အောက်တိုဘာလထုတ်-၂၀၁၂၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၂)မှ သတင်းဆောင်းပါးဖြစ်ပါသည်။
စောသစ်ထူး ရေးသား၍ ဇော်နိုင်ဦး အချက်အလက်ပံ့ပိုးသည်။
ကနွဲ့ကလျ အောင်ကို (အမည်လွှဲ) ၃၄ နှစ် ရဲ့ဘဝကို အကြီးအကျယ်အပြောင်းအလဲဖြစ်စေ ခဲ့တာက သူဆယ်နှစ်သားအရွယ်မှာပေါ့။
သူ့အဒေါ်ယောကျ်ားရဲ့တူနဲ့ တစ်ခြင်ထောင်တည်း အတူတူအိပ်တာက စခဲ့တယ်လို့ပြောရမှာပဲ။ သူ့ထက်ငါးနှစ်ကြီးတဲ့ အဒေါ့်ယောကျ်ားရဲ့တူက လူပျိုပေါက်၊ လက်တည့်စမ်းတဲ့အရွယ်ဆိုတော့ အောင်ကို့ကို မိန်းမနေရာကထားပြီး လိင်တူချင်း ဆက်ဆံခဲ့တယ်။ အဲဒီညက သူဘယ်လိုမှထင်မှတ်မထားတဲ့ အတွေ့အကြုံကို တစ်သက်လုံးကြိုက်နှစ်သက်ခဲ့တယ်လို့ သူက ပြောတယ်။
”အဲဒါဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို မိန်းမအစစ်ကြီးလိုဖြစ်သွားပြီးတော့ သူပြန်လာပြီဆိုရင် ကြိုလိုက်ရလို့ ဝမ်းသာသွား တာတို့ အဲဒီလိုမျိုးခံစားရတာပေါ့”
အဲဒီနောက်ပိုင်း ကျောင်းတက်ဖော်သူငယ်ချင်းတွေနဲ့လည်း စမ်းသပ်ခဲ့တယ်။
တစ်နေ့ သူငယ်ချင်းတစ်ယောက်က ဆရာမကို အောင်ကို ကအခြောက်ဖြစ်တယ်လို့ သွားပြောလိုက်တော့ သုံးပတ်လောက် ကျောင်းမတက်ရဲတော့ဘဲ အိမ်တွင်းပုန်းလုပ်နေခဲ့ရတယ်။
”နဂိုကတည်းက သိနေတာ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ဆရာမပြောလိုက်တဲ့စကားလုံးတစ်လုံးကြောင့် လာကြည့်တဲ့ မျက်လုံးတွေနဲ့ အာရုံစူးစိုက်မှုတွေ အကုန်ကိုယ့်ဆီရောက်လာ တာက ပိုပြီးထိခိုက်မှုရှိတယ်”
အောင်ကိုက သူထိခိုက်ခံစားခဲ့ရတာကို ပြန်ပြောပြတယ်။
အောင်ကို့လို လိင်တူချစ်သူတွေအနေနဲ့ မိသားစုနဲ့ ပတ်ဝန်း ကျင်ရဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အထင်မြင်သေးနှိမ့်ချဆက်ဆံမှု တွေကြောင့် လူ့အခွင့်အရေးတွေ ဆုံရှုံးနေရပြီး လူတစ်ယောက်ရဲ့ ဘဝရပ်တည်မှုကို ခက်ခဲစေတယ်လို့ လူ့ အခွင့်အရေး လှုပ်ရှားသူတွေက ပြော ကြပါတယ်။
ခွဲခြားဆက်ဆံမှုတွေ လျော့နည်းပြီး လူတစ်ယောက်ရဲ့အခွင့်အရေး ကိုသာ အပြည့်အဝရရှိမယ်ဆိုရင် လိင်တူချစ်သူတွေအနေနဲ့ မိမိတတ်စွမ်းတဲ့ အရည်အချင်းတွေကို ပိုမိုဖော် ထုတ်လာနိုင်မှာဖြစ်ပြီး ကိုယ်တိုင်ရော ပတ်ဝန်းကျင်ကိုပါ အကျိုး ရှိအောင် ဖန်တီးလာနိုင်မှာဖြစ်တယ်လို့ လိင်တူချစ်သူတွေက ပြောကြတယ်။
”မြန်မာနိုင်ငံရဲ့ (လိင်တူချစ်သူတွေ) အခြေအနေက အရှေ့အလယ်ပိုင်းနိုင်ငံတွေလို၊ အာဖရိကက တချို့နိုင်ငံတွေမှာ လို အထူးဆိုးဆိုးဝါးဝါး သတ်ဖြတ်တာ၊ အကြမ်းဖက်တာတွေ မရှိဘူးဆိုပေမယ့် လိင်တူချစ်သူတွေကို ပြည့်ပြည့်ဝဝကြီးလက်ခံနေတယ်လို့လည်း ပြောလို့မရတဲ့အခြေအနေမျိုးပါ” လို့ လူ့အခွင့်ရေးလှုပ်ရှားနေသူ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။
နိုင်ငံတကာမှာ LGBT လို့ခေါ်တဲ့ Gay (ယောကျ်ားချင်း လိင်တူကြိုက်သူ)၊ Lesbian(ယောကျ်ားလျာ)၊ Bisexual(လိင်တူရောလိင်ကွဲပါကြိုက်သူ) နဲ့ Transgender(မိန်းမလျာအပွင့်) တွေရဲ့ အခွင့်အရေးလှုပ်ရှားတဲ့ အဖွဲ့စည်းတွေရှိကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အချင်းချင်းဆက်သွယ်ချိတ်ဆက်ထားတဲ့ ကွန် ရက်လေးတွေရှိလာတာ တွေ့ရတယ်။
ဂေး(Gay) ၊ မိန်းမလျာလို့ခေါ်ကြတဲ့ လိင်တူချစ်သူတွေမှာ အမျိုးအစားစုံလင်လှသလို အခေါ်အဝေါ်တွေလည်း စုံလင်လှပါ တယ်။အနေအထိုင်ပုံစံနဲ့ လိင်စိတ်တိမ်းညွှတ်မှုအတိုင်းအတာပေါ်မူတည်ပြီး အပုန်း၊အပွင့်၊သူငယ်၊ဂလန်၊အော်ဖာ(Offer)စသည်ဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။
NGO အသိုင်းအဝိုင်း၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ကူးစက်ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွေ လုပ်နေကြသူ တွေကတော MSM(Man who have sex with Man)လို့ လည်းခေါ်ကြပါတယ်။
လိင်တူကို စိတ်တိမ်းညွှတ်ပေမယ့် အဝတ်အစားပုံစံက အများသတ်မှတ်ထားတဲ့ နေထိုင်ဝတ်စားပုံနဲ့သာ နေတဲ့သူကို အပုန်း လို့ခေါ်ကြတယ်။ ခွဲခြားဆက်ဆံမှုတွေနဲ့ ဘဝရဲ့ လက်ရှိ အခြေအနေကို ထိခိုက်မှာစိုးလို့ ကိုယ်တိုင်ဂေးဖြစ်နေတာကို အများကိုပေးမသိချင်ဘူး။ ဒါ ပေမဲ့ တစ်ခါတစ်ရံမှာ အဝတ် အစားကသာ မပြောင်းပေ မယ့် ကိုယ့်ကိုယ်ကိုယ် ဂေးပါ လို့ ဖွင့်ပြောတဲ့အခါ အပွင့် လို့ သတ်မှတ်ကြတယ်။
အပွင့်တွေကို Transgender လို့လည်း ခေါ်ကြတယ်။ ဒီနေရာမှာ မွေးရာပါ လိင်အင်္ဂါ sex လို့ခေါ်ကြပြီး အများ သတ်မှတ်ထားတဲ့ ယောကျ်ား၊ မိန်းမ ပြုမူနေထိုင်ရမယ့်ပုံစံတွေကို Genderလို့ခွဲထားကြပါတယ်။ Transgender ဆိုတာ အများသတ်မှတ်ထားတဲ့ပုံစံနဲ့ ဝတ်စား နေထိုင်တာမျိုးမဟုတ်ဘဲ မိမိစိတ်တိမ်းညွှတ်ပေါ်မူတည်ပြီး နေထိုင်လိုက်တာကို ခေါ်ပါတယ်။ ယောကျ်ားဖြစ်ပေမယ့် မိန်းမစိတ် တိမ်းညွှတ်တာကြောင့် မိန်းမလို ပွင့်ပွင့်လင်းလင်းနေထိုင်ဝတ် စားသူတွေကို ခေါ်ကြတာပါ။
သူငယ်ဆိုတာကတော့ ဂေးတွေနဲ့ အတူနေကြတဲ့ လိင်ဆက်ဆံဖော်တွေကို ခေါ်ဆိုတာဖြစ်ပါတယ်။သူငယ်မှာလည်း အယူချည်းပဲ သွားတဲ့သူငယ်ရှိသလို အပြန်အလှန်ကူညီဖေးမ တတ်ကြတဲ့ သူငယ်တွေလည်းရှိတယ်လို့ MSM တွေက ပြောကြပါတယ်။ တချို့ကလည်း 69 လို့ခေါ်ကြတယ်။ အင်္ဂလိပ်လို နံပါတ်ခြောက်ကို လှည့်လိုက်တာနဲ့ ကိုးဖြစ်သွားသလို ကိုးကိုလည်း လှည့်လိုက်တာနဲ့ ကိုးဖြစ်သွားသလို ကိုးကိုလည်း လှည့်လိုက်တာနဲ့ ခြောက်ဖြစ်သွားနိုင်တာကြောင့်ပါတဲ့။
ဂလန်ဆိုတာကတော့ ယောကျာ်းရော မိန်းမကိုပါ ကြိုက်နှစ်သက်ရာမှာလည်း ကိုယ်စိတ်တိမ်းညွတ်မှုအလျောက် အပေးဘက်၊ အယူဘက် စသည်ဖြင့် ပုံစံမျိုးစုံ နေကြတဲ့သူတွေကို ခေါ်ကြပါသတဲ့ ။ တချို့ကလည်း စမူဆာလို့ခေါ်ကြပါတယ်။
အော်ဖာဆိုတာကတော့ ငွေကြေး၊ သို့မဟုတ် ပစ္စည်းတစ်စုံ တစ်ရာယူပြီး လိင်တူသော်လည်းကောင်း၊ လိင်ကွဲသော်လည်း ကောင်း အဆင်ပြေသလို ဆက်ဆံကြရတဲ့သူတွေလို့ ဆိုပါတယ်။ သူတို့က ငွေကြေး၊ ပစ္စည်းတစ်စုံတစ်ရာ ယူထားပြီးဖြစ်တာ ကြောင့် ကိုယ့်ကိုလာခေါ်တဲ့ ဖောက်သည်ရဲ့အလိုကျ ပုံစံအမျိုး မျိုးနဲ့ နေပေးရလေ့ရှိပါတယ်။
နောက်ထပ်တစ်မျိုးကတော့ Transsexual လို့ခေါ်တဲ့ လိင်အင်္ဂါပြောင်းလဲထားတဲ့သူတွေကို ဆိုလိုပါတယ်။ မြန်မာနိုင်ငံမှာတော့ ခေတ်မစားသေးဘဲ မရှိသလောက်နည်းသေးတယ် လို့ ဆိုရမှာပါ။
တရားဝင်လက်ထက်ထားတဲ့ မိန်းမနဲ့ကလေးတွေရှိပြီး လိင်တူရော လိင်ကွဲပါကြိုက်နှစ်သက်တဲ့ ဂေးတွေလည်းရှိတတ်ပါတယ်။
တိတ်တိတ်လေးချစ်
ငယ်စဉ်က စစ်တပ်အသိုင်းအဝိုင်းမှာ ကြီးပြင်းလာရတဲ့ အောင်ကိုအနေနဲ့က မိသားစုနဲ့ပတ်ဝန်းကျင်ရဲ့ ခွဲခြားနှိမ်ချဆက် ဆံမှုတွေကို ရှောင်ရှားလိုတာကြောင့် ယနေ့အထိ အပုန်းဘဝနဲ့ ပဲ ကျင်လည်ခဲ့ရတယ်။
သူကအပွင့်တွေလို မိန်းမအဝတ်အစားတွေမဝတ်ချင်ဘဲ ယောကျ်ားလေးပုံစံအတိုင်းနေရတာကို ကြိုက်နှစ်သက်တယ်လို့ ဆိုတယ်။ သူက တီရှပ်အဖြူနဲ့ ဂျင်းန်ဘောင်းဘီအကျပ်ကိုဝတ်ထားတယ်။
သူ ၂၈ နှစ်အရွယ်မှာ သူငယ်ချင်းတစ်သိုက်က သူ့ကိုစ နောက်ခဲ့တဲ့အဖြစ်အပျက်က သူ့ဘဝမှာ အထိတ်တလန့် အမှတ် တရဖြစ်စေခဲ့တယ်။
အောင်ကို အစိုးရလုပ်ငန်းတစ်ခုလုပ်ခဲ့တုန်းက မကွေးဘက်မှာ တာဝန်ကျတယ်။ တစ်ရက်မှာ ဧရာဝတီမြစ်ထဲရေတွေလျှံနေချိန်။ သူငယ်ချင်းတွေက လှေသွားစီးကြမယ်လို့ အောင်ကိုကျိတ်ပြီး စိတ်ဝင်စားနေတဲ့ သူငယ်ချင်းယောကျ်ားလေးတွေလည်းပါတာကြောင့် လိုက်သွားခဲ့တယ်။
လှေဆိပ်ရောက်တော့ ပါလာတဲ့သူငယ်ချင်းမိန်းကလေးတစ်ယောက်နဲ့ အောင်ကိုပဲလှေပေါ်တက်ရသေးတယ်၊သူငယ်ချင်းတွေက လှေကို မြစ်လယ်ကိုတွန်းထုတ်လိုက်ကြတယ်။ရေလယ်ရောက်သွားတဲ့အခါ သူငယ်ချင်းတွေက ကောင်မလေးကို ယူမလား၊မယူဘူလားလို့လှမ်းမေးကြတယ်။ ရေလည်းမကူးတတ်၊ လှေလည်းမလှော်တတ်တဲ့လှေပေါ်ကနှစ်ယောက်သားခမျာမှာ တအားကြောက်နေကြတာပေါ့။
”ဘယ်လိုမှမယူနိုင်ဘူး။ မင်းတို့မလာရင် ငါရေထဲခုန်ချ မှာ”
အောင်ကိုကပြောပြောဆိုဆို ရေထဲခုန်ချမယ်လုပ်တော့မှ သူငယ်ချင်းတွေက လှေတစ်စီးနဲ့လိုက်လာခဲ့ကြရတယ်။
”ကျွန်တော်မှ မိန်းကလေးတွေကိုစိတ်မဝင်စားတာ”
ပီကေဝါးရင်းပြောနေတဲ့ အောင်ကို့အသံက ခပ်သြသြ။
အဲဒီဒေသမှာပဲ သူ့ထက် ၁ဝ နှစ်ငယ်တဲ့ ယောကျ်ားလေး အဖော်တစ်ယောက်ကို အောင်ကိုတွေ့ရှိခဲ့တယ်။
ဆယ်တန်းအရွယ်ကောင်လေးက ရေချိုးဆင်းတဲ့အချိန်မှာ ပဲ အောင်ကိုနဲ့စတွေ့ခဲ့တယ်။ မိတ်ဆက်စကားစပြီး ညနေဘက် တွေ့ဖို့ချိန်းလိုက်တယ်။ နောက်ပိုင်း ခင်မင်လာတဲ့အခါမှာတော့ ကိုယ့်အခြေအနေကို အမှန်အတိုင်းဖွင့်ပြောပြီး အတူတူနေကြဖို့ခွင့်တောင်းလိုက်တယ်။
အောင်ကိုရန်ကုန်ပြန်လာပြီးတဲ့အချိန်မှာ ကောင်လေးကလည်း ၁၀ တန်းဖြေပြီးချိန်၊ ရန်ကုန်ကိုအလုပ်ရှာဖို့ ရောက်လာတယ်။ ရန်ကုန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တစ်ခုမှာ အိမ်ခန်းတစ်ခန်းငှားပြီး အတူတူနေ၊ အတူတူစီးပွားရှာနေခဲ့တာ အခုဆိုရင် ခုနစ်နှစ်တောင်ရှိခဲ့ပြီ။
သူတို့နှစ်ယောက်ကို အောင်ကို့သူငယ်ချင်းတွေက Living together လို့သိထားကြပေမယ့် ကောင်လေးဘက်က မိသားစုနဲ့သူငယ်ချင်း အသိုင်းအဝိုင်းကတော့ သာမန်ယောကျ်ား လေးသူငယ်ချင်းနှစ်ယောက်အဖြစ်သာ သိထားကြတယ်။
”တကယ်လို့ သူ့အသိုင်းအဝိုင်းကသာ ကျွန်တော်တို့နှစ် ယောက်အခြေအနေကိုသိသွားရင် . . .
”ကျွန်တော့်အတွက်မစိုးရိမ်ပေမယ့် သူ့အတွက် ကျွန်တော် စိုးရိမ်ရတယ်၊ ပတ်ဝန်းကျင်ဖိအားမပြောနဲ့ မိသားစု ဖိအားကိုတောင် မခံနိုင်ဘူး”
အောင်ကိုက လေးတွဲ့တွဲ့ပြောတယ်။
ကောင်လေးကိုလည်း မိန်းကလေးရည်းစားထားချင်တယ်ဆိုရင် အောင်ကိုကခွင့်ပြုထားပြီး နောင်တစ်ချိန်မိန်းမယူသွားမယ်ဆိုရင်လည်း ရလာတဲ့ကလေးတွေကို သူသေတဲ့အထိစောင့်ရှောက်သွားမယ်လို့သူက စိတ်ပိုင်းဖြတ်ထားတယ်။
Photo: Zayar Hlaing မိတ်ကပ် မိုးည
အပွင့်ဘဝ မိုးည
သင်္ချာဘွဲ့ရ မိုးည (၂၈ နှစ်) ငယ်ငယ်တုန်းက သူ့အစ်မ အတွက်ဝယ်လာတဲ့ အလှပြင်ပစ္စည်းတွေနဲ့ အဝတ်အစားတွေကို မဝတ်ရရင် စိတ်ကောက်လေ့ရှိတာကြောင့် သူ့အမေက သူ့ အတွက် မိန်းကလေးအဝတ်အစားတွေ ဝယ်လာပေးရလေ့ရှိ တယ်။ တစ်ခါတစ်ရံမှာ သူ့အမေက နှုတ်ခမ်းနီပါ ဆိုးပေးရ သေးတယ်။
ကျောင်းခန်းထဲမှာ ယောကျ်ားလေးသူငယ်ချင်းတွေနဲ့ပဲတွဲတယ်။ ယောကျ်ားလေးသူငယ်ချင်းတွေကိုပဲ စိတ်ဝင်စားတယ်။
”အဲဒီတုန်းက ငယ်သေးတော့ တခြားတဏှာစိတ်တွေ ဘာတွေမရှိသေးပါဘူး” လို့ မိုးညကပြောတယ်။
သူ တကယ်ကြုံတွေ့ခဲ့ရတာက ပထမနှစ်မှာပေါ့။
အရှေ့ပိုင်းတက္ကသိုလ်ကို ကျောင်းသွားတက်ရတဲ့ မိုးညကို အမြဲလိုလိုစောင့်ကြည့်နေတတ်တဲ့သူ့ကို မိုးညစပြီးသတိထား မိလာတယ်။ ကျောင်းရှေ့လက်ဖက်ရည်ဆိုင်ကနေ စောင့်ကြည့် နေတတ်တဲ့သူ့ကိုလည်း မိုးညက ခိုးခိုးပြီးကြည့်တတ်လာတယ်။
“ပထမနှစ်မှာ ကာလာစုံမြင်ရတော့ ဟိုအရောင်လေးကြိုက်တယ်၊ဒီအရောင်လေးကြိုက်တယ်ပေါ့။ ကိုယ်ကြိုက်တာက ပန်းရောင်လေး၊မြတ်မြတ်နိုးနိုးနဲ့ ထားချင်တာ။ မထင်မှတ်ဘဲနဲ့ ကိုယ်မုန်းတယ်ဆိုတဲ့ အစိမ်းရောင်နဲ့ စတွေ့တယ်”
တစ်နေ့မှာတော့ သူငယ်ချင်းအပေါင်းသင်းတွေနဲ့ခွဲထွက်ပြီး မိုးညကိုစောင့်ကြည့်နေတဲ့ သူနဲ့အတူတူ လက်ဖက်ရည်ဆိုင်ထိုင်ဖြစ်တယ်။ အဲဒီနေ့မှာပဲ မိုးညထက် ၁၀နှစ်လောက်ကြီးပြီး မိုးညက အစိမ်းရောင်ကြီးလို့ ကာလာခွဲသတ်မှတ်ထားတဲ့သူကြီး စပြီးချစ်ရေးဆိုပါတော့တာပါပဲ။
သူတကယ်ကြိုက်နှစ်သက်နေတဲ့ ပန်းရောင်လေးက သူ့ကိုပြန်မကြိုက်တာကြောင့် အစိမ်းရောင်ကြီးနဲ့သာတွဲခဲ့ရတာလို့လည်း မိုးညကပြောပြတယ်။
” ဒါပေမယ့် မိုးကံကောင်းပါတယ်။ သူကပညာတတ်။ ဗိုလ် ကြီးတဲ့။ ချက်ချင်းကြီးတော့ အဖြေပြန်ပေးလို့ဘယ်ဖြစ်မလဲ။ စဉ်းစားပါရစေဦးလို့ပဲ ပြောခဲ့ရတာပေါ့”
မိုးညက မခို့တရို့ပြုံးပြီး သူ့ရဲ့ပထမဆုံးအတွေ့အကြုံကို ပြောပြတယ်။
အဲဒီနောက်ပိုင်းမှာ သူ့ရဲ့အစိမ်းရောင်ကြီးဟာ နှစ်ပတ်လောက်ပျောက်သွားခဲ့တယ်။အဲဒီအချိန်တွင်းမှာတော့ သူထိုင်နေကျ ခုံနေရာလေးကို အမြဲတမ်းစောင့်မျှော်နေခဲ့မိတယ်။ နှစ်ပတ်ကျော်လို့ ပြန်တွေ့တဲ့အချိန်မှာတော့ မိုးညတစ်ယောက် အလွမ်းမိုးသည်းတွေကြားထဲမှာ ခေါင်းညိတ်ခဲ့ရတော့တာပေါ့။
သူရဲ့ပထမဆုံးလိင်တူအတွေ့အကြုံမှာ အရှက်လွန်နေလို့ ကမောက်ကမတွေ ဖြစ်ခဲ့သေးတယ်လို့လည်း မိုးညက ရယ်ရယ် မောမော ပြန်ပြောပြတယ်။
၂ဝဝ၃ ခုနှစ်လောက်ကစပြီး မိတ်ကပ်ပြင်သင်တန်းတစ်ခု ကို အသက်မွေးဝမ်းကျောင်း အလုပ်တစ်ခု ဖြစ်နိုင်လောက်တဲ့ အထိ စတင်ရောက်ခဲ့တယ်။ အဲဒီအချိန်ကစပြီး မိန်းကလေးလို အဝတ်အစားပုံစံနဲ့ ပွင့်ပွင့်လင်းလင်းနေထိုင်လာခဲ့တယ်။
မိုးညရဲ့အပွင့်ဘဝက အတိုက်အခံတွေပြည့်နှက်နေတယ်။အရင်ဆုံး အိမ်ကမိသားစုက လက်မခံနိုင်ဘူး။
“ကိုယ့်ကိုကြည့်ပြီး အခြောက်လို့သိသွားပြီ။ ဒါပေမဲ့ အဲဒီ အခြောက်တွေဝတ်ထားတာ Smart (ပုံစံကျ) မဖြစ်ဘူးဆိုရင် ကိုယ်ကနေရာမရဘူး။ ကိုယ်ဝတ်ထားတဲ့ အဝတ်အစား ပြောပုံဆိုပုံ တွေ အားလုံး အံဝင်ခွင်ကျဖြစ်နေမှသာ နေရာတစ်နေရာရတာကို နားလည်ပေးပါအမေရယ်လို့ပြောရတယ်”
အပွင့်တွေကသိသာတာကြောင့် အပုန်းတွေထက် ခွဲခြား ဆက်ဆံမှုကို ပိုမိုကြုံတွေ့ရလေ့ရှိတယ်လို့ ဂေးတွေကပြောကြ ပါတယ်။
လူ့အခွင့်ရေးလှုပ်ရှားသူ ဦးအောင်မျိုးမင်းက ”အရင်တုန်း ကတော့ လိင်တူချစ်သူလို့ သိလိုက်လို့ရှိရင် သူတို့စိတ်ထဲမှာ မသိုး မသန့်ဖြစ်သွားတဲ့သူတွေအများကြီးနဲ့ တွေ့ ဖူးတယ်။ သူတို့အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မလား စိုးရိမ်တဲ့သဘောတွေ အများကြီးတွေ့ရတယ်” လို့ဆိုပါတယ်။
ဦးအောင်မျိုးမင်းငယ်စဉ်ဘဝကလည်း အခွင့်ကောင်းယူ လှောင်ပြောင်မှာစိုးရိမ်တာကြောင့် ဘယ်သူမှမသိအောင်ကြိုး စားဖုံးကွယ်ခဲ့ရတယ်လို့ ဆိုပါတယ်။ မိန်းကလေးရည်းစားတွေ ထားခဲ့ဖူးပေမယ့် ကိုယ်ကတစ်ဖက်သတ် ရင်ခုန်နေရတဲ့ ယောကျ်ားလေးသူငယ်ချင်းလောက် စိတ်လှုပ်ရှားတာ မခံစား ရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် လိင်တူချစ်သူတစ်ယောက်ဆိုတာ သဘောပေါက်လာခဲ့တယ်လို့ သူကပြောပြတယ်။
အခုချိန်မှာတော့ ဦးအောင်မျိုးမင်းဟာ ယောကျ်ားလို အမြဲတမ်းဝတ်ဆင်ပေမယ့် ကိုယ့်ကိုယ်ကိုယ်ဂေးပါလို့ လူသိရှင် ကြား ထုတ်ဖော်ထားသူဖြစ်ပါတယ်။
ကမ္ဘာ့နာမည်ကြီး CNN သတင်းဌာနက သတင်းကြေညာ သူ အန်ဒါဆင်ကူးပါး (Anderson Cooper) ဟာဆိုရင်လည်း သူ့ကိုယ်သူ ဂေးပါလို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုထားသူပါ။ အပိုင်း(၂)သို့

