အောက်တိုဘာလထုတ်-၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
စောသစ်ထူး ရေးသား၍ ဇော်နိုင်ဦး အချက်အလက်ပံ့ပိုးသည်။
အပြောင်းအလဲများနှင့်ကမ္ဘာ
သက်မွန်ဖြိုး (၃၄ နှစ်) ငယ်ငယ်က မိန်းကလေးတွေကိုမြင်ရင် အားကျလေ့ရှိပြီး သူတို့ရဲ့အသုံးအဆောင်တွေကို စမ်းသပ်လိုစိတ်ရှိခဲ့တယ်။ငယ်ငယ်က ခန္ဓာကိုယ်တည်ဆောက်ပုံက ခပ်သေးသေး၊ခပ်ခပ်နွဲ့နွဲ့ရယ်။
ကိုးတန်း၊ ဆယ်တန်းအရွယ် ရောက်လာတဲ့အခါကျတော့ မိန်းမစိတ်ဖြစ်နေပြီဆိုတာကို ကိုယ်တိုင်သတိထားမိတတ်လာ တယ်။ သူငယ်ချင်းတွေကလည်း ”အခြောက်” လို့ စနောက်တာ ခံလာရတယ်။
တက္ကသိုလ်တက်တဲ့အရွယ်ရောက်တော့ အထိုက်အ လျောက် ပွင့်လင်းလာတာနဲ့အတူ မိန်းကလေး အဝတ်အစားတွေ ဝတ်ပြီး ပေါ်ပေါ်တင်တင်ပြောင်းလဲပစ်လိုက်တယ်။ အဲဒီမှာတင် မိသားစုဝင်တွေနဲ့ စိတ်ဓာတ်စစ်ဆင်ရေး စတင်ရပါတော့တယ်။
” လူဖြစ်ရတာ သက်သက်မဲ့လာပြီး ဝဋ်ခံနေရတာလားလို့တောင် ထင်ခဲ့မိ တယ်။ ကိုယ့်မိသားစုက ခွဲခြားတာခံရတာ တွေကြုံရတဲ့အချိန်မှာ လူ့လောကမှာ မနေချင်တော့တဲ့အထိ ဖြစ်တယ်” လို့ သက်မွန်ဖြိုးက သူခံစားခဲ့ရပုံကို ဖွင့်ဟတယ်။
ဒါပေမဲ့ အိမ်ကဆင်းသွားပြီး ဘဝတူသူငယ်ချင်းတစ်ယောက်ယောက်ဆီမှာ သွားနေတဲ့ ပုံစံမျိုးမလုပ်ခဲ့ဘဲ လောလောဆယ် မိန်းကလေးလို နေလို့မရပေမယ့် တစ်နေ့နေ့မှာ မိန်းကလေး ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချခဲ့ပြီး တစ်ကိုယ်တော်အကြံအစည်ကိုစတင်ခဲ့တယ်း
အဲဒီအချိန် မြန်မာနိုင်ငံမှာ အင်တာနက်မရှိသေးတာ ကြောင့် စာကြည့်တိုက်တွေသွားပြီး လိင်နဲ့ပတ်သက်တဲ့ ဆေး ပညာစာအုပ်တွေကို ရှာဖွေဖတ်ရှုတယ်။ အနောက်နိုင်ငံတွေမှာ လိင်အဂါၤပြောင်းလဲလိုက်တယ်ဆိုတဲ့ အကြောင်းအရာတွေဖတ် မိပြီး စိတ်ကူးယဉ်ခဲ့ရတာလည်း အကြိမ်ကြိမ်။
ပညာကိုဆုံးအောင်သင်၊ နိုင်ငံခြားထွက်အလုပ်လုပ်၊ ပိုက် ဆံရှာပြီး ကိုယ်ဖြစ်ချင်တဲ့ဘဝကို ရအောင်လုပ်မယ်ဆိုတဲ့ သန္နိ ဋ္ဌာန်နဲ့ GTI ကို ပြီးဆုံးအောင်တက်တယ်။ ၂ဝဝ၁ ခုနှစ်မှာ စင်ကာပူနိုင်ငံထွက်ပြီး အလုပ်လုပ်ခဲ့တယ်။
စင်ကာပူရောက်တော့ အင်တာနက်အသုံးပြုလို့ရလာတာကြောင့် အွန်လိုင်းပေါ်ကနေ သိချင်သမျှ အချက်အလက်တွေကို အငမ်းမရရှာဖွေရင်း ထိုင်းနိုင်ငံက ပလတ်စတစ်ဆာဂျရီ ဆရာ ဝန်တွေနဲ့ အဆက်အသွယ်ရတော့တာပါပဲ။
”ဒါကျွန်မတစ်သက်လုံးရှာလာခဲ့ရတဲ့ အချက်အလက် တွေပဲ” လို့ သက်မွန်ဖြိုးက ဝမ်းသာအားရပြောတယ်။
ခွဲစိတ်ကုသမမှုခံယူခင်မှာ ဟိုမုန်းဆေးတွေကြိုသောက်ဖို့ ဆရာဝန်တွေပေးတဲ့ အကြံဉာဏ်ဟာ အရင်ကတည်းက ဘဝတူစီနီယတွေရဲ့ လမ်းညွှန်မှုနဲ့ သောက်ခဲ့ဖူး တဲ့ သက်မွန်ဖြိုး အတွက်တော့ အသေးအဖွဲ ကိစ္စပါပဲ။ စိတ်ပိုင်းဆိုင်ရာ မေးခွန်းမြောက်မြားစွာကိုလည်း သူဖြေကြားခဲ့ရတယ်။
ဘယ်တုန်းက ခွဲစိတ်ကုသမှု ခံယူခဲ့သလဲ ဆိုတဲ့မေးခွန်းကို
”၂ဝဝ၅ ခုနှစ်၊ ဇန်နဝါရီ ၁ဝ ရက်။ ကရင်နှစ်သစ်ကူး နေ့ပါ” လို့ သူ့စိတ်ထဲမှာ ဘယ်တော့မှ ပျောက် ပျက်သွားမှာမဟုတ်တဲ့ နေ့ရက်တစ်ခုလို ချက်ချင်းပဲရွတ်ပြတယ်။
”အင်မတန်ပျော်တာ။ ကမ္ဘာကြီး က ကိုယ်နဲ့သက်ဆိုင်သွားတာပေါ့”
သူကဆက်ပြောတယ်။
”အရင်ကဆိုရင် အခြောက်မ တစ် ယောက်က ယောကျ်ားတစ်ယောက် အချစ်ကို ဆုလာဘ်ကြီးတစ်ခုလို မြင် လိမ့်မယ်။ အခုတော့ သူကြင်မှ ကိုယ်ကြင်ဆိုတဲ့မာန်၊ တစ်နည်းပြောရရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပေါ့။ မိန်းမ တွေမှာရှိတယ်လေ။ ကိုယ့်ယုံကြည်ချက်ရှိလာတယ်၊ ကိုယ့် မာနရှိလာတယ်”
အဲဒီနောက်ပိုင်း ရေကူးဝတ်စုံနဲ့ ခေါင်းမော့ရင်ကော့ပြီး မိန်းကလေး သူငယ်ချင်းတွေနဲ့ပါ ရေသွားကူးလာနိုင်ခဲ့သလို ကျား၊ မ စသဖြင့် ခွဲခြားထားတဲ့ နေရာ တွေမှာလည်း ‘မ’ဘက်ကိုယုံကြည်မှုအပြည့်နဲ့ ဝင်ထွက်သွား လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။
ခွဲစိတ်ကုသမှုစရိတ်အဖြစ် ကုန်ကျခဲ့တဲ့ ဒေါ်လာခြောက် ထောင်နဲ့ သူ့ဘဝသစ်ကို ရှာဖွေတွေ့ရှိခဲ့ရတဲ့အတွက် သူ ဘယ်တော့မှ နှမြောမှာမဟုတ်ပါဘူးလို့ဆိုတယ်။
လိင်အင်္ဂါမပြောင်းလဲခင်က ကိုယ်တိုင်လည်း ခွဲခြားဆက်ဆံမှုခံခဲ့ရတာတွေ၊ ဘဝတူတွေကိုလည်း သံယောဇဉ်ရှိ တာကြောင့် MSM တွေကိုကူညီနေတဲ့ ကိုယ်ထူကိုယ်ထ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ The Help(ကူညီလက်များ) မှာ ကျန်းမာရေးအသိပညာ ဖြန့်ဝေခြင်းတွေနဲ့ ဂေးအခွင့်ရေးလှုပ် ရှားမှုတွေမှာ တက်ကြွစွာပါဝင်ခဲ့ပါတယ်။
အိတ်ချ်အိုင်ဗီတားဆီးကာကွယ်ရေး လုပ်ငန်းနယ်ပယ် တွေမှာ အောင်မြင်အောင်လုပ်ဆောင်နိုင်တာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက The Help အဖွဲ့ကို UNAIDS Red Ribbon ဆုချီးမြှင့်ခဲ့ပါတယ်။
ကျားကျားလျားလျား မိန်းမသား
ကိုသက်(၃၈ နှစ်) ငယ်ငယ်တုန်းက သူ့အစ်ကိုရဲ့အဝတ်အစားတွေ ဝတ်ချင်သလို သူ့အစ်ကိုကလည်း သူ့အဝတ်အစားတွေကို ဝတ်ချင်လို့ သူတို့ရဲ့မိခင်နဲ့ ခဏခဏ စကားများရလေ့ရှိတယ်။
သူ့အစ်ကိုက မိန်းမစိတ်ကိုတိမ်းညွှတ်တယ်။ သူ့ရဲ့သက်မာဆိုတဲ့ နာမည်ဖြစ်အောင် ကိုသက်လို့ နာမည်တပ်လိုက်တယ်။ သူ့လိုပဲ ယောက်ျားစိတ် တိမ်းညွှတ်နေတဲ့ မိန်းကလေးတွေက သူတို့နာမည်တွေကို ယောက်ျားလေးနာမည်နဲ့ နီးစပ်အောင် နာမည်ပေးလေ့ ရှိကြတယ်။ နာမည်ရင်းခေါ်ရင် မကြချင်ကြဘူး။
ကိုသက်က ရှပ်အင်္ကျီလက်တိုနဲ့ သရီးကွာတား T&L ဆိုတဲ့ အင်္ဂလိပ်စာလုံးကို ဆေးမင်ထိုးထားတယ်။ သူနဲ့ သူ့ကောင်မလေးရဲ့ နာမည်အတိုကောက်လို့ သူကပြေတယ်။
ကိုသက်ငါးတန်းအရွယ်လောက်ကစပြီး မိန်းကလေးချောချောလေးတွေကိုတွေ့ရင် စိတ်ကူးယဉ်တတ်လာတယ်။ရှစ်တန်းနှစ်အရောက်မှာ မိန်းကလေးတစ်ယောက်နဲ့ မိန်းမချင်းရည်းစားစ ထားတယ်။ ကောင်မလေးအိမ်ကိုလည်း ဝင်ထွက်သွားလာတယ်။ ကောင်မလေးရဲ့ မိဘတွေကလည်း မိန်းကလေးချင်းဆိုတော့ ထွေထွေထူးထူး ပြောစရာမရှိဘူးပေါ့။
လေးနှစ်လောက်အတူတူတွဲခဲ့ကြပြီး ကိုသက်က နောက်ကောင်မလေးတစ်ယောက်နဲ့ထပ်ပြီးတွဲတယ်။ ကောင်မလေးနှစ်ယောက်ဆုံပြီး ကိုသက်ရှေ့မှာစကားများကြတာပေါ့ ။ သူ့ကို လည်း ဘယ်သူ့ဘက်ကိုလိုက်မလဲလို့မေးကြတယ်။
“နေတာကြာနေတဲ့သူနောက်ကို ဘယ်လိုက်တော့မလဲ။ အသစ်ကို ရွေးလိုက်တာပေါ့” လို့ ကိုသက်က ရယ်ရယ်မောမောပြန်ပြောပြတယ်။
နောက်တစ်ယောက်ကျတော့ ကိုသက်ကို တခြားသူငယ်ချင်း မိန်းကလေးတွေနဲ့အတူတူသွားရင်တောင် စိတ်မချတတ်ဘူး။ သိပ်ချစ်လွန်းပြီး သဝန်တိုလွန်းတော့ လည်း ကိုသက်မနေတတ်တော့ဘူး။ ငါးနှစ်အကြာမှာပဲ အဲဒီကောင်မလေးနဲ့ ပြတ်စဲသွားတယ်။
“သိပ်ချစ်လွန်းတဲ့ဒဏ်ကို မခံနိုင်ဘူး”
ကိုသက်ကပြုံးစိစိနဲ့ပြောတယ်။
နောက်တစ်ယောက်ကျတော့ ဗေဒင်ယတြာအကြာင်းပြချက်နဲ့ အတူနေဖြစ်ခဲ့တယ်လို့ဆိုတယ်။ ကောင်မလေးက ကိုသက်အတွက် ဗေဒင်တွက်ထားတာ။ အိပ်ရာပြောင်းအိပ်ဖို့လိုတယ်ဆိုပြီး သူ့အိမ်မှာတစ်ပတ်လောက်လာအိပ်ဖို့ ကိုသက်ကို အကြံပေးတယ်။
“တစ်ပတ်လောက်အိပ်ရာပြောင်းမယ်ဆိုပြီး သွားလိုက်တာ ရှစ်နှစ်ကြာသွားတယ်”
ကိုသက်က ပြောပြောဆိုဆိုနဲ့ ရယ်ပါတယ်။
သူတို့နှစ်ယောက်ကို ကောင်မလေးမိဘတွေက အခန်းသီးသန့်ထားပေးတယ်။ အတူသွားအတူလာလုပ်တာကိုလည်း ကြည်ကြည်ဖြူဖြူပဲ။
အခုချိန်မှာတော့ ကောင်မလေးကလည်း အိမ်ထောင်ကျ၊ ကိုသက်ကလည်း နောက်ကောင်မလေးတစ်ယောက်နဲ့ပေါ့။
“ကောင်မလေးတွေ ဘယ်လောက်ထားခဲ့သလဲဆိုတာ အခုချိန်ထိဆိုရင် များလွန်းလို့ အားလုံးကိုမမှတ်မိတော့ဘူး”
ကိုသက်လိုယောက်ျားလျာတွေကို ယောက်ျားလေး သူငယ်ချင်းတွေက စတတ်နောက်တတ်ကြပေမယ့် ဂေးတွေလောက်တော့ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ခွဲခြားဆက်ဆံမှုကို မခံစားရဘူးလို့ဆိုပါတယ်။
ဗီဇနှင့် ပတ်ဝန်းကျင်
လူတစ်ဦးချင်းစီမှာ မွေးရာပါမျိုးဗီဇလွှမ်းမိုးမှုအရသော် လည်းကောင်း၊ မိသားစုပတ်ဝန်းကျင်ရဲ့ ဆက်ဆံမှုအရလည်း ကောင်း ယောကျ်ားစိတ်၊ မိန်းမစိတ်လွှမ်းမိုးမှုများ ကွဲပြားလေ့ရှိ တယ်လို့ ရန်ကုန်တက္ကသိုလ် စိတ်ပညာဌာန ပါမောက္ခ၊ ဌာနမှူး ဒေါက်တာအောင်မြတ်ကျော်စိန်က ပြောပါတယ်။
”မွေးရာပါ gene (မျိုးဗီဇ) အရ၊ ရုပ်ရည်အားဖြင့်လည်း ဖြစ်တတ်ပါတယ်။ တချို့က တော့င်တောင့်မာမာကြီး။ သူသည် စိတ်ပိုင်းဆိုင်ရာက နွဲ့ နွဲ့နှောင်းနှောင်းဖြစ်တတ်တယ်။ တချို့ကျ တော့လည်း အသံကိုက နွဲ့ နွဲ့နှောင်းနှောင်းဖြစ်နေတယ်။ ဒါပေမဲ့homosexual (လိင်တူဆက်ဆံသူ) မဟုတ်ဘူး။ သူ့ gene (မျိုးဗီဇ) အရဖြစ်နေတာ”
ယောကျ်ားလေးမွေးလာပေမယ့် မိန်းကလေးစိတ် တိမ်း ညွှတ်မှုရှိတတ်သလို မိန်းကလေးဖြစ်ပေမယ့် ယောကျ်ားလေး စိတ် တိမ်းညွှတ်မှုမျိုးရှိပြီး တိမ်းညွှတ်မှုအတိုင်းအတာလည်း ကွဲ ပြားနိုင်တယ်လို့ ဒေါက်တာအောင်မြတ်ကျော်စိန်က ရှင်းပြ ပါတယ်။
မိသားစုအသိုင်းအဝိုင်းက မွေးရာပါဗီဇကို ပြင်းပြင်းထန် ထန် ပြုမူဆက်ဆံဖို့မသင့်ဘူးလို့လည်း အကြံပြုတယ်။ ဒီနေရာ မှာ အားပေးအားမြှောက်ပြုဖို့ ဆိုလိုတာမဟုတ်ဘဲ လူတစ် ယောက်ရဲ့ မှန်ကန်တဲ့အသိဉာဏ်နဲ့ အသက်မွေးမှုရရှိအောင် တည့်မတ်ပေးဖို့ကို ဆိုလိုတာဖြစ်ပါတယ်။
မိန်းမစိတ်တိမ်းညွှတ်မှုရှိနေတဲ့ ယောက်ျားလေးကို ငယ်စဉ်ကတည်း မိန်းကလေးတစ်ဦးလို ပြုမူဆက်ဆံမယ်ဆိုရင် မိန်းမလျာဖြစ်စေနိုင်သလို ယောကျ်ားစိတ်တိမ်းညွှတ်မှုများနေတဲ့ မိန်းကလေးငယ်ကို ယောက်ျားလေးလိုပြုမူဆက်ဆံခဲ့မယ်ဆိုရင်လည်း ယောက်ျာလျာဖြစ်ဖို့ အလားအလာပိုများသွားနိုင်ပါတယ်။
”ယောကျ်ားလေးသည် ယောကျ်ားလေးဖြစ်တာတော့ အကောင်းဆုံးပေါ့။ သူ့ tendency (တိမ်းညွှတ်မှု) ရှိတာကို အတင်းကြီး ဆိုးဆိုးဝါးဝါးကြီးတော့ treat (ပြုမူဆက်ဆံ) မလုပ် သင့်ဘူး။ ဒါသည် normal (ပုံမှန်) ပေါ့။ ဒါကို လူ့အသိုင်းအဝိုင်းက abnormal (မူမှန်မဟုတ်ခြင်း) အဖြစ်မမြင်စေချင်ဘူး”
လိင်တူကြိုက်သူတွေနဲ့ပတ်သက်ပြီးတော့လည်း ”သူတို့ သည်လည်း သာမန်လူတွေပဲ။ ဒါကြီးက လူ့အဖွဲ့အစည်းမှာ မရှိ သင့်တဲ့အရာလို့တော့ မမြင်သင့်ဘူး။ ရှိလည်းရှိနေကြတယ်။ (စိတ်ပိုင်းဆိုင်ရာအားဖြင့်)normal (ပုံမှန်) ပါပဲ” လို့ ဒေါက်တာ အောင်မြတ်ကျော်စိန်က သုံးသပ်ပါတယ်။
ဒါပေမဲ့ လူ့အဖွဲ့အစည်းရဲ့ ယဉ်ကျေးမှုထုံးတမ်းအစဉ်အလာ တွေ၊ ဘာသာတရားတွေနဲ့ ဟိုဘက်ဒီဘက်အစွန်းမရောက် အောင် ချိန်ညှိဖို့တော့လိုမယ်လို့ဆိုပါတယ်။
”အဖွဲ့နဲ့၊ အသိုင်းအဝိုင်းနဲ့ မူးယစ်ဆေးဝါးတွေလုပ်မယ် ကျန်တဲ့သူတွေကိုလည်း လိင်တူဆက်ဆံလာအောင် အတင်း အဓမ္မလုပ်မယ်ဆိုရင်တော့ ရောဂါပဲ။ ရိုးရိုးသားသားစီးပွားရှာ မယ်ဆိုရင် ဘာမှထိခိုက်တာမဟုတ်ဘူး normal (ပုံမှန်) ပဲ” လို့ ဒေါက်တာအောင်မြတ်ကျော်စိန်က မှတ်ချက်ပြုပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းကလည်း ”(လိင်တူချစ်ခြင်းဟာ)မူမမှန်မဟုတ်ပါဘူး။ အသွင်မတူခြင်း တစ်မျိုးပါ။ ချစ်ခြင်းဆိုတာ မူမှန်တဲ့စိတ်၊ ကောင်းတဲ့စိတ်ပဲ မဟုတ်ဘူးလား” လို့မေးခွန်းထုတ်ပါတယ်။
ယနေ့ခေတ်ရုပ်ရှင်ဇာတ်လမ်းတွေမှာ ယောကျ်ားလျာ၊ မိန်းမလျာဇာတ်ရုပ်တွေဟာ အပြင်မှာတကယ်ရှိနေတဲ့ လိင်တူ ချစ်သူတွေရဲ့ဘဝကို ကိုယ်စားမပြုဘဲ ရယ်စရာပေါ ကြောင် ကြောင်လုပ်နေတာတွေဟာလည်း နှိမ်ချဆက်ဆံမှုတစ်မျိုးပဲဖြစ်တယ်လို့ ဂေးတွေကပြောကြပါတယ်။
ဇာတ်လမ်းသရုပ်ဖော်ပုံတွေနဲ့ပတ်သက်ပြီး ဦးအောင်မျိုး မင်းက အခုလိုသုံးသပ်တယ်။
“သဘာဝလွန် ဇာတ်လမ်းတွေ၊ ရယ်စရာဟာသ ပေါကြောင်ကြောင်ပုံစံဇာတ်ရုပ်တွေနဲ့ ရိုက်ပြနေတာဟာ တကယ်တော့ မှားယွင်းတဲ့ သတင်းစကားကို ပြည်သူထံပေးနေတဲ့အတွက် တော်တော်လေးဆိုးပါတယ်။ လိင်တူချစ်သူတိုင်း သဘာဝလွန်ပုံစံမျိုးရှိတဲ့ ပေါကြောင်ကြောင် လူသားတွေမဟုတ်ပါဘူး”
ဒေါက်တာအောင်မြတ်ကျော်စိန်က “သူတို့လည်းလူဖြစ်တဲ့အတွက် လူတစ်ယောက်ရဲ့ အခွင့်အရေးအနေနဲ့ရှိတာတော့မှန်သွားတယ်။ နိမ့်ကျတဲ့အမြင်နဲ့တော့ မမြင်သင့်ဘူး။ သုံးနှုန်းတဲ့ စကားလုံးပဲဖြစ်ဖြစ်၊ မြင်တဲ့အမြင်ပဲဖြစ်ဖြစ် သူတို့ကို အထင်သေး အမြင်သေးတော့ မြင်ဖို့တော့မကောင်းဘူး” လို့ ပြောပါတယ်။
လိင်တူချစ်သူတွေနဲ့ပတ်သက်ပြီး ထားရှိတဲ့သဘောထား တွေကို လှည်းတန်းလမ်းဆုံမှာ အသေးစားစစ်တမ်းလေးတစ်ခု ပြုလုပ်ခဲ့ရာမှာ တစ်ဦးနဲ့တစ်ဦး အမြင်မတူတာတွေ တွေ့ရပါ တယ်။ အဲဒီထဲက အချို့ရဲ့ ထင်မြင်ချက်ကို နားထောင်ကြည့်ပါဦး။
အသက် ၄၇ အရွယ် အမျိုးသမီးတစ်ဦးက ”အန်တီ့သား၊ သမီး တစ်ယောက်ယောက်က မိန်းမလျာ၊ ယောကျ်ားလျာ ဖြစ် လို့ကတော့ မူလဘဝကိုပြန်ရအောင် ချက်ချင်းလုပ်မှာပဲ” လို့ ဖြေပါတယ်။
အသက် ၆၇ နှစ်အရွယ် အမျိုးသားတစ်ဦးကတော့ အခု လိုပြောတယ်။
”မိန်းမလျာဖြစ်ဖြစ်၊ ယောကျ်ားဖြစ်ဖြစ် လူဟာလူပဲ။ အ ရွယ်ရောက်လာရင်တော့ ဘဝရပ်တည်ချက်အတွက် အလုပ်လုပ် ရမှာပါပဲ။ သူတို့ဒီလိုဖြစ်လာတာကတော့ ကံအကျိုးပေးပါပဲ”
အသက် ၂၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကတော့ သဘာဝ အတိုင်းပဲဖြစ်စေချင်တယ်လို့ ဆိုပါတယ်။
”ကျွန်မကတော့ မိသားစုထဲက တစ်ယောက်ယောက် အဲဒီလိုဖြစ်ရင် ချက်ချင်းတားမှာပဲ။ သဘာဝကိုကျော်လွန်တာ မှန်သမျှ ဘာမှမကောင်းပါဘူး။ သဘာဝအတိုင်းပဲ ဖြစ်စေ ချင်တယ်”
Photo: Zayar Hlaing အလှပြင်နေသည့် မိတ်ကပ်မိုးည
လူထဲကလူ
ခွဲခြားခံရတဲ့နေရာမှာ မိသားစုနဲ့ပတ်ဝန်းကျင်တင်မကဘဲ ဥပဒေကြောင်းအရလည်း ဂေးတွေကိုနှိပ်ကွပ်သလိုဖြစ်နေတယ်လို့ ဂေးအခွင့်အရေးတက်ကြွသူတွေက ပြောကြတယ်။
”လိင်တူချစ်သူတွေအပေါ် ခွဲခြားဖိနှိပ်တဲ့ ရာဇဝတ်ဆိုင်ရာ ဥပဒေတစ်ခု မြန်မာပြည်မှာ အခုအချိန်ထိ တည်ရှိနေတာ စိတ်မ ကောင်းစရာပါပဲ။ ဒီဥပဒေကတော့ ဗြိတိသျှကိုလိုနီခေတ်ကထဲ က ကျန်နေခဲ့တဲ့ ရာဇဝတ်မှုဆိုင်ရာဥပဒေ (၃၇၇) ဖြစ်ပါတယ်” လို့ အောင်မျိုးမင်းကပြောတယ်။
၎င်းဥပဒေကို ၁၈၆၁ မှာအင်္ဂလိပ်ဘာသာနဲ့ပြဋ္ဌာန်းခဲ့ပြီး ၁၉၅၃ မှာ မြန်မာဘာသာနဲ့ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ ပြစ်မှုဆိုင်ရာ ဥပဒေဖြစ်ပြီး ရဲအရေးပိုင်တဲ့အမှုဖြစ်တယ်လို့ ဥပဒေပညာရှင် ဦးကျော်မင်းစံကရှင်းပြတယ်။
ပြစ်မှုထင်ရှားခဲ့ရင် ထောင်ဒဏ် ၁ဝ နှစ်အထိဖြစ်စေ၊ တစ် သက်တစ်ကျွန်းဖြစ်စေ ချမှတ်နိုင်တယ်လို့ဆိုပါတယ်။
”ဓမ္မတာနှင့်ဆန့်ကျင်သော ကာမဆက်ဆံရင်၊ ဓမ္မတာနဲ့ဆန့်ကျင်သောဆိုတဲ့နေရာမှာ ကျင်ကြီးစွန့်တဲ့အပေါက်ကို အဓိ ကဆိုလိုတာပေါ့။ ပါးစပ်တွေဘာတွေနဲ့ oral sex လုပ်တယ်ဆို လည်း ဓမ္မတာနဲ့ဆန့်ကျင်တာပဲ” လို့ ဦးကျော်မင်းစံက ပုဒ်မ ၃၇၇ ကို ဖွင့်ဆိုပြပါတယ်။
၎င်းပုဒ်မ ၃၇၇ ဟာ ဂေးတွေကို သီးခြားဦးတည်တာမဟုတ် သော်လည်း ဂေးတွေအနေနဲ့ မလုံမခြုံခံစားနေရတယ်လို့ ဂေး တွေက ပြောကြပါတယ်။
”(ယောကျ်ားရောမိန်းမပါ)ခန္ဓာကိုယ်အင်္ဂါတွေကို အဆင် ပြေသလိုအသုံးချပြီး သာယာမှုရှာနေကြတဲ့အချိန်မှာ ဘာကိစ္စနဲ့ MSM ကိုမှ ထူးပြီးတာ့ ဓမ္မတာနဲ့မညီဘူးဖြစ်ရတာလဲ” လို့ သက်မွန်ဖြိုးကဆိုပါတယ်။
ကမ္ဘာပေါ်မှာ လိင်တူချင်းလက်ထပ်ခွင့်ပြုထားတဲ့နိုင်ငံ ၁၁ နိုင်ငံရှိပြီး ၁၉၉၆ မှာ နယ်သာလန်နိုင်ငံက စတင်ခွင့်ပြုခဲ့ပါတယ်။ နယူးဇီလန်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်းကပဲ လိင်တူ လက်ထပ်ခွင့်ဥပဒေ ပြဋ္ဌာန်းပေးဖို့ဆုံးဖြတ်ခဲ့တာကြောင့် ၁၂ နိုင်ငံဖြစ်လာတော့မှာပါ။
နောက်ထပ်ခွဲခြားဆက်ဆံမှုဖြစ်တဲ့ ဂေးတွေဟာ HIV အပါအဝင် ကူးစက်ရောဂါပိုးသယ်ဆောင်သူတွေဖြစ်တယ်ဆိုတဲ့ အချက်ကိုလည်း ဂေးတွေက အပြည့်အဝလက်မခံကြပါဘူး။
ဂေးတွေဟာ လူတန်းစာအလွှာအသီးသီးမှာ အပုန်းတွေ၊ အပွင့်တွေအဖြစ် ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ ရှိနေတာကြောင့် ဂေး အရေအတွက်ကိုသိဖို့ ခက်ခဲပါတယ်။ သို့ပေမယ့် ဘဝတူသူ တွေပေါင်းစုပြီး ဦးတည်အုပ်စုတွေနဲ့ ကူးစက်ရောဂါ ကာကွယ် တားဆီးရေးတွေကို လုပ်ဆောင်နေတယ်လို့ The Help အဖွဲ့ရဲ့ ပရိုဂရမ်မန်နေဂျာလည်းဖြစ်တဲ့ သက်မွန်ဖြိုးကပြောတယ်။
HIV ဟာ လူတန်းစားမရွေး၊ လူမျိုးဘာသာမရွေး ကူး စက်နိုင်သောရောဂါဖြစ်တာကြောင့် ”ဘယ်သူမို့လို့ ကူးတယ်ဆို တာထက် သူတို့ရဲ့ အပြုအမူတွေပေါ်မှာပဲမူတည်ပါတယ်” လို့ သက်မွန်ဖြိုးကသုံးသပ်တယ်။
အ္တနရာယ်ရှိတဲ့လိင်ဆက်ဆံမှုမျိုးပြုသူ ယောက်ျား၊ မိန်းမအားလုံးကူးစက်နိုင်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့လို့ ဂေးတွေကိုပဲ တစ်ဖက်သက်အပြစ်တင်နေတာဟာလည်း ခွဲခြားမှုတစ်ခုပဲ လို့ ဂေးတွေကထောက်ပြကြတယ်။
လိင်တူချစ်သူတွေဟာလည်း လူထဲကလူပဲမို့လို့ LGBTအခွင့်အရေးဆိုတာလည်း လူတစ်ယောက်ရဲ့အခွင့်အရေးထက် ဘာမှပိုတောင်းဆိုတာမရှိဘူးလို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကပြောကြတယ်။
”ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေထဲမှာ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေးအားလုံးထုတ်ပြန်ထားတယ်။ MSM ဆိုတာလည်း နိုင်ငံသားပဲဖြစ်တာကြောင့် သူတို့လည်း ဒီအခွင့်အရေးတွေရှိကိုရှိ ရမယ်” လို့သက်မွန်ဖြိုးကမှတ်ချက်ပြုတယ်။
ဂေးတွေကို ပုံမှန်မဟုတ်သလိုဆက်ဆံတာ၊ ရယ်စရာအဖြစ် သဘောထားတာတွေကြောင့် စိတ်ဓာတ်ရေးရာအရထိခိုက်ခံစားကြရပြီး အသက်မွေးဝမ်းကျောင်းအတွက် အလုပ်အကိုင် ရှာဖွေရာမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်လို့ဂေးတွေ ကပြောပါတယ်။
သတ်မှတ်ထားတဲ့ ပညာအရည်အချင်းပြည့်မီပေမယ့် ဂေး ဖြစ်နေတာကြောင့် လူရှေ့သူရှေ့မထွက်ရတဲ့ ဘခေု သ်ငခန လို တာဝန်တွေကိုပဲပေးတာ၊ စိတ်တိုင်းကျဝတ်စုံ ပေးမဝတ်တာ စသ ဖြင့် ခွဲခြားမှုမျိုးတွေဟာ လူတစ်ယောက်ရဲ့ကိုယ်ပိုင်အရည်အ ချင်းတွေကိုဆုံးရှုံးသွားစေတယ်လို့ ထောက်ပြကြပါတယ်။
လိင်တူချစ်သူတွေအနေနဲ့ ပထမဆုံးခွဲခြားဆက်ဆံရမှု စတင်တွေ့ရတာက မိသားစုတွင်းမှာဖြစ်ပြီး ဝင်ငွေ မရှာပေးနိုင်တဲ့သူတွေဆိုရင် မိသားစုထဲမှာတင်ပဲ ပိုပြီးနှိမ်ချဆက်ဆံခံရလေ့ရှိတတ်တာကြောင့် အသက်မွေးဝမ်းကျောင်းမှုအတွက် အလုပ် ကိုင်ကောင်း ရှာဖွေရခက်ခဲတာဟာ လူတစ်ယောက်ရဲ့အခွင့်အ ရေးဆုံးရှုံးနေရတာဖြစ်တယ်လို့ လိင်တူချစ်သူတွေက ဝေဖန် ကြတယ်။
ဂေးတွေအနေနဲ့ အခွင့်ရေးတောင်းဆိုတဲ့နေရာမှာလည်း တာဝန်ယူမှုနဲ့တွဲပြီး တောင်းဆိုတတ်ဖို့လိုပါတယ်။ ကိုယ့်ကိုပေး ထားတဲ့နေရာနဲ့ ထိုက်တန်တဲ့ အပြုအမူမျိုးကို ပတ်ဝန်းကျင်က အသိမှတ်ပြုရင်လည်း အသိမှတ်ပြုတာနဲ့တန်တဲ့ အနေအထိုင် မျိုးရှိသင့်တယ်လို့ အောင်ကိုကပြောတယ်။
မိသားစုရော ပတ်ဝန်းကျင်ကပါလေးစားတဲ့ လိင်တူဆက် ဆံသူမျိုးဖြစ်ဖို့က ငွေ၊ ဒါမှမဟုတ် ပညာတစ်ခုခုရှိပြီး အနေအ ထိုင်ဆင်ခြင်တတ်ဖို့လိုတယ်လို့ မိုးညကခံယူထားတယ်။
မိတ်ကပ်ပညာကို အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုအဖြစ်လေ့လာထားတဲ့ သူကိုယ်တိုင်လည်း ပတ်ဝန်းကျင်ရဲ့ အထင်သေး၊ အမြင်သေးမှုတွေမရှိအောင်လို့ ကိုယ်တတ်ထားတဲ့ ပညာရပ်ကို အမြဲဖြည့်ဆည်းနေရတယ်လို့ ပြောတယ်။
” ဒီခေတ်နဲ့ယှဉ်ရင်တော့ ငွေရှိမှ အခြောက်တွေကသင့် တော်တာ။ ငွေမရှိရင် အနှိမ်ခံရတယ်။ ငွေရှိတာတောင် နှိမ်ချင် နေကြတာ။ အားလုံးကိုလိုက်လျောညီထွေဖြစ်အောင် နေတတ် ဖို့လိုတယ်”
မိုးညက ပြောရင်းနဲ့ စလင်းဘတ်အိတ်ထဲက လက်ကိုင်မှန် လေးကိုထုတ်လိုက်ပြီး သူ့နှုတ်ခမ်းနီအရောင်ကို ထပ်တင်လိုက် တယ်။ တစ်နာရီကျော်ကျော်စကားပြောခဲ့ပြီးပြီမို့ ထိုင်ခုံကထပြီး အညိုရောင်ကိုယ်ကျပ်အင်္ကျီကိုဆွဲချလိုက်တယ်။
”ကိုယ်ကမိန်းကလေးမဟုတ်မှန်းသိတယ်။ ဟိုရှေ့ကလာ တဲ့အခြောက် အရမ်းမိုက်တယ်ကွာလို့ ပြောမှကြိုက်တယ်”
မိုးညက စလင်းဘတ်အိတ်ကိုလွယ်၊ ခေါင်းမော့ရင်ကော့ ပြီး လက်ပြနှုတ်ဆက် ထွက်ခွာသွားတော့တယ်။ ။ အပိုင်း(၁)သို့

