အဆိပ်ရည်ရွှမ်းသော အသီးအရွက်များ လိုသလောက်ရမည် အပိုင်း(၃)

စားသုံးသူအတွက် အန္တရာယ်

အသီးအနှံစိုက်ပျိုးသည့် တောင်သူတို့သည် စိုက်ပျိုးရေး သုံး ဆေးပစ္စည်းများအား မည်သို့အသုံးပြုရမည်ဆိုသည့် သင်တန်း မရရှိခြင်းကြောင့် သူတို့၏ အန္တရာယ်ကင်းရှင်းရေးအတွက် လည်း သတိမထားနိုင်သလို စားသုံးသူအတွက် အန္တရာယ်ကင်း ရှင်းစွာ စားသောက်နိုင်ရေးဆိုတာကိုလည်း ဂရုမစိုက်နိုင်။

ယင်းဆေးပစ္စည်းတို့ကို သူတို့ အလျဉ်းသင့်သလို သုံးမည်။ လိုအပ်သည်ထက် ပိုမိုအသုံးပြုခြင်းလည်း ရှိနိုင်မည်။ တရားဝင် ခြင်း၊ မဝင်ခြင်းဆိုသည်ထက် သီးနှံအောင်မြင်ဖြစ်ထွန်းဖို့ကသာ အဓိကဖြစ်သည်။

သို့သော် အဆိုပါ အကြောင်းအမျိုးမျိုးကြောင့် ပိုးသတ် ဆေး အလွန်အကျွံသုံးစွဲနေကြသည့်အတွက် အသီးအနှံနှင့် ဟင်း သီးဟင်းရွက်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပိုမိုပါရှိနေခြင်း ဖြစ်သည်ဟု ပညာရှင်များက ပြောသည်စားသုံးသူကာကွယ်ရေးအသင်းဥက္ကဋ္ဌ ဦးဘအုပ်ခိုင်က ”ပိုးသတ်ဆေးက Side Effect(ဘေးထွက်ဆိုးကျိုး) တွေချည်း ပဲ။ ဂေါ်ဖီမှာ ဖျန်းတဲ့ ပင်လုံးပြန့် ပိုးသတ်ဆေးဆို ချက်ချင်းသေတယ်။ ဟုမ္မလင်းမှာ ဂေါ်ဖီကို အစိမ်းစားလိုက်တာ။ ဒါက လုံးဝ မသုံးသင့်ဘူး”ဟု ၂ဝ၁၃ ခုနှစ်က ဟုမ္မလင်းမြို့နယ် ယက်ဖကျေး ရွာရှိ လပြည့်နဂါးသစ်ပါးလွှာစက်ရုံမှ အလုပ်သမားများ ဂေါ်ဖီထုပ် သုပ်စားရာမှ ၃၂ ဦး အစာအဆိပ်သင့်မှုဖြစ်ပွားပြီး နှစ်ဦး သေဆုံးခဲ့သည်ကို ညွှန်းဆို၍ ပြောကြားသည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA)မှ ဒေါ်နွဲ့ဟေမာလင်း(ဆေးဘက်ကျွမ်းကျင် -၂၊ ဆေးဝါး)က နေ့စဉ် စားသောက်နေသော အသီးအနှံများတွင်ပါရှိသည့် ပိုး သတ်ဆေးဓာတ်ကြွင်းများသည် ခန္ဓာကိုယ်က ခွင့်ပြုထားသည့် ဇီဝပိုးသတ်ဆေး ဓာတ်ကြွင်းပမာဏထက် များနေသည့်အခါ ကျန်းမာရေးအတွက် နောက်ဆက်တွဲပြဿနာများစွာဖြစ်လာ နိုင်သည်ဟု ဆိုသည်။

”ကျွန်မတို့ တစ်နေ့တစ်နေ့ ဘယ်လောက်စားတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ ဓာတ်ကြွင်း ဘယ်လောက်ကျန်ခဲ့လဲဆိုတာ ဘယ်သူမှ မသိဘူး။ အသက်ကြီးလာမှ အဆိပ်သင့်တာတွေလည်း ရှိတယ်”

တောင်သူများအနေနဲ့ ပိုးသတ်ဆေးဖျန်းသည့်အခါ တစ် ကြိမ်တစ်ခါ ဖျန်းနေခြင်း မဟုတ်သလို ပိုးသတ်ဆေးမျိုးစုံးသုံးကာ အကြိမ်ကြိမ်းဖျန်းနေကြသည့်အတွက် ပညာပေးမှု များများလုပ် ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံမှ ပြည်သူများအနေဖြင့် တခြားသောနိုင်ငံများ နှင့်နှိုင်းယှဉ်လျှင် အစားအသောက်နှင့်ပတ်သက်ပြီး အစား အသောက်  ဘေးကင်းလုံခြုံမှု အလွန်နိမ့်ကျလျက်ရှိသည်။ စိုက် ပျိုးသည့် တောင်သူများနှင့် ကုန်သည်များသည် လွယ်လွယ်ကူ ကူနှင့် ဈေးကွက်သို့ တင်ပို့နိုင်ရန်သာ အဓိက ဆောင်လုပ်နေကြ သည်ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

”ပိုက်ဆံဘယ်လို လွယ်လွယ်ကူကူရမလဲ။ အဲဒါတွေပဲ စဉ်း စားတယ်။ အဲဒါကြောင့် မိရိုးဖလာသဘာဝနည်းတွေကို ပစ်ပယ် ပြီးတော့ မသမာတဲ့ နည်းပေါင်းစုံ သုံးလာတာပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

ရှမ်းမောမြေမှ ဒေါ်နုနုရီက လက်ရှိဈေးကွက်အတွင်း ရှိနေ သည့် ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ ၉ဝ ရာခိုင်နှုန်းကို စိုက် ခင်းမှာကတည်းက ပိုးသတ်ဆေးအလွန်အကျွံသုံးနေကြသည့် အတွက် အန္တရာယ်ကင်းသည်ဟု မပြောနိုင်ကြောင်း မှတ်ချက်ပြု သည်။

”ဒီမှာ အန္တရာယ်ကင်းအောင် ရှောင်နိုင်ဖို့ဆိုတာ ခုခေတ် မှာ မလွယ်ဘူး”ဟု သူက ဆိုသည်။

 

ဒါတွေကို ဘယ်သူတွေက စစ်ပေးလဲ

စိုက်ပျိုးရေးတောင်သူများက မျိုးစုံသော စိုက်ပျိုးရေးသုံးဓာတုဆေးပစ္စည်းများကို မျိုးစုံသော နည်းလမ်းများဖြင့် အသုံး ပြုကာ စိုက်ပျိုးကြသည်။ ယင်းသို့ စိုက်ပျိုးပြီးသည့်နောက် အသီး အနှံတို့ ဈေးကွက်ထဲရောက်လာကြသည်။ အဆိုပါသီးနှံတွင် ပိုး သတ်ဆေးဓာတ်ကြွင်း၊ ဓာတုဆေးဝါးဓာတ်ကြွင်းများ မည်မျှ ပါဝင်သနည်း။ ပြည်သူတို့ အန္တရာယ်ကင်းစွာစားသောက်နိုင်ဖို့ အတွက် မည်သူတို့က စစ်ဆေးကြပ်မတ်ပေးကြပါသနည်း။

”အဲဒါတွေကို စာရင်းလိုက်ကောက်တဲ့သူလည်း မရှိဘူး။ အစိုးရဌာနတွေကလည်း ဘယ်သူမှမလုပ်ဘူး။ အဲဒါကို Research လုပ်ဖို့ သုတေသနဌာန ရှိကို ရှိရမှာ”ဟု ဒေါက်တာစိုးခိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ပါဝင်မှုစစ်ဆေး ရာတွင် ပြည်ပပို့ကုန်များကိုသာ အဓိကစစ်ဆေးပြီး ပြည်တွင်း တွင် စားသုံးနေကြသည့် ဟင်းသီးဟင်းရွက်များကို လုံလုံလောက် လောက် ဓာတ်ခွဲစမ်းသပ်ခြင်းမပြုလုပ်နိုင်သေးဟု စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲ၊ ပိုးသတ်ဆေးဓာတ်ခွဲခန်း ဌာနစိတ်၏ လက်ထောက်òန်ကြားရေးမှူး ဦးတင်ဝင်းက ပြော သည်။

နိုင်ငံခြားသို့တင်ပို့မည့် သီးနှံများကို ဓာတ်ခွဲစမ်းသပ်ရာ တွင် ဓာတ်ခွဲခကို တင်ပို့မည့်ကုမ္ပဏီက ပေးသည်။ သို့သော်ပြည်တွင်းစားသုံးသည့် သီးနှံများကို ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန် နိုင်ငံတော်မှ အကုန်အကျမခံနိုင်သည့်အတွက် ငွေကြေးတွင် အခက်အခဲများစွာရှိသည်ဟု ၎င်းက ဆိုသည်။

”မစစ်ဘူးလား မဟုတ်ဘူး စစ်တယ်။ သီးနှံတွေ အကုန်လုံး ကို မစစ်ဆေးနိုင်ပါဘူး။ အစားများတဲ့ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ အစားများတဲ့ဟာလောက်ပဲ စစ်နိုင်ပါတယ်။ ကုန်ကျစရိတ်က အရမ်းများတယ်”ဟု သူက ဆိုသည်။

ပြည်တွင်းစားသုံးနေကြသည့် စိုက်ပျိုးသီးနံှများအား ဓာတ်ခွဲစမ်းသပ်မှုများပြုလုပ်ရာတွင် ဓာတ်ခွဲခန်းလုံလောက်မှု မရှိခြင်း၊ သက်ဆိုင်ရာဌာနများ တွင် ဝန်ထမ်းလုံလောက်မှုမရှိခြင်း၊ ပညာရှင်ရှားပါးခြင်း၊ ငွေကြေးအခက်အခဲများရှိသည်ဟု ပိုးသတ် ဆေးဓာတ်ခွဲခန်းဌာနစိတ်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ဆိုပါသည်။

”ဓာတ်ခွဲခန်းက တစ်နိုင်ငံလုံးမှာ ဒီတစ်ခုပဲ ရှိတယ်။ ဒီပြင် ဓာတ်ခွဲခန်းတွေတော့ ရှိတယ်။ ဒါပေမဲ့ ဒီမှာလောက် Specialist မလုပ်နိုင်ဘူးပေါ့ နော်”ဟု ဦးတင်ဝင်းက ပြောသည်။

FDA အနေဖြင့်လည်း ဌာနအတွင်း သန့်ရှင်းရေး ဝန်ထမ်း နှင့် မော်တော်ယာဉ်မောင်းအပါအဝင် စုစုပေါင်းဝန်ထမ်းသုံးရာရှိသည့်အတွက် အစာ အဆိပ်သင့်မှု ဖြစ်ပွားသည့်အချိန်မှသာလျှင် ယင်းအစားအစာ ဓာတ်ခွဲစမ်းသပ်မှုပြုလုပ်ရန် ဓာတ်ခွဲခန်းပို့နိုင် ပြီး ဈေးကွက်ထိ ကွင်းဆင်းစစ်ဆေးရန် မဖြစ်နိုင်ဟု အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေး (FDA) မှ ဒါက်တာ ထွန်းဇော်က ဆို သည်။

 

သစ်မရခင် ဝါးကူနည်း

အထက်ပါ ပြောဆိုမှုများအရ ဈေးကွက်အတွင်း ပိုးသတ် ဆေးဓာတ်ကြွင်းရှိသည့် ဟင်းသီးဟင်းရွက်များကို အစိုးရဘက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသည့်ကာလတွင် ပြည်သူများ အနေဖြင့် မိမိဘာသာ တတ်နိုင်သမျှ ဆင်ခြင်ရှောင်ရှားနိုင်သည့် နည်းလမ်းများတော့ ရှိသည်။ အလားတူ စိုက်ပျိုးသူ တောင်သူ များအနေဖြင့်လည်း ဓာတုဆေးဝါးများ အသုံးပြုနေသည်နှင့် တစ်ပြိုင်တည်း စားသုံးသူများ အနည်းငယ်မျှ အ္တရာယ်ကင်းစွာ စားသောက်နိုင်ရန် လုပ်ဆောင်နိုင်သည့် နည်းလမ်းတချို့တော့ရှိ သည်။

ပိုးသတ်ဆေးဓာတ်ကြွင်းတို့သည် ပိုးသတ်ဆေးအမျိုး အစားပေါ် မူတည်၍ ဆေးဖျန်းပြီး ၇ ရက်မှ ၂၄ရက် အထိ ဓာတ် ကြွင်းပြိုကွဲတတ်လေသည်။ ထို့ကြောင့် ခူးဆွတ်ပြီး ခုနစ်ရက် နောက်ပိုင်းကြာမှသာ ဈေးကွက်သို့ တင်ပို့သင့်သည်ဟု ဦးဗအုပ် ခိုင်က အကြံပြုသည်။

”သူတို့က နှစ်ရက်၊ သုံးရက်အတွင်း ဈေးကွက်ကို ပို့တယ်။ အဲဒီမှာ ပြဿနာတတ်တာပဲ”ဟု သူက ဆိုသည်။

လက်ရှိဈေးကွက်တွင်းရောင်းချနေကြသည့် သီးနှံများစား သုံးသည့်အခါ စနစ်တကျ ရေနှင့် စင်ကြယ်အောင်ဆေးရန်၊ ဆား စိမ်ပြီး ဆေးရန်၊ ကျက်အောင်ချက်ပြီးမှ စားရန်လိုအပ်သည်။ ယင်းကဲ့သို့လုပ်ရန်မှာလည်း စားသုံးသူများ၏ တာဝန်သာဖြစ် သည်။ မိမိကိုယ် မိမိသာ ကာကွယ်ပါဟု အစားအသောက် ကျွမ်း ကျင်သူများက အကြံပြုကြသည်။

စားသုံးသူများအနေဖြင့်လည်း ဟင်းသီးဟင်းရွက်များကို မစားသောက်မီ ရေနှင့်စင်ကြယ်အောင်ဆေးခြင်း၊ ဆားစိမ်ပြီး ဆေးကြောခြင်းတို့ကို စနစ်တကျပြုလုပ်လျှင် ပိုးသတ်ဆေး ဓာတ်ကြွင်းပါဝင်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ဟင်းသီးဟင်း ရွက်များ ဝယ်သည့်အခါတွင်လည်း အရွယ်အစားကြီးကြီးနှင့် အလှအပတို့ကို မမက်မောရန် လိုသည်ဟု ဦးဗအုပ်ခိုင်က ဆို သည်။

”ပိုးပေါက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်စားဖို့လို တယ်”ဟု ဆိုပြီး သူက ဆက်၍ ”လုံးဝ အစိမ်းမစားနဲ့။ ကျက် အောင်ချက်။ ကျက်အောင်ချက်လိုက်ရင် ငါးဆယ်ရာခိုင်နှုန်း လောက် ဓာတ်ြ<ွကင်းထွက်သွားတယ်။ ငါးဆယ်ရာခိုင်နှုန်းတော့ ဗိုက်ထဲရောက်တာပေါ့”ဟု ဆိုသည်။

 

ရေရှည်အတွက် စဉ်းစားစရာများ

အထက်ပါ ဖော်ပြခဲ့မှုများအရ မြန်မာနိုင်ငံတွင် အသီးအနှံ၊ ဟင်းသီးဟင်းရွက်များတွင် ဓာတုဓာတ်ကြွင်းများက ရှိနေသည်။ မြန်မာပြည်သူလူထု၏ ကျန်းမာရေးအတွက်လည်း ခြိမ်းခြောက်မှု ဖြစ်နေသည်။ ယင်းကို ဒီအတိုင်းပစ်ထား၍တော့ မရ။ မြန်မာ ပြည်သူတို့ ကျန်းမာကြံ့ခိုင်ဖို့အတွက်က မဖြစ်မနေလုပ်ရမည် ဖြစ်၏။

ထို့ကြောင့် အနာဂတ်တွင် မြန်မာပြည်သူများ အန္တရာယ် ကင်းသည့် အစားအသောက်များ ရဖို့အတွက် မည်သည့်လုပ်ငန်း များကို အဓိက လုပ်ဖို့လိုပါသနည်း။ ပိုးသတ်ဆေးမှတ်ပုံတင်ဌာနခွဲ မှ ဒေါ်စန်းစန်းလွင်ကတော့ ယခုလိုအကြံပြုသည်။”သက်ဆိုင်ရာတိုင်း၊ မြို့နယ်တွေမှာရှိတဲ့ သီးနှံကာကွယ် ရေးဝန်ထမ်းတွေက ပိုးသတ်ဆေးဆိုင်တွေကို စစ်ဆေးတာတွေ၊ သတိပေးတာတွေ၊ အရေးယူတာတွေ လုပ်ဖို့လိုတယ်”ဟု အကြံ ပြုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးကော်မတီလက်ထက် ၁၉၉ဝ၊ မေလကတည်းက အခန်း ၁၅ ခန်းပါသည့် ပိုးသတ်ဆေးဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်။ ထို ဥပဒေ၊ အခန်း ၁၃ တွင် ပိုးသတ်ဆေးသုံးစွဲသူနှင့် တင်သွင်း၊ ရောင်းချသူများ လိုက်နာရမည်များကို ပုဒ်မခွဲများဖြင့် ပြဋ္ဌာန်း ထားသည်။ ထိုတားမြစ်ချက်များအား ဖောက်ဖျက်ကျူးလွန်လျှင် ဒဏ်ငွေနှင့် ထောင်ဒဏ်များ ချမှတ်နိုင်သည်အထိ ပြဋ္ဌာန်းထား သည်။

ဦးဗအုပ်ခိုင်ကတော့ ပိုးသတ်ဆေးဥပဒေအရ ဟင်းသီး ဟင်းရွက်များ ဓာတ်ကြွင်းပြိုကွဲမှ ဈေးကွက်သို့တင်ပို့ရမည်ဖြစ်ပြီး ဓာတ်ကြွင်းပြိုကွဲခြင်း မတိုင်မီ ဈေးကွက်အတွင်းသို့ တင်ပို့ပါက ဥပဒေအရအရေးယူနိုင်သည်ဟုဆိုသည်။ သို့သော် တောင်သူများ ကိုယ်တိုင်က ဥပဒေရှိသည်ကိုတောင် မသိကြဟုဆိုသည်။

”ဥပဒေကတော့ ခေါင်းတခြား ဖင်တခြားပဲ။ အဓိက ဥပဒေ အသက်မဝင်တာ။ အဲဒီတောင်သူတွေကိုလည်း အရေးယူ တာမျိုး မရှိပါဘူး”ဟု ဦးဗအုပ်ခိုင်က ဆိုသည်။

သူက ဆက်၍ ”ထွန်တုံးတိုက်ပွဲလုပ်ရင်သာ အရေးယူမယ်။ ကျန်တာတော့ အရေးမယူဘူး။ ပညာပေးတာကျတော့လည်း ထိ ထိရောက်ရောက်မပေးနိုင်ဘူး။ ပိုးသတ်ဆေးလုပ်တဲ့သူတွေက လည်း ခရိုနီတွေဖြစ်နေတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်သီးနှံများ အရည် အသွေးပြည့်မီအောင် ထွက်ရှိနိုင်ရန် စိုက်ပျိုးရေးဦးစီးဌာနများက ကောင်းမွန်သော စိုက်ပျိုးရေးစနစ်(Good Agriculture Practice  G.A.P.)ကို အကောင်အထည်ဖော်လျက်ရှိသည်။ သင်တန်းများလည်း ပေးလျက်ရှိသည်ဟု ပိုးသတ်ဆေးဓာတ်ခွဲခန်း ဌာနစိတ် လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ပြော သည်။

”ဟင်းသီးဟင်းရွက် သစ်သီးဝလံလည်း GAP စနစ်နဲ့ စိုက်ပျိုးပြီး GAP ကတော့ အမှန်ပိုးသတ်ဆေး ဓာတ်ကြွင်းကို ထိန်းချုပ်ပေးတာပေါ့”ဟု သူက ဆက်လက်ပြောသည်။

၂ဝ၁၅တွင် အာဆီယံနိုင်ငံများ Free Trade Agreement (လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်) ကို အကောင် အထည်ဖော်တော့မည် ဖြစ်သည့်အတွက် သီးနှံများ အပြန် အလှန်ကုန်သွယ်မှု ပြုလုပ်ကြမည်ဖြစ်သည်။ ယင်းအတွက် သီးနှံ များစိုက်ပျိုးသည့်အခါ GAP စနစ်အား အခြေခံကာ စိုက် ပျိုးသင့် သည်ဟု ဦးတင်ဝင်းက ဆိုသည်။

သို့သော် အာဆီယံဈေးကွက်သို့ တက်လှမ်းဖို့ဆိုခြင်းထက် ပြည်တွင်းဈေးကွက်၌ပင် ပြည်သူများ အန္တရာယ်ကင်းကင်း စား သောက်နိုင်ရန် ဦးစွာစဉ်းစားဖို့က လတ်တလော အရေးကြီးလျက် ရှိသည်။

ပိုးသတ်ဆေးဓာတ်ကြွင်း ဘေးအန္တရာယ်ကာကွယ်ရန် သီးနံှစိုက်ပျိုးသူ တောင်သူများ အသိဉာဏ်မြင့်မားရန် လိုအပ် သလို တောင်သူများ အသိပညာမြင့်ဖို့အတွက် နိုင်ငံ၏ စီးပွားရေး၊ ပညာရေးအပြင် ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်လိုအပ်သည်ဟု ကျန်း မာရေးဝန်ကြီးဌာနလက်အောက်တွင်ရှိ FDA မှ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းဇော်က ဆိုသည်။

”သူတို့တွေ အသိပညာ မမြင့်မားနေသမျှ ကာလပတ်လုံး ကတော့ ထင်သာမြင်သာမရှိတဲ့ အန္တရာယ်တွေက အများပြည် သူအတွက် ရှိနေဦးမှာပဲ”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်အနေဖြင့် ပညာရှင်များမွေးထုတ်ပေးခြင်း၊ ဓာတ်ခွဲခန်းများများထောင်ပေးခြင်း၊ သင်တန်းများပေးခြင်း၊ စစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပေးခြင်း တာဝန်ယူဆောင်ရွက်ပေး သင့်သည်ဟု ပိုးသတ်ဆေးဓာတ်ခွဲခန်းဌာနစိတ်မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးတင်ဝင်းက ဆိုသည်။

သူကဆက်၍ ”စာရွက်ပေါ်မှာ အကောင်အထည်ဖော်နေလို့ မရပါဘူး။ လက်တွေ့အကောင်အထည်ဖော်ဖို့လိုတယ်။ ဒီဟာတွေ မလုပ်နိုင်သေးခင်မှာတော့ ဒီလိုပဲ စားနေရအုံးမယ်”။

ပိုးသတ်ဆေးနှင့် အမြဲတစေ ထိတွေ့နေရသော တောင်သူ များမှာလည်း သူတို့အကြောက်တရားနှင့် သူတို့ရှိနေကြပါသည်။ လောလောဆယ် ဈေးကွက်ဖိအားကြောင့် ပိုးသတ်ဆေးသုံးနေရ သော်လည်း ယင်း၏ ဆိုးကျိုးကို ရေရှည်တွင်ခံစားရမည်ကိုကား သူတို့တစ်တွေကိုယ်တိုင်လည်း နားလည်ထားကြသည်။

ရွာလှရွာမှ ဒေါ်မြရွှေဆိုလျှင် သူ့အသုံးအနှုန်းအရ ဟင်းသီး ဟင်းရွက်များကို ရေဖျန်းရာတွင် အသုံးပြုသည့် ရေဖျန်းခရားကို ကိုင်နိုင်သည့် ကလေးအရွယ်ကတည်းက စိုက်ပျိုးရေးလုပ်ငန်း ကို လုပ်လာသည်မှာ ယခုဆိုလျှင် အသက် ၅၈ နှစ်ပင်ရှိပြီဖြစ် သည်။ ပိုးသတ်ဆေးနှင့် ရင်းနှီးကျွမ်းဝင်လာသည့် ဒေါ်မြရွှေသည် ယခုအခါ ပိုးသတ်ဆေးအနံ့ကို မခံနိုင်တော့သည့်အတွက် ဆေး ဖျန်းစရာရှိလျှင် သူ့သမီးကိုသာ ခိုင်းနေရသည်။

သူတို့မိသားစု စိုက်ပျိုးထားသော ခရမ်းခင်းနှင့် ငရုတ်ခင်း အစပ်တွင် ထိုင်လျက်  ”ကြီးကြီး(သူ)ကိုယ်တိုင်လည်း ပြန်စဉ်းစားမိတယ်” ဟု သူ၏ စိုက်ခင်းများကို ဘယ်၊ ညာဝေ့ကြည့်ရင်း ဒေါ်မြရွေက စကားကို စလိုက်သည်။ ပြီးတော့ ယခုလိုဆိုသည်။

”ငါတို့ စိုက်ပျိုးတဲ့လူတွေရော၊ စားသုံးတဲ့သူတွေရော ရောဂါစာကြီးကို နေ့တိုင်း စားနေရတာနဲ့ အတူတူပဲလို့” ။       ။

(၂၀၁၅) ၊ဖေဖော်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၂၀)မှ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါသည်။

ခင်မောင်မြင့်ရေးသည် ၊ သီတာဝင်း နှင့် သီရိဟန်ပံ့ပိုးသည်။

အပိုင်း(၂)

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."