“ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ရရှိဖို့ဆိုတာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကပဲ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်”

မွန်ပြည်သစ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ခွဲထွက်အဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာဦးဆောင်အဖွဲ့ဒုအဖွဲ့ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်နှင့်မေးမြန်းခြင်း
ရန်ကုန် – ၂၀၂၄ ဖေဖေါ်ဝါရီ ၁၄ (မော်ကွန်း)

NCA ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီလက်အောက်က အထွေထွေအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်အပါအဝင် ပါတီဝင်တွေ၊ တပ်မှူးတွေဟာ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကိုဖွဲ့စည်းကာ စစ်ကောင်စီကိုတိုက်ခိုက်သွားမယ်ဆိုတဲ့ ကြေညာချက်ကို ဒီနေ့ ထုတ်ပြန်လာပါတယ်။ မွန်ပြည်သစ်ပါတီ (NMSP) ဟာ စစ်ကောင်စီနဲ့ သုံးကြိမ်တွေ့ဆုံခဲ့ပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲအချို့မှာ ဝင်ရောက်ပါဝင်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အဖွဲ့အတွင်းမှာ နိုင်ငံရေးနဲ့စစ်ရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေဖြစ်လာပြီး အဖွဲ့အတွင်းခွဲထွက်မှုဖြစ်လာခဲ့တာပါ။

အခုလို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့) ကို ဖွဲ့စည်းကာ ပါတီကနေခွဲထွက်ရတဲ့ အကြောင်းရင်းနဲ့ စစ်ကောင်စီကိုတိုက်ခိုက်သွားမယ့်အခြေအနေတွေနဲ့ပတ်သက်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး ခွဲထွက်အဖွဲ့ရဲ့ နိုင်ငံရေး၊စစ်ရေးဆိုင်ရာဦးဆောင်အဖွဲ့ဒုအဖွဲ့ခေါင်းဆောင်နဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ယူထားသူ နိုင်ဗညားလယ်ကို မော်ကွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။

မော်ကွန်း – လက်ရှိ မွန်ပြည်သစ်ပါတီရဲ့ ခေါင်းဆောင်ပိုင်းအချို့က တော်လှန်ရေးအင်အားစုတွေနဲ့ ပေါင်းပြီး စစ်အာဏာရှင်ဖျက်သိမ်းရေး တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘာကြောင့် အခုလိုမျိုး ထုတ်ပြန်ခဲ့တာပါလဲ။

နိုင်ဗညားလယ် – အဓိက ထုတ်ပြန်ရတဲ့ အကြောင်းရင်းက မွန်ပြည်သစ်ပါတီအနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး၊ အမျိုးသားတန်းတူညီရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တွေ ရရှိရေးအတွက် တက်လာတဲ့ အစိုးရအဆက်ဆက်နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်။ နောက်ဆုံးမှာလည်း စစ်ကောင်စီနဲ့ သုံးကြိမ်တိုင်တိုင် တွေ့ဆုံဆွေးနွေးခဲ့တယ်။ အဲ့ဒီတွေ့ဆုံဆွေးနွေးတဲ့အပေါ်မှာ ကျွန်တော်တို့ လိုချင်တဲ့ ရလဒ်တစ်စုံတစ်ရာ ရရှိခြင်းမရှိဘဲ သူတို့လိုချင်တဲ့ အခင်းအကျင်းအတိုင်းပဲ လိုက်ပါဆောင်ရွက်နေတဲ့အပေါ်မှာ ကျွန်တော်တို့အနေနဲ့ စစ်ကောင်စီနဲ့‌ ဆွေးနွေးဖို့ အတွက်တော့ မဖြစ်နိုင်တော့ဘူး။ စစ်ကောင်စီ ဆွေးနွေးတဲ့ အခင်းအကျင်းမှာလည်း သူတို့လိုချင်တဲ့ ၂၀၀၈ အဝန်းအဝိုင်းထဲမှာပဲ လက်ခံဆွေးနွေးနေတော့ ကျွန်တော်တို့ လိုချင်တဲ့ မျှော်မှန်းချက်ပန်းတိုင်ကို ဘယ်လိုမှ ရရှိနိုင်လိမ့်မယ်လို့တော့ မမျှော်လင့်ဘူး။ ကျွန်တော်တို့လိုချင်တဲ့ ပန်းတိုင်ရရှိဖို့ဆိုတာ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးကပဲ တစ်ခုတည်းသောနည်းလမ်းဖြစ်တယ်လို့ မြင်တယ်။ အဲ့ဒါကြောင့် ကျွန်တော်တို့က ပါတီညီလာခံမှာ တင်ပြတယ်၊ အကျေအလည်ဆွေးနွေးတယ်။ ဒါပေမယ့် ညီလာခံမှာ စစ်ကောင်စီနဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပွဲတွေ ရပ်ဆိုင်းထားသော်ငြားလည်း နှစ်ဦးနှစ်ဖက် Bilateral သဘောတူညီချက်အတိုင်း ဆက်လက်လျှောက်လှမ်းသွားမယ်ပေါ့။ အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းမယ်။ နယ်မြေဖွံ့ဖြိုးရေးနဲ့ ပညာရေး၊ ကျန်းမာရေးတွေ ဆက်လက်ဆောင်ရွက်သွားမယ်ပေါ့။ ဒီအပေါ်မှာ ကျွန်တော်တို့က စစ်အာဏာရှင်ကို တိုက်ခိုက်သွားဖို့ အချိန်အခါကောင်းတစ်ခုလို့ မြင်ပြီးတော့ အဲ့ဒီအချိန်အခါကောင်းအနေနဲ့ တိုက်ခိုက်သွားဖို့ သဘောထားဆွေးနွေးတယ်။ အဲ့ဒီအပေါ်မှာ ကျွန်တော်တို့ ရည်ရွယ်ချက်တူတဲ့ ပါတီခေါင်းဆောင်တွေ၊ တပ်မှူး၊ တပ်ဗိုလ်တွေ၊ စုစည်းတိုင်ပင်ပြီးတော့ ဒီနည်းလမ်းနဲ့ပဲ သွားလို့ရမယ်ဆိုပြီးတော့ ဒီလမ်းကို လျှောက်လှမ်းလိုက်ခြင်းဖြစ်တယ်။ အခုလို လျှောက်လှမ်းတဲ့အပေါ်မှာ ပြည်သူလူထုနဲ့ တိုင်းပြည်တစ်ခုလုံးနဲ့ မဟာမိတ်အဖွဲ့တွေ သိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ ရပ်တည်ချက်ကို ထုတ်ပြန်ကြေညာရခြင်းဖြစ်တယ်။

မော်ကွန်း – ထုတ်ပြန်ချက်မှာ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး၊ ဒုစစ်ဦးစီးချုပ်အပါအဝင် ပါတီခေါင်းဆောင်တွေ၊ တပ်မှူးတွေဟာ ပူးပေါင်းပါဝင်တယ်လို့ သိရပါတယ်။ အခု ဆရာတို့ဆီမှာပါလာတဲ့ အင်အားစုက ဘယ်လောက်ရှိပါသလဲ။ မွန်ပြည်သစ်ပါတီမှာရှိတဲ့ အင်အားရဲ့ ဘယ်လောက်က ပါဝင်လာပါသလဲ။

နိုင်ဗညားလယ် – လောလောဆယ်ပြောဖို့တော့ ခက်တယ်ပေါ့။ အဲ့ဒီ ကြေညာချက်ထွက်ပြီးမှပဲ ပါတီမှာရှိတဲ့ ရဲဘော်တွေ၊ ပါတီဝင်တွေကို ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ရှင်းပြမယ်။ တကယ်လို့ သူတို့လည်း ဒီစစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ နည်းလမ်းတစ်ခုပဲ ယုံကြည်မယ်ဆိုရင်တော့ ကျွန်တော်တို့နဲ့ ပူးပေါင်းမှာပေါ့နော်။

မော်ကွန်း – နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမယ်လို့လည်း ကြေညာချက်မှာဖော်ပြထားတော့ ဘယ်ဒေသတွေမှာ ဘယ်အဖွဲ့အစည်းတွေနဲ့ ဘယ်လိုပုံစံနဲ့ တိုက်ပွဲဖော်ဆောင်မလဲပေါ့။ မွန်ပြည်နယ်ထဲမှာပဲ တိုက်ပွဲတွေ ဖြစ်လာနိုင်သလားပေါ့။

နိုင်ဗညားလယ် – အဓိကကတော့ လှုပ်ရှားတဲ့ဒေသကိုပြောရရင်တော့ လက်ရှိ မွန်ပြည်သစ်ပါတီ အခြေချနေတဲ့ နေရာတွေနဲ့ မထိစပ်အောင် ပဋိပက္ခမဖြစ်အောင်တော့ ရှောင်ရှားပြီးတော့ လှုပ်ရှားမယ်။ အထူးသဖြင့် မွန်ပြည်သစ်ပါတီရဲ့ လှုပ်ရှားမှုမရှိတဲ့ နယ်မြေတွေမှာ ကျွန်တော်တို့က သွားပြီးတော့ လှုပ်ရှားမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီတပ်တွေရဲ့ ထိန်းချုပ်မှု ပြင်ပမှာ မွန်လူမျိုးတွေ အများကြီးရှိနေသေးတယ်။ အဲ့ဒီဒေသတွေမှာ ကျွန်တော်တို့က အခြေပြုပြီးလှုပ်ရှားမယ်။ လှုပ်ရှားမှုအပိုင်းမှာတော့ ထိစပ်နေတဲ့ မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ရော၊ နွေဦးတော်လှန်ရေး အဖွဲ့တွေနဲ့ရော ချိတ်ဆက်ပြီးတော့ ဟန်ချက်ညီညီ နိုင်ငံရေး၊ စစ်ရေးအနေနဲ့ လှုပ်ရှားသွားပါမယ်။

မော်ကွန်း – မွန်ပြည်သစ်ပါတီရဲ့ လမ်းစဉ်အတိုင်းမလိုက်နာတော့ဘဲ အခုလို ကြေညာတာဟာ အဖွဲ့ကနေ ခွဲထွက်တာလား။ ဒါမှမဟုတ် နုတ်ထွက်တာလား။ ဘယ်လိုပုံစံ ပြောလို့ရမလဲခင်ဗျ။

နိုင်ဗညားလယ် – ကျွန်တော်တို့အနေနဲ့ မွန်ပြည်သစ်ပါတီ တစ်ခုလုံးအနေနဲ့ ရည်ရွယ်ချက်ကတော့ တူတူပါပဲ။ အဲ့ဒီရည်ရွယ်ချက်ကို သွားတဲ့ နည်းလမ်းကတော့ ကွဲပြားသွားတာပေါ့။ ကျွန်တော်တို့က စစ်အာဏာရှင်စနစ်ကို တိုက်ခိုက်မယ်၊ သူတို့နည်းလမ်းကတော့ ကိုယ့်ဒေသ ထိခိုက်မှုနည်းအောင် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းမယ်။ အဲ့ဒီလို နည်းလမ်းနှစ်ခုကွဲသွားတာပေါ့။

မော်ကွန်း – စစ်တပ်က အာဏာစသိမ်းကတည်းက မွန်ပြည်သစ်ပါတီဟာ NCA လမ်းကြောင်းအတိုင်းပဲ လုပ်ဆောင်နေခဲ့တာပေါ့။ အာဏာသိမ်းတာ သုံးနှစ်ကျော်အကြာမှာတော့ မွန်ပြည်သစ်ပါတီအတွင်း အခုလို ကွဲပြားမှုတွေ ဘာကြောင့်ဖြစ်လာပါသလဲ။

နိုင်ဗညားလယ် – ကျွန်တော်တို့လိုလားတဲ့ပန်းတိုင်ရောက်ရှိဖို့အတွက် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့က အကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ မြင်တယ်။ ကျွန်တော်တို့ ပြည်သူတွေ ထိခိုက်မှုနည်းမယ်၊ သွေးထွက်သံယိုမှု နည်းမယ်။ အဲ့ဒီနည်းလမ်းအတိုင်း ကျွန်တော်တို့က သည်းခံပြီးဆွေးနွေးခဲ့တယ်။ နောက်ဆုံးမှာ ဆွေးနွေးလို့မရတဲ့အဆုံးမှာ ဒီနည်းလမ်းကို ရွေးချယ်လိုက်ရခြင်းဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ လိုလားတဲ့ပန်းတိုင်ရောက်ဖို့အတွက် ဒီနည်းလမ်းကို မလွဲမသွေ ရှောင်လွှဲမရတဲ့အနေနဲ့ ရွေးချယ်လိုက်ရခြင်းဖြစ်တယ်။

မော်ကွန်း – စစ်ကောင်စီဟာ စစ်မှုမထမ်းမနေရ ဥပဒေထုတ်ပြန်လာတာရှိပါတယ်။ အဲ့ဒီအပေါ် မွန်လူငယ်တွေမှာလည်း စိုးရိမ်မှုတွေ ရှိလာတယ်။ အဲ့ဒီအပေါ်ရော ဘယ်လို သဘောထားရှိပါသလဲ။

နိုင်ဗညားလယ် – ကျွန်တော်တို့ကလည်း အခုမှ ကြေညာချက်ထုတ်ထားတာဆိုတော့ အသေးစိတ်အခြေအနေကိုတော့ မသိသေးဘူး။ ဒါပေမယ့် စစ်ကောင်စီက မွန်လူငယ်တွေကို အတင်းအကျပ် လူစုဆောင်းမယ်ဆိုရင်တော့ ကျွန်တော်တို့ လူငယ်တွေက ထိုင်းနဲ့ နီးတယ်ဆိုတော့ အောက်လမ်းက ထိုင်းကိုသွားမလား။ ဒါမှမဟုတ် စစ်အာဏာရှင်ကို တိုက်ဖျက်ချင်ရင် ကျွန်တော်တို့အဖွဲ့ထဲကို ဝင်ချင်ရင်တော့ ကျွန်တော်တို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါ့မယ်။

မော်ကွန်း – နောက်ဆုံး မေးခွန်းအနေနဲ့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) အဖွဲ့အနေနဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပြည်သူလူထုကို အသိပေးချင်တာများရှိရင် ပါသလားခင်ဗျ။

နိုင်ဗညားလယ် – ဒီနေ့ ဒီအချိန်ခါဟာ စစ်ကောင်စီကို တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆန့်ကျင်တိုက်ခိုက်နေတယ်။ နောက်ပြီး နိုင်ငံတကာမှာလည်း စစ်ကောင်စီကို အသိအမှတ်တွေမပြုဘူး။ အဲ့ဒီအချိန်ဟာ စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းဖို့ အကောင်းဆုံးအချိန်လို့ မြင်တယ်။ အဲ့ဒီအခြေအနေကို လက်ဆုပ်လက်ကိုင်ပြုပြီးတော့ ကျွန်တော်တို့ မွန်ပြည်သူလူထုအနေနဲ့ လိုချင်တဲ့ ပန်းတိုင်ဖြစ်တဲ့ အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ဖို့ အချိန်ရောက်ပြီလို့ မြင်ပါတယ်။

ပုံစာ – NMSP ( စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားလယ်
ဓာတ်ပုံ – NMSP

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."