ဇန်နဝါရီလထုတ်-၂၀၁၄၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၁၁)မှ အင်တာဗ ျူ းဆောင်းပါးဖြစ်ပါသည်။
နှင်းကို တွေ့မေးသည်။
ဒေါက်တာမင်းတင်မွန်သည် ၁၉၆ဝခုနှစ်တွင် သိပ္ပံပါရဂူဘွဲ့ (Ph.D)ဘွဲ့ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု၊ အင်္ဂလန်၊ ဂျပန်၊ မလေးရှား၊ စင်ကာပူစသည့်နိုင်ငံများနှင့် မြန်မာနိုင်ငံ၏ အမြို့မြို့ အနယ်နယ်တို့တွင် အဘိဓမ္မာသင်တန်းများကို မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ပို့ချပေးလျက်ရှိသည်။ ¤င်းအား ၁၉၉၄ ခုနှစ်တွင် သဒ္ဓမ္မဇောတိကဓဇဘွဲ့နှင့် ၂ဝဝ၃ ခုနှစ်တွင် မဟာသဒ္ဓမ္မဇောတိက ဓဇဘွဲ့တို့ကို နိုင်ငံတော်မှ ချီးမြှင့်ခဲ့သည်။
မော်ကွန်း။ ။ ယူကေ အခြေစိုက်အဖွဲ့တစ်ခုက နှစ်စဉ်ထုတ်ပြန် နေကျ ကမ္ဘာ့အလှူအတန်းအရက်ရောဆုံးနိုင်ငံများစာရင်းအရဆိုရင် ကမ္ဘာ့အလှူအတန်း၊ အပေးအကမ်းအရက်ရောဆုံးနိုင်ငံတွေထဲမှာ အမေရိကန်ပြီးရင် မြန်မာနိုင်ငံဟာ နံပါတ်နှစ် အဖြစ် ရပ်တည်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ အဆင်းရဲဆုံးနိုင်ငံ တွေထဲမှာပဲ ရှိနေသေးတယ်။ အလှူအတန်းရက်ရောတယ်ဆိုပြီး ဘာကြောင့် ဆင်းရဲရတယ်လို့ ဆရာမြင်ပါသလဲ။
ဒေါက်တာမင်းတင်မွန်။ ။ အလှူအတန်းရက်ရောတဲ့သူတွေက တော့ စည်းစိမ်ဥစ္စာတွေနဲ့ ဘဝတိုင်းမှာ ပြည်စုံနိုင်တယ်ဆိုတဲ့ ခံယူချက်နဲ့သာ လှူဒါန်းကြတာများတယ်။ ပိုပြီးတော့ နက်နက် နဲနဲသိပြီး လှူတဲ့အလှူကျတော့ ဒီလိုအလှူဒါနမျိုးက မဂ်ဉာဏ် ဖိုလ်ဉာဏ်ရပါ တယ်။ ဘုရားဟောထားတာလည်း ရှိပါတယ်။ ဒီ အလှူဒါနက နိဗ္ဗာန်ရောက်ဖို့အတွက် အကြောင်းအထောက်အပံ့ တစ်ခုပဲ။ အဲဒီလိုသာဓကတွေလည်း တို့ဗုဒ္ဓဘာသာရဲ့ မှတ်တမ်းတွေ မှာ ရှိပါတယ်။
လှူတာနဲ့ ဆင်းရဲတာကတော့ အကြောင်းကံတခြားစီပါပဲ။ နိုင်ငံခြားမှာ ဆရာကိုယ်တိုင် သာသနာပြုနေတဲ့အခါကျတော့ သူတို့ကလည်း မေးပါတယ်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်နေပြီး ဘာလို့ အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေရတာလဲလို့။ ဆင်းရဲတာကတော့ ကံ အကျိုးနဲ့ပြောရင်တော့ ကိုယ့်ရဲ့ မကောင်းတဲ့ ကံအကျိုးကြောင့် ပါတာပေါ့။ အခုလောလောဆယ်မှာတော့ တို့မြန်မာနိုင်ငံရဲ့ ပြည် သူလူထုအသိမှာ ဗုဒ္ဓဘာသာအသိက တော်တော်နည်းနေပြီ။ ဗုဒ္ဓဘာသာနာမည်ဖြစ်လောက်ပဲ ရှိနေတဲ့သဘောပဲ။ ဒီတော့ ကုသိုလ်ကောင်းမှုတွေကို ကြိုးစားလုပ်ဖို့ စိတ်ထဲမှာ အာသီသ မရှိတော့ဘူး။ ဖြစ်တဲ့နည်းနဲ့ စားဝတ်နေရေးပြေလည်အောင် လုပ်မယ်ဆိုတဲ့အခါကျတော့ ကုသိုလ်ကောင်းမှုတွေကို မလုပ်ဖြစ် ဘူး။
ပြန်ပြောရရင် နှစ်၅ဝကျော် စစ်အုပ်ချုပ်ရေးအောက်မှာ ရောက်နေတဲ့အခါကျတော့ လူတွေက အလုပ်အကိုင်တွေ မရှိ သလောက်ဖြစ်လာတယ်။ ၁၉၆၄ ခုနှစ်လောက်မှာဆိုရင် စက် ရုံတွေ၊ စီးပွားရေးလုပ်ငန်းတွေအထိ ပြည်သူပိုင်လုပ်လိုက်တယ်။ ဒီတော့ ပုံမှန်လည်နေတဲ့ စက်ကြီးတွေက မလည်နိုင်တော့ အလုပ်တွေ နည်းသွားတယ်။ ပြည်သူပိုင်သိမ်းလိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေလည်း လုပ်ရတာ ကျပ်တည်းလာတဲ့ အတွက် အလုပ်တွေ မပေးနိုင်တော့ဘူး။ နောက် တို့တိုင်းပြည်က ပြည်သူတွေ အဓိကလုပ်ကိုင်စားသောက်နေရတာက လယ်ယာ လုပ်ငန်းပဲ။ လုပ်ငန်းခွင်မှာသုံးရတဲ့ တခြားပစ္စည်းတွေကလည်း ပံ့ပိုးမှုနည်းလာတယ်။
ဥပမာ-မြေသြဇာဈေးတွေဆိုရင် ခေါင်ခိုက်တက်သွား တယ်။ လယ်သမားတွေက မဝယ်နိုင်၊ အရင်းအနှီးမရှိလို့ အကြွေး သွားယူ၊ အတိုးနှုန်းက အင်မတန်ကြီးတဲ့အခါကျတော့ လယ်စိုက် ပြီးလို့ ရိတ်သိမ်းပြီး အကြွေးပြန်ဆပ်တဲ့အခါလည်း အကြွေးက မကြေနိုင်အောင်ဖြစ်လာတယ်။ အဲဒီတော့ လယ်သမားတွေ လယ်မလုပ်နိုင်တော့ဘဲ တခြားနိုင်ငံတွေကို ရွှေ့ပြောင်းလုပ်သား ဘဝနဲ့ ရောက်သွားတယ်။
ဒါကြောင့် ဆင်းရဲတယ်ဆိုတာ အစိုးရအနေနဲ့ အလုပ် အကိုင်တွေ ဘာမှမစီစဉ်ပေးနိုင်ဘူး။ လယ်သမားတွေကိုလည်း ထိထိရောက်ရောက် မကူညီ၊ မပံ့ပိုးပေးနိုင်ဘူး။ ဒါကြောင့် စား ဝတ်နေရေးအဆင်မပြေတော့ဘဲ ပိုဆင်းရဲသွားတဲ့ သဘောမျိုးပဲ။
မော်ကွန်း။ ။ လှူဒါန်းမှုတွေဟာ ဘာသာရေးလုပ်ငန်းတွေမှာပဲ အရောက်များနေပြီး လူမှုရေးလုပ်ငန်းတွေမှာတော့ ရောက်ရှိ မှုနည်းနေတယ်။ ဒီအပေါ်မှာရော ဆရာကြီးအနေနဲ့ ဘယ်လိုမျိုး မှတ်ချက်ပေးလိုပါသလဲ။
ဒေါက်တာမင်းတင်မွန်။ ။ ဒါကတော့ ဆရာတို့ဆီမှာ အသိပညာ တွေပေးဖို့ လိုအပ်တယ်လို့ ဆရာမြင်တယ်။ လှူတဲ့သူတွေက ဘာ သာရေးနဲ့ ပတ်သက်တဲ့ ဘုရားတည်တာ၊ ကျောင်းဆောက်တာ တွေဘက်မှာ လှူရတာ အကျိုးကျေးဇူးကြီးတယ်လို့ ခံယူထားပြီး တော့ ဆေးရုံ တွေလို တကယ်လိုအပ်တဲ့ လူမှုရေးလုပ်ငန်းတွေမှာ လှူတာက အစောကလောက် အကျိုးမများဘူးလို့ ခံယူချက်က နည်းနည်း ရှိနေတယ်။ ဒါကြောင့် ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ဆောက်လှူတာကလည်း အကျိုးများတဲ့အကြောင်း အသိပညာ ပေးဖို့တော့ လိုအပ်နေပါတယ်။
တောသူတောင်သားအများစုကတော့ သံဃာတော်တွေ (တရား)ဟောတဲ့ အသိပညာကိုပဲ အဓိကထားနေကြရတော့ သံဃာတွေကလည်း ကျောင်း၊ ကန်၊ ဘုရားတွေလှူဖို့ကိုပဲ ခပ်များ များလေး ပြောနေ၊ ဟောနေကြတော့ ကျောင်း၊ ကန်၊ ဘုရားတွေ ပဲ လှူနေကြတဲ့သဘောဖြစ်သွားတာပေါ့။
မော်ကွန်း။ ။ စောစောကပြောသလို အသိပညာမျိုးပေးဖို့အတွက် ဆိုရင် ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ထည့်သွင်းလမ်း ညွှန်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုချင်တာလား။
ဒေါက်တာမင်းတင်မွန်။ ။ ဆရာတော်၊ သံဃာတော်တွေအနေနဲ့ ထည့်ပြောပေးလို့ သိလာတယ်ဆိုရင် တစ်မျိုးထူးလာမှာပဲ။ မသိ တဲ့အခါကျတော့ ဒါ(လူမှုရေးလုပ်ငန်းတွေ)ကို အာရုံမစိုက်သလို ဖြစ်နေတာပေါ့။ လူမှုရေးလုပ်ငန်းတွေမှာ လှူတာဟာလည်းပဲ အကျိုးကျေး ဇူးအင်မတန်ကြီးပြီး လှူသင့်တယ်ဆိုတဲ့အကြောင်း ဟောပြောနိုင်တဲ့ပုဂ္ဂိုလ်တွေ၊ ရဟန်းသံဃာတွေ၊ ပရဟိတအဖွဲ့ တွေကနေ နှိုးဆော်ကြရမှာပဲ။
စာသင်ကျောင်းတွေမှာလည်း စာရိတ္တပညာသင်တန်း တော့ရှိတယ်။ ဘာသာရေးသင်တန်းကတော့ မရှိဘူးဖြစ်နေ တယ်။ ဒီအလှူအတန်းနဲ့ပတ်သက်ပြီး ကလေးကတည်းကနေ ပြောထား၊ သင်ထား၊ လမ်းညွှန်ပေးထားမယ်ဆိုရင် အရိုးစွဲသွား မှာပေါ့။ အလှူဒါနဆိုရင် ဆေးရုံလည်း လှူသင့်တယ်၊ ကျောင်းကို လည်း လှူသင့်တယ်၊ ပရဟိတနဲ့ တခြားလူမှုရေးလုပ်ငန်းတွေကို လည်း လှူသင့်တယ် စသဖြင့် သိလာတဲ့အခါကျတော့ တတ်နိုင် သလောက်လှူဖို့ကို အာရုံရလာမှာပေါ့။ ခရစ်ယာန်ကတော့ လူမှု ရေးလုပ်ငန်းတွေမှာ လှူဖို့ အမြဲတိုက်တွန်းလေ့ရှိတယ်။ တို့ဗုဒ္ဓဘာ သာမှာကျတော့ သာသနာရေးအတွက်ကိုပဲ လှူဒါန်းဖို့ ဟော ပြောတာ များနေတဲ့သဘောရှိတယ်။
မော်ကွန်း။ ။ တိုင်းပြည်အနေနဲ့ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ဆို ရင်ရော ဆရာတော်၊ သံဃာတော်တွေရဲ့ အခန်းကဏ္ဍ၊ ဟောပြော ညွှန်ပြမှုက ဘယ်လောက်အရေးပါတယ်လို့ ထင်ပါသလဲ။
ဒေါက်တာမင်းတင်မွန်။ ။ ဆရာ့အမြင်ကတော့ တိုင်းပြည်တစ် ပြည် ကြီးပွားတိုးတက်ဖို့ အရေးအကြီးဆုံးက ဘာလဲလို့ပြောလိုက် ရင် စိတ်ကောင်းရှိဖို့က ပထမလို့ ပြောမှာပဲ။ ရိုးသားဖြောင့်မတ် မှုက ဒုတိယ။ လူတွေစိတ်ကောင်းရှိဖို့က ကုသိုလ်စိတ်နဲ့ နေတတ် တာကို ပြောတာ။ ကုသိုလ်၊ အကုသိုလ်ကို ခွဲခြားသိဖို့တော့ လို အပ်တယ်။ ကုသိုလ်၊ အကုသိုလ်ဆိုတာ ကောင်းမှုနဲ့ မကောင်းမှုပဲ။ ဒါက လူတွေအတွက် အခြေခံပဲ။
ကြည့်လိုက်ရင်တော့ လွယ်လွယ်လေး။ တကယ်သိဖို့က အင်မတန်ခက်ပါတယ်။ ကမ္ဘာ့တွေးခေါ်ပညာရှင်ကြီး ဆိုကရေး တီးကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ ”ကောင်းတာနဲ့ မကောင်း တာနဲ့ ဆိုတာ ခွဲခြားသိဖို့က အင်မတန်အရေးကြီးတယ်။ လူတွေကသာ ကောင်းတာနဲ့ မကောင်းတာကို သေချာ ကျကျနနသိရင် ဘယ်သူတစ်ဦးတစ်ယောက်ကမှ ကောင်းတာကို ကျောခိုင်းပြီး တော့ မကောင်းတာကို လုပ်မှာမဟုတ်ပါဘူး။ ကျုပ်ကိုယ်တိုင် လည်း မသိသေးပါဘူး။ ကျုပ်ကလည်း ကောင်းတာနဲ့ မကောင်း တာကို ခွဲခြားသိနိုင်အောင် ကြိုးစားရှာဖွေနေတာ။ ကောင်းတာ ကို သိရင် ကောင်းတဲ့အကျိုးကို လက်ငင်းခံစားရမယ်လို့ ကျုပ်ယုံ ကြည်ပါတယ်”တဲ့။ သူက အဲဒီလောက်အထိ ပြောခဲ့တယ်။
ဆိုတော့ ကုသိုလ်စိတ်နဲ့နေတတ်သွားရင် အလုပ်သမား တွေ၊ အစိုးရဝန်ထမ်းတွေကအစ ယူထားတဲ့လစာအတွက် တာ ဝန်ကျေအောင်လုပ်ရမယ်ဆိုတဲ့ စိတ်ထားမျိုးရှိရမယ်။ ကုမ္ပဏီ ကောင်းစားအောင်၊ အစိုးရဌာနတွေ တိုးတက်အောင် ကြိုးစား လုပ်မယ်ဆိုတဲ့စိတ်တွေ ဖြစ်လာမယ်။ ဒီလိုသိထားရင်တော့ တိုင်း ပြည်တိုးတက်လာမှာပဲ။ စစ်တမ်းတွေလည်း ထုတ် တာရှိပါတယ်။ တို့နိုင်ငံက အလုပ်သမားတွေရဲ့ ကုန်ထုတ်နိုင်တဲ့ စွမ်းရည်က ကမ္ဘာမှာ အနိမ့်ဆုံးပဲတဲ့။ အဲဒီတော့ ပြောချင်တာက ဘုရားရဲ့ လမ်းညွှန်ချက်အတိုင်းဆိုရင် ဘယ်သူ့ကိုမှ ထိခိုက်အောင်မလုပ် နဲ့၊ ကုသိုလ်စိတ်နဲ့ အကျိုးရှိအောင်ပဲ လုပ်ပါတဲ့။
ဒါကြောင့် အလုပ်သမားတွေအနေနဲ့ ကိုယ်က ကြိုးစားပြီး တာဝန်ကျေအောင် လုပ်ပေးဖို့ ကောင်းပါတယ်။ ကြိုးစားလုပ်လို့ စက်ရုံတိုးတက်ရင် ကိုယ်လည်း အလုပ်တည်မြဲမယ်၊ လုပ်ခလစာ တွေလည်း တက်လာမယ်။ ဂျပန်မှာတော့ ဒီလိုစိတ်ဓာတ်မျိုးရှိ တယ်လို့ ဆရာသိရတယ်။ ဒီမှာဖြစ်နေတာက စားဝတ်နေရေး မပြေလည်ရင် ဆန္ဒပြကြမယ်ဆိုတာပဲ။ တကယ်တော့ အလုပ်ပေး ထားရင် သူဟာကိုယ့်ရဲ့ ကျေးဇူးရှင်ပဲ။
မော်ကွန်း။ ။ ဒါနဲ့ လက်ရှိဆရာတော်၊ သံဃာတွေရဲ့ ဟောပြော လမ်းညွှန်ချက်တွေကရော ဘယ်လိုမျိုးဘက်ကို ဦးတည်နေတယ် လို့ ဆရာထင်ပါသလဲ။
ဒေါက်တာမင်းတင်မွန်။ ။ တချို့လည်း ကောင်းတာတွေကို လုပ်ဖို့ တိုက်တွန်းတဲ့ ဆရာတော်တွေ ရှိပါတယ်။ တော်တော်များများက တော့ သမားရိုးကျတရားကိုပဲ ဦးတည်ပြီးပြောသွားတဲ့ သဘော ပေါ့။ လူမှုရေးအပိုင်းကို ပြောဟောတာတော့ နည်းနည်းနဲနေတဲ့ သဘော ဖြစ်သွားတာပေါ့။
မော်ကွန်း။ ။ ဆရာတော်၊ သံဃာတော်တွေထဲမှာလည်း ပရဟိတ ကို ဇောင်းပေးပြီး ဦးဆောင်ဦးရွက်ပြုနေတဲ့ ဆရာတော်ကြီးတွေ၊ သံဃာတော်တွေရှိနေတာလည်း လက်ရှိ မြင်တွေ့နေရပါတယ်။ ဒီလိုပဲ ရဟန်းဝိနည်းနဲ့ မညီတဲ့သံဃာတော်တွေလည်း ရှိနေသေး တယ်ဆိုပြီး အမြင်တွေရှိနေကြပါတယ်။ ဒီလူမှုဘဝတွေ၊ စီးပွား ရေးတွေ ဖွံ့ဖြိုးဖို့အတွက်ဆိုရင် ဆရာတော်၊ သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ ဘယ်လောက်အရေးပါတယ်လို့ ဆရာယူဆပါ သလဲ။
ဒေါက်တာမင်းတင်မွန်။ ။ ဆရာမြင်တာကတော့ ဆရာတော်၊ သံဃာတော်တွေရဲ့ အခန်းကဏ္ဍဟာ တော်တော်ကို အရေးပါ တယ်။ သီတဂူဆရာတော်တို့၊ ရွှေညဝါဆရာတော်တို့၊ မေတ္တာရှင် (ရွှေပြည်သာ)တို့လို ဆရာတော်တွေဟာ ပရဟိတလုပ်ငန်းတွေ မှာ တော်တော် ပါဝင်လာတာ တွေ့ရတယ်။ အင်မတန်ဝမ်းသာစရာ ကောင်းတယ်။ အစောကလို ပရဟိတလုပ်ငန်းတွေမှာ ဆရာ တော်ကြီးတွေက ရှေ့ဆောင်လမ်းပြသွားတဲ့အခါကျတော့ နောက်က သံဃာတော်တွေကလည်း လိုက်လာကြတော့မှာပါ။
တို့မြန်မာပြည်ကို စဉ်းစား ကြည့်လိုက်ပါ။ အင်္ဂလိပ်မသိမ်း ခင်ကဆိုရင် ဘုန်းကြီးကျောင်း တွေပဲရှိတာ။ ရွာတွေမှာလည်း ဘုန်းကြီးကျောင်းပဲ တစ်ရွာလုံးကို ရှေ့ဆောင်သွားတဲ့သဘောပဲ။ လူတွေက ဆရာတော်တွေဆီ လာ၊ တရားတွေ နာ၊ ကောင်းမှုတွေ လုပ်၊ စိတ်ထားကောင်းတဲ့အခါကျတော့ အဲဒီတုန်းက တိုင်းပြည် က ငြိမ်းချမ်းနေတာ။
ဆရာကြားဖူးတာကတော့ မြန်မာဘုရင်တွေလက်ထက်က ဆိုရင် လမ်းမှာ ပိုက်ဆံအိတ်ကျ ပျောက်ရင်တောင် တွေ့တဲ့သူက မယူဘူးတဲ့။ ပိုင်ရှင်ရှိတယ်၊ ပိုင်ရှင်လာယူမှာပဲဆိုတဲ့ စိတ်ထားမျိုး နဲ့။ စိတ်ထားကောင်းဖု့ိက အင်မတန်အရေးကြီးတယ်။ ဒါကြောင့် ဆရာတော်တွေရဲ့ အခန်းကဏ္ဍကတော့ အင်မတန်အရေးကြီး ပါတယ်။
ဒါပေမဲ့လည်း တချို့သံဃာတော်တွေ ဝိနည်းတော်တွေနဲ့ မကိုက်ညီတာတွေကို တော်တော်ထင်ထင်ရှားရှားကြီးလုပ်လာ ကြတာကို ကြားနေ၊ သိနေရပါတယ်။ ဒါတွေကိုတော့ ဆရာ့ သဘောဆိုရင် မကြိုက်ဘူး။ ဝမ်းနည်းစရာကြီးပေ့ါ။ ဒါကိုတော့ သံဃာ့နာယကအဖွဲ့ကနေ စည်းကမ်းတွေထုတ်ပြီး အရေးယူ ဆောင်ရွက်ပေးရမှာပေါ့။ ဆရာမြင်တာတော့ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအထွန်းတောက်ဆုံးပဲ။ ဒါကြောင့် ဗုဒ္ဓဘာသာဟာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး ဂုဏ်ကျက်သရေပဲ။
တို့ဆရာတော်၊ သံဃာတွေက ဘုရားဟောတဲ့အတိုင်း ထွန်းတောက်လာရင် တိုင်းပြည်အားလုံးကနေ မော်ကြည့်ရမယ် လို့တောင် ယောဆရာတော်ကြီးက ဟောပြောလေ့ရှိတယ်။
မော်ကွန်း။ ။ နောက်တစ်ခုကတော့ ကျွန်တော်တို့ဆီမှာ အတွေ့ရ များလာတာကတော့ လှူဒါန်းတဲ့နေရာမှာ လူသိဖို့၊ ကျော်ကြားဖို့ ဆိုတဲ့ အမြင်တွေရှိလာတယ်။ လှူဒါန်းမှုနဲ့ပတ်သက်ပြီး ဘုရားက ရော ဘယ်လိုမျိုး လမ်းညွှန်ပေးခဲ့ပါသလဲ။
ဒေါက်တာမင်းတင်မွန်။ ။ မြတ်စွာဘုရားကတော့ ဒါနနဲ့ပတ် သက်ပြီး အမျိုး မျိုး လမ်းညွှန်ပေးတာတော့ ရှိတယ်။ လှူတဲ့အခါ ကိုယ်လှူတဲ့ ဝတ္ထုပစ္စည်းက ဖြူဖြူစင်စင်နဲ့ ရထားတဲ့ ပစ္စည်းဖြစ် ရင် ကုသိုလ်ပို ရတယ်။ မစင်ကြယ်တဲ့ဝတ္ထုတွေကျတော့ ကုသိုလ် အရနည်းသွားတယ်။ လှူတဲ့နေရာမှာလည်း စေတနာသုံးတန် ပြဋ္ဌာန်းရတယ်။ စေတနာသုံးတန်ဆိုတာ မလှူခင်မှာ လှူရတဲ့ အကျိုးကျေးဇူးတွေကို သိပြီး (ငါ ဘုရားကို လှူရတယ်၊ မရှိဆင်းရဲ သားတွေကို လှူရတယ်၊ ဆေးရုံတွေကို လှူရတယ်ဆိုပြီး) ဝမ်း မြောက်ဝမ်းသာ ဖြစ်တာကို ဆိုလိုတာ။ နောက်လှူတဲ့အခါမှာ လည်း ဝမ်းမြောက်ဝမ်းသာ ဖြစ်ရတယ်၊ လှူပြီးတဲ့အခါလည်း ဝမ်းမြောက်ဝမ်းသာဖြစ်ရတယ်၊ ဒါကိုဆိုလိုတာ။ ကုသိုလ်၊ စေတနာသုံးတန် ပြည့်မှ အလှူရဲ့ အကျိုးက ကြီးတယ်လို့ ဆိုတယ်။
အလှူပွဲမှာ ပွဲလမ်းသဘင်တွေ ထည့်တာတို့ကတော့ ဆန့် ကျင်ဘက်ဖြစ်သွားပြီ။ နာမည်ကြီးချင်တယ်၊ လူသိများချင်တယ် ဆိုတာ လောဘပဲ။ အဲဒီလို အကုသိုလ်ခြံရံနေရင် ကုသိုလ်ရဲ့အကျိုး က သေးသွားတယ်။ နောက် သံသရာကနေ လွတ်မြောက်အောင် ကြိုးစားနေတဲ့သူတွေ၊ လွတ်မြောက်သွားတဲ့သူတွေကို လှူရတာ လည်း အကျိုးကျေးဇူးကြီးတယ်လို့ ဆိုတယ်။
မော်ကွန်း။ ။ ရဟန်းသံဃာတွေအနေနဲ့ဆိုရင် သာသနာရေးရှု ထောင့်ကပဲ ကြည့်ကြည့်၊ လူမှုအကျိုးစီးပွား ဖွံ့ဖြိုးရေးရှုထောင့်က ပဲ ကြည့်ကြည့် အင်မတန်အရေးပါနေတာကို ဆရာက ပြောသွား ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း (အချို့သော သံဃာတွေရဲ့) သာသနာကို အကြည်ညိုပျက်စေတဲ့ လုပ်ရပ်တွေနဲ့ တခြား အကြောင်းအရာတွေကလည်း ရှိနေသေးတော့ လူတွေ၊ တခြား ဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဘာသာအပေါ် အထင်အမြင်သေး စေမယ့် အနေအထားမျိုးတွေကို ကျော်လွှားဖို့ဆိုရင် အစိုးရ အနေနဲ့ရော၊ ဆရာတော်၊ သံဃာတော်တွေအနေနဲ့ရော ဘယ်လို မျိုး ပြင်ဆင်ဆောင်ရွက်သင့်တယ်လို့ ဆရာယူဆပါသလဲ။
ဒေါက်တာမင်းတင်မွန်။ ။ ဘုရားရဲ့ လမ်းòန်ပေးထားတာတွေက တော့ အင်မတန်ကောင်းပါတယ်။ ကိုယ်နဲ့မအပ်စပ်တဲ့ အလှူခံ ပစ္စည်းတွေကို လက်ခံတယ်၊ သုံးစွဲတယ်ဆိုတာ အင်မတန်အပြစ် ကြီးပါတယ်။ ဝိနည်းအတိုင်းမနေဘဲနဲ့ ဆွမ်းရအောင် ကြံဖန်လုပ် တယ်ဆိုရင်လည်း ဆွမ်းအလုတ်တိုင်းက မီးခဲလို သံပူတုံးတွေကို မျိုချတာထက်တောင် အပြစ်ကြီးတယ်လို့ ဟောခဲ့တယ်။ ဒါတွေ က သေရင် ငရဲကျသွားမှာပဲ။ ရဟန်းသံဃာတော်တွေအနေနဲ့ ဝိနည်းကို လိုက်နာကြဖို့ပဲ အဓိကဟောပြောသွားတာပဲ။
သာသနာ့ဘောင်မှာရှိနေပြီဆိုကတည်းက ပြည်သူအား လုံးရဲ့ အလေးအမြတ်၊ ရှိခိုးဦးတိုက်ခြင်းကို ခံယူရပြီ။ ကိုယ်က လည်း အရိုအသေပေးမှုနဲ့ ထိုက်တန်အောင်တော့ ဝိနည်းသိက္ခာ နဲ့၊ ရဟန်းတရား၊ သာမဏေတရားနဲ့ နေကြဖို့လိုပါတယ်။ ကိုယ်က မကျင့်ကြံကြဘူးဆိုရင်တော့ အကောင်းဆုံးကတော့ ရဟန်းဘဝ က ထွက်လိုက်တာ အကောင်းဆုံးပဲ။ သူ့အဖို့မှာ အပြစ်က အင် မတန်ကြီးတယ်လေ။ ခဏတာ ပြေလည်ပေမယ့် သေသွားရင် အပါယ်ငရဲရောက်သွားရင် နှစ်ပေါင်းမြောက်မြားစွာ သွားခံရမှာ လေ။ ဒါတွေကို မသိလို့ လုပ်ဝံ့နေတဲ့သဘောရှိတယ်။ ဒါကို သံဃာ တော်တွေ (ဆိုင်ရာဆိုင်ရာ အကြီးအကဲတွေ) အနေနဲ့ ပိုပြီးကြပ် မတ်ပေးဖို့ လိုတယ်လို့ ဆရာထင်ပါတယ်။
မော်ကွန်း။ ။ ဆရာကြီးအနေနဲ့ ဒီတွေ့ဆုံမေးမြန်းခန်းမှာ ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။
ဒေါက်တာမင်းတင်မွန်။ ။ ပြောချင်တာကတော့ ဘုရားလမ်းစဉ် အတိုင်းပဲ လူတစ်ယောက်ရဲ့ တိုးတက်မှု၊ ဆုတ်ယုတ်မှုက ကံ၊ ဉာဏ်၊ ဝီရိယအပေါ်မှာပဲ အများကြီးမူတည်တယ်ဆိုတာပဲ။ ကံ ဆိုတဲ့အလုပ်ကို ကြိုးစားလုပ်ပေမယ့် ဉာဏ်ဖြစ်တဲ့ အသိပညာက မြေပေါက်ရုံလောက်ပဲရှိတယ်ဆိုရင်တော့ ဘယ်လိုချမ်းသာနိုင်မှာ လဲ။ တိုးတက်ဖို့မလွယ်ဘူးပေါ့။ ပညာကို ဆည်းပူးကြဖို့လိုတယ်။ တို့မြန်မာတွေမှာ ဝီရိယဆိုတဲ့ ကြိုးစားအားထုတ်မှုက သိပ်ကို နည်းနေတယ်။ လုပ်နိုင်တဲ့စွမ်းအား သိပ်နည်းနေတယ်ဆိုရင်တော့ ဆင်းရဲ နေမှာပဲ။ ကံ၊ ဉာဏ်၊ ဝီရိယတက်လာရင် ချမ်းသာလာမှာပဲ။ အပိုင်း( ၁ )သို့ | အပိုင်း( ၃ )သို့

