စည်ပင်နဲ့ ဈေးသည်တို့ရဲ့ မပြီးသေးတဲ့ တိုက်ပွဲ အပိုင်း(၁)

သစ်သီးသည် ကိုမျိုးလှိုင်တစ်ယောက် ဈေးဦး မပေါက်ခင် ဈေးဗန်း ပျောက်သွားခဲ့ပါတယ်။

ကိုမျိုးလှိုင်ဟာ ရန်ကုန်မြို့၊ ပန်းဆိုးတန်းမီး ပွိုင့်အနီးမှာ ရာသီပေါ်သစ်သီးဝလံတွေ ရောင်းချတဲ့ ပျံကျဈေးသည်တစ်ဦးပါ။ အဲဒီနေ့က သူဟာ နှင်းသီးတွေ ရောင်းဖို့ ပြင်ဆင်ခဲ့တာပါ။ အချိန်က နံနက် ကိုးနာရီ။ သူဟာ နီနီရဲရဲနှင်းသီးတွေကို သူ့ဈေးဗန်းပေါ် စီရီခင်းကျင်းလိုက်ပါတယ်။ ဖြစ်ချင်တော့ ဈေးဗန်းခင်းတဲ့အလုပ် ပြီးလုပြီးခင်မှာ အပေါ့သွားချင်လာပါတယ်။

ဒါကြောင့် ဈေးဗန်းခင်းတာကို ခဏရပ်ပြီး လွယ်ထားလို့ မရတဲ့ သူ့ပြဿ      နာကို ဖြေရှင်းဖို့ လမ်း ၄ဝ အနီးက သန့်စင်ခန်း တစ်ခုဆီကို သုတ်ခြေတင်ပြေးခဲ့ရပါတယ်။ နေလည်းမြင့်၊ ဈေးဦး လည်း မပေါက်သေးတာမို့ သူ့ကိစ္စကို မြန်မြန်ဆန်ဆန်ဖြေရှင်းပြီး ဈေးရောင်းဖို့ ပြန်လာခဲ့ပါတယ်။

ဒါပေမဲ့ လမ်းမတစ်ဖက်ကနေ သူ့ဈေးဗန်းထားခဲ့တဲ့ နေရာ ဆီ လှမ်းကြည့်လိုက်တဲ့အခါ သူ့ဈေးဗန်းကို မတွေ့ရတော့ဘူး။ အတူဈေးရောင်းဖို့ပြင်နေကြသူတွေလည်း တောကြောင်ဝင်ဆွဲ သွားတဲ့ ကြက်ခြံထဲက ကြက်တွေလို တစ်ယောက်တစ်နေရာစီ ပြန့်ကျဲနေတာ တွေ့လိုက်ရတယ်။ သူတို့မျက်နှာတွေမှာ ဈေးဦး ပေါက်တဲ့ ပီတိတွေအစား ထိတ်လန့်မှုတွေကိုသာ ကိုမျိုးလှိုင် တွေ့လိုက်ရတယ်။

သူ့ဈေးဗန်းဘယ်ရောက်သွားပါသလဲ။ သူ့ဈေးရောင်းဖော် တွေကို လိုက်မေးကြည့်လိုက်တော့မှ သူမကြားချင်တဲ့ အဖြေ တစ်ခုကို ရလိုက်ပါတယ်။ သူ့ပစ္စည်းတွေဟာ တရားမဝင် လမ်းဘေးဈေးသည်တွေကို လာရောက်ဖမ်းဆီးတဲ့ စည်ပင်ဝန်ထမ်း တွေ သိမ်းသွားတာ ဖြစ်ပါတယ်။

”ကျွန်တော့်ဈေးဗန်း အသိမ်းခံရမှန်းသိလိုက်ရတဲ့အခါ ငိုတောင်ငိုချင်တယ်။ ကျွန်တော့်မှာ မရှိတရှိ ရင်းထားရတာလေ”လို့ ငိုမဲ့မဲ့မျက်နှာထား၊ တုန်ရီရီ ရင်ခေါင်းသံနဲ့ ပြောပြပါတယ်။

လွန်ခဲ့တဲ့ သုံးလကျော်က ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်အပျက်ဟာ သူ့အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ အရင်ကလည်း သူ့ပစ္စည်းတွေ မကြာခဏ သိမ်းဆည်းခံခဲ့ဖူးပါပြီ။ အရင်အခေါက် တွေတုန်းကတော့ ဒဏ်ငွေပေးပြီး ပြန်ရွေးလို့ရပါတယ်။ သည် တစ်ကြိမ်မှာတော့ ”စီမံချက်နဲ့ဖမ်းတာမို့ ပြန်ရွေးလို့မရဘူး”လို့ စည်ပင်ရုံးက ပြန်ပြောလိုက်တယ်လို့ ဆိုပါတယ်။

သိမ်းဆည်းခံဈေးဗန်းကိုလည်း ပြန်ရွေးမရ၊ အရင်းအနှီး ထပ်စိုက်စရာ ငွေပိုငွေလျှံလည်း မရှိတဲ့အခါ ကိုမျိုးလှိုင်ဟာ ဈေး သည်ဘဝကနေ သုံးရက်ကြာ အနားယူလိုက်ရပါတော့တယ်။ သုံး ရက်ပြည့်တဲ့အခါ အိမ်နီးချင်းအမျိုးသမီးတစ်ဦးဆီက ငွေငါး သောင်းချေးယူပြီး ဈေးပြန်ရောင်းခဲ့ရတယ်။ အဲဒီနောက်ပိုင်းမှာ တော့ ကိုမျိုးလှိုင်ဟာ သူ့ရဲ့ဈေးဗန်းအနားက ခွာပြီး အပေါ့သွား တာမျိုး မလုပ်ရဲတော့ဘူး။ အလေးအပေါ့သွားပြီးတော့မှပဲ ဈေး ဗန်းခင်းပါတော့တယ်။

စည်ပင်ဝန်ထမ်းတွေ ရုံးမတက်တဲ့ စနေ၊ တနင်္ဂနွေ ပိတ် ရက်တွေကျမှ စိတ်ဖြောင့်ဖြောင့် ဈေးရောင်းရတယ်လို့ သူက ပြောပြပါတယ်။ အဲဒါမှလည်း ”အိမ်သာလည်း ကောင်းကောင်း တက်ရဲ၊ ထမင်းလည်း ကောင်းကောင်းစားရဲတော့တယ်” လို့ ကိုမျိုးလှိုင်က ဆိုပါတယ်။

သူဈေးရောင်းတဲ့နေရာတစ်ဝိုက်မှာ သူ့လို ဈေးသည် အယောက်နှစ်ဆယ်မက ရှိနေပါတယ်။ သူတို့ထဲမှာ ဘယာကြော် ရောင်းသူ၊ ဝက်သားတုတ်ထိုးရောင်းတဲ့သူတွေက အစပြုလို့ အလှကုန်ဖန်စီပစ္စည်း ရောင်းသူတွေအထိ ပါဝင်ပါတယ်။

သူတို့လို တရားမဝင်တဲ့ လမ်းဘေးဈေးသည်တွေဟာ ကျီး လန့်စာစား ရောင်းချကြရသလို၊ သူတို့ကို ထိန်းသိမ်းဖို့ ကြိုးစားတဲ့ မြို့တော်စည်ပင်သာယာရေးကော်မတီမှာလည်း ထိန်းသိမ်းလိုက် တဲ့ ဈေးသည်တွေ လမ်းမပေါ်ကို ပြန်ပြန်ရောက်လာကြလို့ အခက် တွေ့နေပါတယ်။ လမ်းပိတ်ဆို့မှု၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုတွေနဲ့ အစားအသောက် ဘေးကင်းလုံခြုံမှု အားနည်းလာတဲ့အတွက် လမ်းဘေးဈေးသည်ပြဿ      နာဟာ လက်ရှိအစိုးရ ဖြေရှင်းရမယ့် ပြဿ      နာတွေထဲက တစ်ခုလည်း ဖြစ်လာပါတယ်။

 

လမ်းဘေးဈေးသည် ဆိုတာ

လမ်းဘေးဈေးသည်တွေဆိုတာ မြို့တော်စည်ပင်သာယာရေးကော်မတီရဲ့ ခွင့်ပြုချက်မရရှိဘဲ မြို့တော်နယ်နိမိတ်အတွင်း ပျံကျရောင်းချနေတဲ့ ဈေးသည်ကို ဆိုလိုတာ ဖြစ်ပါတယ်။ သူတို့ ကို ပျံကျဈေးသည်၊ ကျူးကျော်ဈေးသည်တွေလို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဥပဒေမှာ ခေါ်ထားပါတယ်။

လမ်းဘေးဈေးသည်တွေဟာ လူသွားလူလာများတဲ့ လူ စည်ကားရာ အချက်အခြာနေရာတွေမှာ ရောင်းချကြပါတယ်။ သူတို့ ဖောက်သည်တွေ အလွယ်တကူမြင်တွေ့နိုင်တဲ့ လမ်းဘေး ဝဲယာ၊ ပလက်ဖောင်းပေါ်နဲ့ မီးပွိုင့်တွေအနီးမှာ ခင်းကျင်းရောင်း ချဖို့ ကြိုးစားကြပါတယ်။

ရန်ကုန်မှာ လမ်းဘေးဈေးသည်တွေ များနေရတာဟာ မြန်မာနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးမှု၊ လူတွေရဲ့ အလုပ်အကိုင်အခွင့် အလမ်းနည်းပါးမှုတွေနဲ့ ဆက်စပ်နေတယ်လို့ မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ်က သုံးသပ်ပါတယ်။

”လမ်းဘေးဈေးသည်ဆိုတာ မြန်မာပြည်ရဲ့ လူမှုရေး၊စီးပွားရေးအခြေအနေအရ ပေါ်ပေါက်လာတဲ့ကိစ္စပဲ။ အဲဒါတွေကို လျော့နည်းချင်တယ်၊ ပပျောက်ချင်တယ်ဆိုရင် တိုင်းပြည်ကို တိုးတက်အောင်လုပ်မှရမှာပဲ”လို့ သူက ပြောပါတယ်။

လက်ရှိ ရန်ကုန်မှာရှိတဲ့ လုပ်သားအင်အားအရေအတွက်ရဲ့ ၉ ရာခိုင်နှုန်းလောက်ပဲ စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်ရကြ တယ်လို့ ဒေါက်တာကျော်လတ်ကပြောပါတယ်။ ကျန်တဲ့လူတွေ ကို အလုပ်ပေးဖို့ စက်ရုံ၊ အလုပ်ရုံတွေ အများကြီး ဖြစ်လာဖို့လို နေတယ်လို့ သူက ပြောပါတယ်။

၂ဝ၁၄ ခုနှစ်မှာ နောက်ဆုံးထုတ်ပြန်ထားတဲ့  သန်းခေါင် စာရင်းအရ ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ လူဦးရေ ခုနစ် သန်းနဲ့ သုံးသိန်းခွဲကျော် (၇,၃၆ဝ,၇ဝ၃) ရှိတဲ့အထဲက အသက် ၁၅ နှစ်ကနေ ၆၄ နှစ်အထိ လုပ်သားဦးရေ နှစ်သန်းခွဲနီးပါး (၂,၄၆၃,၆ဝဝ) ရှိနေပါတယ်။

စက်ရုံ၊ အလုပ်ရုံတွေနည်းပါးလို့ အစိုးရက အလုပ်အကိုင် မပေးနိုင်တဲ့အခါ အောက်ခြေလူတန်းစားတွေဟာ ရှိစုမဲ့စုငွေ တွေကို အရင်းပြုလို့ ဈေးရောင်းခြင်းဆိုတဲ့ ကိုယ်ပိုင်အလုပ်တွေကို ဖန်တီးလိုက်ကြတာဖြစ်တယ်။ ဒီလိုနဲ့ လမ်းဘေးဈေးသည်တွေ များလာပြီး သူတို့နဲ့ဆက်စပ်တဲ့ ပြဿ      နာတွေ ပေါ်လာပါ တော့တယ်။

 

ဈေးသည်တွေကြောင့် ဖြစ်တဲ့ပြဿ      နာ

 မြို့တော်စည်ပင်သာယာရေးဥပဒေအရ တရားဝင်မှတ်ပုံ တင်ခြင်းမရှိတဲ့ လမ်းဘေးဈေးသည်တွေဟာ မြို့တော် စည်ပင်သာယာရေးကော်မတီဈေးတွေမှာ ရောင်းချခွင့်မရှိပါဘူး။ ဈေးသည်တချို့ ကိုယ်တိုင်ကလည်း ဈေးထဲမှာ ရောင်းရတာထက် လမ်းပေါ်မှာ ရောင်းရတာ ပိုတွက်ခြေ ကိုက်တယ်လို့ ယူဆကြပါ တယ်။ ဒီလိုနဲ့ သူတို့ဟာ ရန်ကုန်မြို့ရဲ့  ပလက် ဖောင်းတွေပေါ်ကို ဈေး ဗန်းတွေ ပိုက်ပြီး ရောက် ရှိလာကြပါတော့တယ်။

ဈေးသည်တွေဟာ လူစည်ကားတဲ့လမ်းဆုံ လမ်းခွတွေ၊ ရပ်ကွက် လမ်းတွေမှာ လာရောက်ဈေး ရောင်းကြတဲ့အခါ လမ်းပိတ်ဆို့ မှုတွေ၊ ယာဉ်ကြောကျပ်တည်းမှု တွေ ဖြစ်လာပါတယ်။

သူတို့ဟာ လူတွေ လမ်းလျှောက်သွား လာဖို့ လုပ်ထားတဲ့ ပလက်ဖောင်းတွေပေါ် ဈေးတက်ရောင်း ကြတဲ့အခါ လူတွေဟာ လမ်းမပေါ် ဆင်းလျှောက်လာကြရပါ တယ်။ ကားတွေ သွားလာနေတဲ့ လမ်းမတွေပေါ်ကို လူတွေရောက် လာတဲ့အတွက် ယာဉ်ကြောကျပ်မှုတွေ ဖြစ်လာရတယ်လို့ ယာဉ်မောင်းတွေက ပြောကြပါတယ်။

ယာဉ်မောင်းသက် ၁၅ နှစ်ရှိတဲ့ အငှားယာဉ်မောင်း ဦးစိုင်း ဝဏ္ဏထွေးက ”ကားလမ်းဆိုတာ ကားသွားဖို့ပါ။ ကားလမ်းမပေါ် ဈေးတက်ရောင်းကြတော့ ကျွန်တော်တို့ကားတွေ ကတ်သီးကတ် သတ်သွားလာရတယ်။ ဒီလိုနဲ့ပဲ စက္ကန့်ပိုင်း၊ မိနစ်ပိုင်းအတွင်း ကားတွေ ပိတ်ကုန်တယ်လေ။ ဒါဟာ အန္တရာယ်လည်း များပါ တယ်”လို့ ဈေးသည်တွေကို ရည်ညွှန်းပြီး ပြောဆိုပါတယ်။

ဈေးသည်တွေကြောင့် ကားလမ်းပေါ် ကားပိတ်သလို ပလက်ဖောင်းပေါ်မှာလည်း လူတွေဟာ လွတ်လွတ်လပ်လပ် သွားလာလို့ မရတော့ပါဘူး။

မသန်စွမ်းတဲ့လူတွေဆိုရင် ပိုတောင် အဆင်မပြေတော့ ပါဘူး။ ခြေထောက်မသန်စွမ်းသူတစ်ဦးဖြစ်တဲ့ ဦးဝဏ္ဏကျော်စွာ ဆိုရင် သူ ဘီးတပ်ကုလားထိုင်နဲ့ သွားလာတဲ့အခါမှာ လမ်းပေါ်မှာ ခင်းရောင်းနေတဲ့ အသီးအနှံတွေကို ဘီးနဲ့တက်ကြိတ်မိလို့ ဈေး သည်တွေရဲ့ အပြောအဆိုခံရသေးတယ်လို့ သူတွေ့ကြုံရတဲ့ အဖြစ်အပျက်ကို ရှင်းပြပါတယ်။

နောက်ထပ်မေးခွန်းထုတ်စရာတစ်ခုက လမ်းဘေး ဈေးသည်တွေ ရောင်းချတဲ့ အစားအသောက် တွေရဲ့ ဘေးကင်းလုံခြုံမှု ရှိ၊ မရှိဆိုတဲ့ မေးခွန်းပါ။ လမ်းဘေးဈေးသည် တွေ ရောင်းချတဲ့ အစားအစာ တွေကို အစိုးရဌာနတစ်ခုခု က သေသေချာချာ ကြပ် မတ်ထားတာမျိုး မဟုတ် လို့ စားသုံးသူတွေ အတွက် အန္တရာယ် မကင်းဘူးလို့ မြန်မာနိုင်ငံ စားသုံးသူများ သမဂ္ဂ အတွင်းရေးမှူး ဦးမောင်မောင်က ပြောပါတယ်။

”ပင်ရင်းကို အသေ အချာသိဖို့ မဖြစ်နိုင်တဲ့ အစား အသောက်ဟာ ဘယ်အစား အသောက် ဖြစ်ဖြစ် ယုံကြည်စိတ်ချရတဲ့ အစားအသောက် မဟုတ်ဘူး”လို့ ဦးမောင် မောင်က ဆိုပါတယ်။

လမ်းဘေးဈေးသည်တွေ ရောင်းချတဲ့ အစားအသောက် တွေဟာ ဘယ်မှာ ဘယ်လိုထုတ်လုပ်မှန်း၊ ချက်ပြုတ်ထားမှန်း အလွယ်တကူသိနိုင်ခြင်းမရှိလို့ နောက်ကြောင်းပြန်စစ်ဆေးနိုင် ခြင်း (Traceability) လည်း မရှိပါဘူး။ ဒါကြောင့် ရောင်းချတဲ့ အစားအသောက်အပေါ် အပြည့်အဝတာဝန်ယူမှုလည်း မရှိ ဘူးလို့ သူက ရှင်းပြပါတယ်။

နောက်ထပ်ပြဿ      နာက ပတ်ဝန်းကျင်ညစ်ညမ်းမှုပါ။ တချို့ ဈေးသည်တွေ၊ ဆိုင်တွေက ထွက်လာတဲ့ စွန့်ပစ်ပစ္စည်းနဲ့ အမှိုက် အချို့ဟာ အမှိုက်ပုံဆီ ရောက်မလာဘဲ ရေမြောင်းတွေထဲကို ရောက်ကုန်ပါတယ်။ ရေမြောင်းထဲက ကြွက်တွေဟာ အမှိုက်ထဲ မှာပါလာတဲ့ စားကြွင်းစားကျန်တွေကို ဝဝလင်လင်စားသောက် ခွင့်ရကြလို့ ရန်ကုန်မြို့ဟာ ကြွက်ပေါတဲ့ မြို့တော်တစ်ခု ဖြစ်လာ ပါတယ်။ (ကြွက်တွေအကြောင်းကို သီးခြားရေးသားထားတဲ့ ‘ကြွက်တို့စံပျော် ရန်ကုန်မြို့တော်‘ဆောင်းပါးကို ၂ဝ၁၅၊ မတ်လ ထုတ် မော်ကွန်းမဂ္ဂဇင်း အမှတ် ၂၁ မှာ ဖတ်ရှုနိုင်ပါတယ်)  အပိုင်း( ၂ )သို့

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

လင်းမြတ် ရေးသည်။

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."