှိရင် သူတို့ရဲ့ကိုယ်စားလှယ်၊ နောက် သူတို့အစိုးရကို ဖြစ်တဲ့ နည်းနဲ့ပြောကြမှာပဲ။ ကားကျပ်ရင်ကျပ်တယ် အော်မယ်။ မီးပျက် ရင် ပျက်တယ်အော်မယ်။ ရေကြီးရင် ကြီးတယ်အော်မယ်။ ဒါကို က ပူးပေါင်းပါဝင်နေပြီးသားပဲ။ ဘာမှထွေထွေထူးထူး လုပ်နေ စရာကိုမလိုဘူး။ ဓာတ်လိုက်ရင်လည်း အော်မှာပဲ။ သေနတ်သံ တွေ မစဲလို့ ကျောင်းမတက်ရဘူးဆိုရင်လည်း အော်မှာပဲ။ အဲဒါ တွေကို မီဒီယာတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေက စောင့်ကြည့် ရေးလုပ်ရမှာ။ လုပ်တဲ့အခါမှာလည်း ပြည်သူ့အသံကိုရယူသလို အစိုးရအသံကိုလည်း ရယူရမယ်။

မော်ကွန်း။  ။ စောင့်ကြည့်သူတွေအနေနဲ့ကရော ဘယ်အချက်တွေ ကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်မလဲ။

ဦးညွန့်ဝင်း။  ။ ဘယ်အချက်တွေကို လိုက်နာရမလဲဆိုတာကတော့ မီဒီယာဆိုလည်း သူ့မှာ ကျင့်ဝတ်စည်းကမ်းတွေ ရှိနေတာပဲ။ နောက်တစ်ခုက အရပ်ဘက်အဖွဲ့အစည်းဆိုရင်လည်း အဖွဲ့ အစည်းဆိုင်ရာ ကျင့်ဝတ်စည်းကမ်းတွေရှိတော့ အဲဒီအတိုင်း လိုက်နာကြဖို့ပဲ ရှိတယ်။ ပြီးတော့ ရလာတဲ့ တွေ့ရှိတဲ့အချက်တွေ ကို ရိုးသားစွာချပြရမယ်။ ပြောချင်တာက ပုဂ္ဂိုလ်ရေးအဂတိနဲ့ တစ်ဖက်ဖက်ကို အပုပ်ချချင်တဲ့ပုံစံမျိုး မဖြစ်ဖို့တော့ အရေး    ကြီးတယ်။

ဆိုကြပါတော့ဗျာ။ အစိုးရက သူ့ပေးခဲ့တဲ့ ကတိကဝတ် တွေကို အကောင်အထည်ဖော်သင့်သလောက် ဖော်နေတယ်။ သို့ သော်လည်း အစိုးရအနေနဲ့ မီဒီယာဆက်ဆံရေးနည်းလို့ သတင်း ထုတ်ပြန်တဲ့အပိုင်းမှာ အားနည်းတယ်ဆိုရင် အဲဒီအတွက် လုပ် ဆောင်ချက်တွေကို မသိလိုက်တာကို ကိုယ်က နင်းပြီးတော့ တစ် ဖက်စောင်းနင်း မရေးသင့်၊ မပြောသင့်ဘူးပေါ့။ အဲဒီတော့ကိုယ့်ရဲ့ ကျင့်ဝတ်စည်းကမ်းတွေနဲ့အညီ ရိုးသားစွာလုပ်ရုံပဲ။ ကိုယ့်ရဲ့ ဆန္ဒဂတိကိုလိုက်ပြီးတော့ (အစိုးရက) လုပ်နေတာကို မလုပ်ဘူး၊ မလုပ်တာကို ဖုံးကွယ်ထားမယ်ဆိုတာမျိုး မလုပ်ဖို့ပဲ။ ဒါပဲ အရေး ကြီးတယ်။

မော်ကွန်း။  ။ အစိုးရရဲ့ ကတိကဝတ်တွေကို စောင့်ကြည့်တဲ့အခါ ကာလအပိုင်းအခြားအားဖြင့် ဘယ်လိုသတ်မှတ်နိုင်လဲ။

ဦးညွန့်ဝင်း။  ။ ကာလအပိုင်းအခြားသတ်မှတ်တယ်ဆိုတာက သူတို့(အစိုးရ)ပြောခဲ့တဲ့ ကတိတွေကို ကြားလိုက်ကတည်းကိုက ရေတိုအဆင်ပြေနိုင်သလား၊ ရေရှည်ဆောင်ရွက်ရမယ့်ဟာလား ဆိုတာ သိနိုင်တာပဲ။ အဲဒီအပေါ် မူတည်ပြီး စောင့်ကြည့်သွားရုံပေါ့။ အဲဒီမှာ ဘယ်လိုအဖြေထွက်လာလဲဆိုတဲ့အပေါ်မှာ မူတည်ပြီး အစိုးရသစ်ဟာ ဘယ်လောက်စွမ်းဆောင်နိုင်လဲဆိုတာကို တွက် ရမှာပေါ့။

ဒါတောင်မှ ကျွန်တော်တို့က မြန်မာနိုင်ငံအနေအထားနဲ့ အရမ်းကြီးပြောလို့ မရသေးဘူး။ ဘာလို့လည်းဆိုတော့ ဒီနိုင်ငံ မှာက နိုင်ငံရေးအခန်းကဏ္ဍမှာ စစ်တပ်ရဲ့ ပါဝင်ပတ်သက်နေမှုက အခုအချိန်အထိရှိနေတုန်းပဲ။ အဲဒီလိုပါဝင်ပတ်သက်နေမှုက လည်း အတော်စကားပြောပါတယ်။ အဲဒီတော့ အစိုးရရဲ့လုပ်         ဆောင်ချက်တွေ အကောင်အထည်မပေါ်တိုင်း ဒါကိုညံ့တယ်လို့ ပြောဖို့မလွယ်ပြန်ဘူး။ လက်ရှိဖွဲ့စည်းပုံအရကိုယ်က တပ်မတော် က အာဏာရှိနေတုန်းပဲ။ သူ့(တပ်မတော်)အနေနဲ့ အတိုင်းအတာ တစ်ခုအထိ ပါဝင်ပတ်သက်ခွင့် ရနေတုန်းပဲ။

ဒါပေမဲ့ အပြောင်းအလဲတစ်ခု ဖြစ်သွားတိုင်း ဖြစ်သွားတိုင်း မှာ ဘယ်အဆင့်ထိအကောင်အထည်ပေါ်လာသလဲဆိုတာကို တော့ ကျွန်တော်တို့စောင့်ကြည့်လို့ ရတယ်။ ထောက်ပြလို့ရတယ်။ အဆင့်တစ်ခုကနေ တစ်ခုကို ပြောင်းသွားတိုင်းမှာ တိုင်းတာလို့ရ တယ်။ ဥပမာပြောရရင် ၂၁ ရာစုပင်လုံညီလာခံကြီး ခေါ်ပြီးတော့ မှ လိုချင်တဲ့အဖြေမရဘဲ ကိုယ့်ဝပ်ကျင်းကို ပြန်သွားကြတယ်ဆိုရင် တော့ ဒါကိုမအောင်မြင်ဘူးလို့ ပြောရမှာပေါ့။

မော်ကွန်း။  ။ ပေးထားတဲ့ ကတိတွေအတိုင်း အမှန်တကယ် အကောင်အထည်ပေါ်လာစေဖို့အတွက် အစိုးရကို ဘယ်လိုတွန်း အားပေးမှုမျိုးတွေ လုပ်ဆောင်နိုင်ပါသလဲ။

ဦးညွန့်ဝင်း။  ။ ဘယ်လိုတွန်းအားပေးသင့်လဲဆိုတော့ အစိုးရတစ် ရပ်ကတော့ သူပေးထားတဲ့ကတိတွေကို အကောင်အထည်ဖော် ပြီပေါ့ဗျာ။ အာဏာစပြီးရပြီဆိုကတည်းက အကောင်အထည် ဖော်ပြီပေါ့။ အဲဒီလိုလုပ်တဲ့အခါမှာ အားနည်းချက်တွေရှိနေရင် ထောက်ပြမယ်။ မလုပ်ဘဲထားတာတွေရှိရင် အော်မယ်။ ပြော မယ်။ ပြီးတော့ ဒီမိုကရေစီစနစ်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်ဖြစ်တဲ့ အစိုးရကို ဥပဒေပြုရေးဖြစ်တဲ့လွှတ်တော်ကနေပြီး စောင့်ကြည့် နေမှာပဲ။ အပြန်အလှန်ထိန်းကျောင်းတဲ့သဘောပေါ့။ ဆိုတော့ သေချာတာက အစိုးရတစ်ရပ် အလုပ်မလုပ်ဘူးဆိုတာနဲ့ ပထမ ဆုံး စတွေ့မှာက လွှတ်တော်တွေပဲ။

ဥပဒေပြုရေးကိစ္စကို လွှတ်တော်တွေက လုပ်ရသလို အဲဒီ ဥပဒေတွေအတိုင်း အစိုးရတစ်ရပ်က အကောင်အထည်ဖော် ခြင်း ရှိ၊ မရှိဆိုတာကိုလည်း စောင့်ကြည့်ရမယ့်တာဝန်ရှိတယ်။ အကယ်၍ လွှတ်တော်ကဖြစ်စေ၊ အစိုးရကဖြစ်စေ သူ့အလုပ် သူ မလုပ်ဘူးဆိုရင် အစိုးရကို စွပ်စွဲပြစ်တင်တာလုပ်လို့ရသလို လွှတ် တော်ကိုယ်စားလှယ်ကို ဖြုတ်ချတာမျိုးတွေ လုပ်နိုင်တာပေါ့။ ဒါ ပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ အဲဒီလိုအခြေအနေမျိုး မဖြစ်နိုင် သေးဘူး။

ဥပမာအနေနဲ့ကြည့်ရင် ပြီးခဲ့တဲ့ငါးနှစ်အတွင်းမှာ အစိုးရ က သူလုပ်ချင်တာလုပ်သွားတယ်။ ဒါကို မီဒီယာတွေကလည်း ဝိုင်းပြီးရေးကြတယ်။ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ထောက်ပြကြတယ်။ ဒါပေမဲ့ ဘာမှဖြစ်မလာခဲ့ဘူး။ ကျွန်တော် တို့နိုင်ငံရဲ့ ဒီမိုကရေစီစနစ်လည်ပတ်မှုကြီးကိုယ်၌က အားနည်း နေသေးတာကိုး။ ပြီးတော့ အင်စတီကျူးရှင်းတွေ ကိုယ်တိုင်ကလည်း အားနည်းနေသေးတယ်။

ဆိုတော့ ကျွန်တော်တို့ လိုချင်တာကတော့ အစိုးရရဲ့ ကတိ ကဝတ်တွေအတိုင်း ရာနှုန်းပြည့်အကောင်အထည်ဖော်တာမျိုးကို လိုချင်တာပဲ။ ဒါဟာ ပြည်သူတွေရဲ့ အိပ်မက်ပဲ။ သို့သော်လည်း အမေရိကန်သမ္မတ အိုဘားမားတောင်မှ သူပေးထားတဲ့ ကတိ တွေအတိုင်း ရာနှုန်းပြည့်အကောင်အထည်မဖော်နိုင်ဘူး။ လိုအပ် ချက်တွေရှိတာပဲ။ အဲဒါကြောင့်မို့လို့ ပြည်သူတွေက အိုဘားမားကို လမ်းပေါ်ထွက် ဆန္ဒပြလားဆိုတော့ မပြပါဘူး။ အိုဘားမားအစိုးရ ကိုယ်တိုင်ကလည်း သူ့ရဲ့သက်တမ်းကုန်တော့မယ်ဆိုတော့ ပေး ထားတဲ့ကတိတွေနဲ့ ဆောင်ရွက်ခဲ့တဲ့ဟာတွေကို ဘယ်လောက် တော့ အောင်မြင်၊ ဘယ်လောက်တော့မအောင်မြင်ဘူး၊ စသည် အားဖြင့် ပြည်သူလူထုထံကို ပွင့်လင်းမြင်သာချပြတာတွေ လုပ်နေပြီ။

ပြောချင်တာကဗျာ၊ အစိုးရတစ်ရပ်က သူအောင်မြင်ခဲ့တာ တွေရော၊ မအောင်မြင်ခဲ့တာကိုရော ရိုးသားမှုရှိရှိ ချပြဝန်ခံရဲ ရမယ်။ အရမ်းကြီးဆိုးတဲ့ အစိုးရမျိုးဖြစ်နေတယ်၊ ဒီမိုကရေစီ ကျင့်စဉ်တွေနဲ့ သွေဖည်လာနေတယ်၊ အာဏာရှင်ဆန်ဆန် အုပ် ချုပ်နေတဲ့အစိုးရမျိုးဆိုရင်တော့ ပြည်သူတွေက လမ်းပေါ်ထွက် ဆန္ဒပြတာမျိုးတွေ ရှိနိုင်တာပေါ့။

ပြီးတော့ လက်ရှိအခြေအနေတွေက အစိုးရအနေနဲ့ ပေး ထားတဲ့ကတိတိုင်းကို လုပ်ပေးနိုင်လိမ့်မယ်ဆိုပြီး အရမ်းကြီး မျှော်လင့်လို့မရဘူး။ သူမှာလည်း စိန်ခေါ်မှုတွေက အများကြီး။ ပြောမယ်ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့က မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကို တာဝန်ယူနေရတာဟာ ဘာနဲ့တူသလဲ ဆိုတော့ ကားစုတ်တစ်စီးကို တက်ပြီး မောင်းနေရသလိုပဲ။ ကား ကြီးကလည်း အစုတ်ကြီး။ ဒီအပေါ်မှာပါလာတဲ့လူတွေကလည်း ရန်ဖြစ်နေကြတယ်ဆိုတော့ ဒီအခြေအနေကို လွယ်လွယ်နဲ့ ဖြေ ရှင်းဖို့ဆိုတာတော့ ဘယ်လိုမှကို မဖြစ်နိုင်ဘူး။ ဒါပေမဲ့လို့ အစိုးရ ကလည်း သူလုပ်နိုင်တာကို လုပ်နေတာတွေရှိမယ်၊ မလုပ်တာ တွေလည်း ရှိနိုင်တယ်။ လွှတ်တော်ကလည်း ထိုနည်းလည်း ကောင်းပဲ။ ဆိုတော့ ပြည်သူတွေအနေနဲ့ကလည်း လိုင်းပေါင်းစုံက နေ အသံတွေထုတ်နေမယ်။ အဆင်မပြေတာတွေရော၊ အဆင် ပြေတာတွေကိုရော မီဒီယာတွေကနေတစ်ဆင့် ထုတ်ဖော်ပြော ဆိုရင်းနဲ့ စောင့်ကြည့်တဲ့ဟာတွေကိုလည်းပဲ တစ်ပြိုင်နက်မှာ လုပ်သွားကြရုံပဲရှိပါတယ်။

မော်ကွန်း။  ။ နိုင်ငံတကာမှာရော အစိုးရနဲ့ စောင့်ကြည့်ရေးလုပ်ဆောင်သူတွေကြားမှာ ဘယ်လိုပုံစံမျိုး ဆက်သွယ်ဆောင်ရွက် ကြတာ ရှိပါသလဲ။ အဲဒီအခြေအနေတွေကရော ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးလို့ ရနိုင်ပါသလား။

ဦးညွန့်ဝင်း။  ။ နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံကတော့ ပုံစံချင်းမတူ ကြဘူးပေါ့။ နောက်တစ်ခုက ဒီမိုကရေစီရေချိန်တွေလည်း မတူ ကြဘူး။ သဘောတရားအရ ပြောရမယ်ဆိုရင်တော့ ဒီမိုကရေစီ အင်စတီကျူးရှင်းတွေ အရမ်းအားကောင်းတဲ့ နိုင်ငံတွေမှာတော့ စောင့်ကြည့်တဲ့အလုပ်ဟာ တကယ်ကိုထိရောက်မှုရှိတယ်။ ပြီး တော့ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် အစိုးရအနေနဲ့ကလည်း ပေးထားတဲ့ကတိကဝတ်တွေ၊ ဒီမိုကရေစီကျင့်စဉ်တွေကနေ အရမ်းကြီးသွေဖည်ပြီးတော့ မလုပ်ရဲဘူး။ ပေးထားတဲ့ကတိတွေ ကိုလည်း တတ်နိုင်သမျှ အကောင်အထည်ဖော်ပေးရတယ်။

ပြီးတော့ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို ပြည်သူလူထုကို ပွင့်လင်း မြင် သာ ချပြရတယ်။ ပြည်သူတွေကလည်း အစိုးရရဲ့ လုပ်ဆောင် ချက်တွေကို ကြည့်ပြီး အမှတ်ပေးကြတော့ အရမ်းဆိုးတဲ့အစိုးရ မျိုးဆိုရင် သက်တမ်းကုန်တဲ့အထိတောင် နေလို့မရဘူး။ တစ်ခါ တည်း ဆင်းသွားရမှာ။ ဒါကတော့ ဒီမိုကရေစီအင်စတီကျူးရှင်း တွေ အားကောင်းတဲ့နိုင်ငံမျိုးတွေမှာပေါ့။

လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကတော့ ဦးဆောင်နေ တဲ့သူကိုယ်တိုင်က ပြည်သူလုထုက အရမ်းထောက်ခံတဲ့ ပုဂ္ဂိုလ် တစ်ယောက်လည်းဖြစ်နေတယ်။ ဘယ်လောက်တောင်လဲဆိုရင် တော်ရုံတန်ရုံ အလွဲအမှားလေးတွေရှိတယ်ဆိုရင်တောင်မှ သြော်…ဒီလောက်ကတော့ ရှိမှာပေါ့ဆိုတာမျိုး ခွင့်လွှတ်သည်းခံ လိုက်ကြတာတွေ ရှိနေတယ်။ ဒါမျိုးကတော့ ရှိမှာပေါ့လေ။ နှစ်ပေါင်းငါးဆယ်ကျော်တောင် ပျက်စီးလာခဲ့တာပဲ။ ဒါလောက် လေးတွေတော့ ရှိမှာပေါ့ဆိုပြီး အရမ်းကိုအမှတ်ပေးချင်နေကြ တာ။ ပြောရရင် သည်းခံမှုရေချိန်အရမ်းမြင့်တယ်ပေါ့။

ဒါပေမဲ့ ဘယ်လောက်အထိ သည်းခံကြမလဲဆိုတာကို တော့ ကျွန်တော်တို့လည်း မပြောနိုင်ဘူး။ အကယ်၍ မခံနိုင် တာတွေ များလာရင်တော့ သည်းခံမှုရေချိန်ကျရင် ကျသွားနိုင် တာပေါ့။ ဒါပေမဲ့လို့ ဦးသိန်းစိန်လက်ထက်မှာတောင် သက်တမ်း ငါးနှစ်ပြည့်အောင် လုပ်နိုင်သေးတာပဲ။ ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ငါးနှစ်ပြည့်အောင် လုပ်ဖို့ဆိုတာက ဘာမှခဲယဉ်းတဲ့ကိစ္စမဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ပြောချင်တာကတော့ အစိုးရတစ်ရပ်ကို ပြည်သူက အမှတ်ပေးတဲ့အခါမှာ ဒီအစိုးရမဆိုးပါဘူးလေ ဆိုရုံနဲ့ တော်တော်လေးကိုရပ်တည်လို့ရနေပြီ။ ဥပမာ- ဂျပန်နိုင်ငံကို ကြည့်ရင် အစိုးရနဲ့ လွှတ်တော်ကိုယ်တိုင်က အပြန်အလှန် လွန်ဆွဲ မှုတွေများတဲ့အခါမှာ အစိုးရအပြောင်းအလဲတွေ မကြာခဏဆို သလို ပြောင်းတာတွေရှိတယ်။ ဒီမိုကရေစီရေချိန်အားကောင်းတဲ့ နိုင်ငံတွေဖြစ်တဲ့ ဆွီဒင်တို့၊ နော်ဝေတို့၊ ဖင်လန်တို့လို နိုင်ငံမျိုး တွေကျတော့ အရမ်းကို နိုင်ငံရေးတည်ငြိမ်သွားတဲ့အခါ ဘာသံမှ ကိုမကြားရဘူး။ ပြီးတော့ အစိုးရတွေအနေနဲ့ကလည်း ကတိ ကဝတ်တွေကို သိပ်ပြီးကြီးကြီးမားမားပေးစရာတောင် မလိုတော့ ဘူး။ အစိုးရနဲ့ ပြည်သူတွေရဲ့ ဆက်ဆံရေးဟာ ပုံမှန်အနေအထား လေးပဲ။

နိုင်ငံတွင်းမှာ ကြီးမားတဲ့ အကျပ်အတည်းမျိုးတွေ ပေါ်လာ တယ်ဆိုမှသာ သူက ဒါကိုဘယ်လို ဖြေရှင်းမယ်ဆိုတာမျိုး လိုက် လုပ်ပေးရတာ။ ဥပမာ- ၂ဝဝ၈ စီးပွားရေးအကျပ်အတည်းလို ဟာမျိုး။ ဒီအကျပ်အတည်းက အရမ်းကိုကြီးမားတဲ့အတွက် နိုင်ငံ တော်တော်များများကို ရိုက်ခတ်တယ်။ အဲဒီအခါမှာ ပြည်သူတွေ က ကိုယ့်ရဲ့အစိုးရကို စီးပွားရေးအကျပ်အတည်းကြောင့် အလုပ် လက်မဲ့တွေများလာတယ်။ အဲဒါကိုဖြေရှင်းပေးဖို့တောင်းဆိုမယ်။ ဒီအခါကျမှ အစိုးရက ဒါကို သူတို့ ဘယ်လိုဖြေရှင်းပေးပါ့မယ်၊ အချိန်ဘယ်လောက်ကြာနိုင်တယ်ဆိုတာမျိုး ဖြေရှင်းရတာပေါ့။

မော်ကွန်း။  ။ အစိုးရအနေနဲ့ ပေးထားတဲ့ကတိကဝတ်တွေနဲ့ ပတ်သက်ပြီး ပထမ ရက် ၁ဝဝ အတွင်းမှာ ဘယ်လောက်အထိ လမ်းကြောင်းပေါ် ရောက်လာနေပြီလို့ ထင်ပါသလဲ။

ဦးညွန့်ဝင်း။  ။ အဓိကကတော့ လက်ရှိအစိုးရက သူတကယ် လုပ်လား၊ မလုပ်လားဆိုတာက ပြည်သူ့အသံကို သူဘယ်လောက် နားထောင်သလဲပေါ့။ ပြည်သူတွေရဲ့ လက်တွေ့လိုအပ်ချက်ကို အဆင်ပြေအောင် ဘယ်လောက်လုပ်ပေးနိုင်သလဲ။ ဒါကိုပဲ ကြည့် ရမှာပဲ။ အခု ရက် ၁ဝဝ ဆိုတဲ့အတွင်းမှာတော့ သိပ်ကိုကြီးလေးတဲ့ ကိစ္စမျိုးတွေကိုတော့ သွားကြည့်လို့မရဘူး။ လတ်တလော လို အပ်ချက်လေးတွေကိုတော့ ဘယ်လောက်ဖြေရှင်းပေးသလဲဆိုတာကိုတော့ ကြည့်ရမှာပေါ့။ ဒါလေးတွေနဲ့ ပြန်တိုင်းတာရမှာပေါ့။

ရက် ၁ဝဝ ဆိုတဲ့ဟာက တကယ်တမ်းကြည့်ရင် သုံးလကျော်ပဲရှိ တာလေ။ ဘယ်လောက်မှမကြာဘူး။ ဧပြီလအတွင်းမှာကိုပဲ ရုံး ပိတ်ရက်တွေနဲ့ ဘာမှလုပ်ချိန်မရဘူး။ အစိုးရတိုင်းကတော့ တက် လာလာချင်းမှာ ပြည်သူသဘောကျအောင်ဆိုပြီး အရမ်းစွတ်လုပ် ပြတာရှိတတ်တယ်။ အခုရန်ကုန်မှာဆိုရင် သင်္ကြန်ကာလတုန်းက မဏ္ဍပ်ကိစ္စတွေ။ ပြီး ည ၁၁ နာရီကိစ္စ။ ရေနုတ်မြောင်းတွေ လိုက် ဖော်နေတာ။ ပြောမယ်ဆိုရင်တော့ ကဏ္ဍတော်တော်များများမှာ တော့ သူ့တာဝန်နဲ့သူ လုပ်နေကြတာ တွေ့ရပါတယ်။

ပြီးတော့ ပြန်ကြားရေးလိုဟာမျိုးကို ကြည့်မယ်ဆိုရင် လည်း မီဒီယာပိုင်းမှာ ပြောင်းလဲလာတာလေးတွေရှိခဲ့တယ်။ ဒါ ပေမဲ့ အစိုးရတစ်ရပ်က တက်တက်ချင်းမှာ များများလုပ်တတ် သလို ဆင်းခါနီးမှာလည်း များများလုပ်ပြတတ်တယ်။ အလယ် လောက်မှာတော့ အီသွားတတ်တာမျိုးလေးတွေ ရှိတာပေါ့။ ဆိုတော့ အဲဒီလိုဖြစ်၊ မဖြစ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာ ပေါ့။ ပြည်သူတွေရဲ့ လိုလားချက်ကတော့ သက်တမ်း အစတုန်းက လိုပဲ ငါးနှစ်လုံး အစ၊ အလယ်၊ အဆုံး ကောင်းအောင်လုပ်သွားနိုင် ပါစေလို့ ဆုတောင်းကြရမှာပါပဲ။

မော်ကွန်း။  ။ စောင့်ကြည့်ရေးနဲ့ပတ်သက်ပြီး ပညာပေးလုပ်ဆောင် နေသူတစ်ဦးအနေနဲ့ ဘယ်ကဏ္ဍတွေကို အဓိကထားပြီး စောင့် ကြည့်ရမယ်လို့ ထင်ပါသလဲ။

ဦးညွန့်ဝင်း။  ။ စောင့်ကြည့်တယ်ဆိုတဲ့နေရာမှာတော့ ဘယ်ကဏ္ဍကိုမှ ချန်ထားလို့တော့ မရဘူး။ ဒါပေမဲ့လို့ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိလဲ၊ ပွင့်လင်းမြင်သာမှုဘယ်လောက်ရှိလဲ၊ အဲဒီ အပိုင်းတွေကတော့ တင်းတင်းကျပ်ကျပ်စောင့်ကြည့်ဖို့ လိုတယ်။ ဆိုလိုတာက သိပ်ပြီးတော့ လျှော့လျှော့ပေါ့ပေါ့ လုပ်လို့တော့မရ ဘူး။ ပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ရှိရင် နှစ်ဆန်းတစ်ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ စကားရှိတယ်။

ဘာလဲဆိုတော့ တရားဥပဒေစိုးမိုးမှုရှိရုံတင်မကဘူး။ တရားမျှတမှုရှိတယ်ဆိုတာကိုလည်း သိသာမြင်သာရမယ်ဆိုပြီး ပြောခဲ့တယ်။ အဲဒီတော့ ဟုတ်ပြီ၊ မတရားမှုတွေဖြစ်တိုင်းဖြစ်တိုင်း မှာ အစိုးရက ဘာသံထွက်လာသလဲ။ ဥပမာ-ဖားကန့်မှာ မြေပြို သွားတယ်။ ပြိုတယ်ဆိုတာကတော့ ခေတ်အဆက်ဆက်ကလုပ်ခဲ့ တဲ့ဟာတွေရဲ့ အကျိုးဆက်တွေ၊  အလွယ်တကူပြင်လို့တော့ မရ ဘူးပေါ့။ အဲဒီမှာ အစိုးရကဘာပြောခဲ့သလဲဆိုတာမျိုးတွေနဲ့ တိုင်း တာကြည့်ရမယ်။ အစိုးရအနေနဲ့ တိုက်ရိုက်တာဝန်ရှိတဲ့ ကိစ္စမျိုး တွေဖြစ်တိုင်းမှာ ဘာတွေပြောသလဲ။ ရေငုံနှုတ်ပိတ်နေသလား စတာမျိုးတွေကို ကြည့်ရမယ်။

နောက်တစ်ခုက ပြည်သူတွေသိလိုတဲ့အရာတိုင်းကို အစိုးရ က အမြဲတမ်းပေးနေသလား။ ရှောင်ထွက်သွားသလား။ ဒါတွေ လည်းကြည့်ရမှာပေါ့။ ဒါကို အစိုးရက မထုတ်ပြန်ဘူး၊ ထိမ်ချန် ထားမယ်ဆိုရင် ထုတ်ပြန်ပေးဖို့ ပြောကြရမှာပေါ့။ ပြောချင်တာက တော့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက် ရှိတယ်ဆိုတဲ့အပိုင်းတွေမှာ အဓိက စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

မော်ကွန်း။  ။ ဘာများဖြည့်စွက်ပြောလိုတာရှိပါသေးလဲ။

ဦးညွန့်ဝင်း။  ။ အစိုးရအသစ်လည်း ဖြစ်တယ်၊ ပြီးတော့ လက်ရှိ အစိုးရက ပြည်သူထောက်ခံမှုအများစုကိုလည်း ရထားတယ်ဆို တော့ တချို့နေရာတွေမှာ ကိုယ့်ကိုကြိုက်လို့ ဖော့ပြီးဝေဖန်တာ၊ ချီးကျူးတာတွေအပေါ်မှာ ဖော့တုံးလေးနဲ့ ရိုက်တယ်ဆိုပြီး ထင် နေလို့တော့မရဘူး။ ပြောချင်တာက ချီးကျူးသံတွေ ရှိနေလို့ လည်း ဒါကိုကျေနပ်မနေဖို့၊ ဆဲသံတွေရှိနေလို့လည်း ဂရုစိုက်မနေ ဘဲနဲ့ ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်သွားဖို့ပဲ အရေးကြီး ပါတယ်။

နောက်တစ်ခု ပြည်သူတွေအနေနဲ့လည်း ဟာ…ဒါ ငါတို့ ကြိုက်တဲ့အစိုးရပဲဆိုပြီးတော့ ကိုယ်ခံစားနေရတာတွေကို ဖော့ မပြောဘဲ အမှန်အတိုင်း အသံတွေထုတ်ဖို့ လိုပါတယ်။ ပြီးတော့ လက်ရှိအစိုးရရဲ့တာဝန်တွေကို ယူထားရတဲ့ ပုဂ္ဂိုလ်တွေဟာ အုပ် ချုပ်ရေးပိုင်းမှာ ခုမှစပြီး လုပ်ဖူးသူတွေဖြစ်တဲ့အတွက် မှားတာ လည်းရှိမယ်၊ မှန်တာလည်းရှိမယ်။ သူတို့မှာ စိတ်ဓာတ်တစ်ခု တည်းနဲ့ လုပ်နေရတာ။ အဲဒီမှာ တစ်ခုရှိတာကတော့ အားနည်း ချက်တွေကို ဝေဖန်ထောက်ပြတဲ့အခါမှ အချို့သောတုံ့ပြန်မှုတွေ က ပြင်းထန်လွန်းတာကို တွေ့ရပါတယ်။

ဘယ်လိုလဲဆိုတော့ လုပ်တတ်ရင်လည်း မင်းတို့ပဲ တက်ပြီး အုပ်ချုပ်တော့ဆိုတာမျိုးတွေပေါ့နော်။ ဝေဖန်တဲ့သူတွေကလည်း အပြုသဘောဆောင်တဲ့ ဝေဖန်မှုမျိုး ဖြစ်ဖို့လိုသလို ဝေဖန်ခံရသူ တွေအနေနဲ့ကလည်း သည်းခံပြီးတော့ အပြန်အလှန်အားဖြင့် ထိန်းကျောင်းတဲ့ လုပ်ငန်းသဘောကို နားလည်ထားကြဖို့ပါပဲ။        ။

၂၀၁၆-ဇူလိုင်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၆) မှ အင်တာဗျူး ဆောင်းပါးဖြစ် ပါသည်။

 မင်းလွင် တွေ့မေးသည်။           .

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."