ဘလောက်တုံးတွေက ယာဉ်ကြော ကျပ်တည်းမှု အတွက် အဖြေလား၊ ပြသာနာလား အပိုင်း(၃)

 

ဘယ်လိုဖြေရှင်းမလဲ

ဘလောက်တုံးများချထားခြင်းထက် အခြားနည်းလမ်း များကို အသုံးပြုရန် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူးဝင်းလွင် အပါ အဝင် ဦးလှသောင်းမြင့်နှင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဦးသန်းဝင်းတို့က စည်းကမ်းပိုင်းဆိုင်ရာ အသိပညာပေးသင် တန်းများ ထိထိရောက်ရောက်ပေးခြင်းဖြင့်သာ ရေရှည်အတွက် ပိုမိုထိရောက်နိုင်သည့် နည်းလမ်းဖြစ်သည်ဟု အကြံပြုမှတ်ချက် ပေး ကြသည်။

ဦးသန်းဝင်းကတော့ ယာဉ်မောင်းလိုင်စင်ထုတ်ပေးသည့်အချိန်မှစ၍ သေချာစိစစ်ပြီးမှ ထုတ်ပေးသင့်ပြီး ယင်းသို့ လုပ် ဆောင်ပါက ယခုလောက် ယာဉ်စည်းကမ်းမလိုက်နာမှု ဆိုးရွား မည်မဟုတ်ဟုဆိုသည်။

သို့သော် လိုင်စဉ်ထုတ်ပေးရာတွင် အဓိကတာဝန်ရှိသည့် ကညနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ဦးသိန်းဦးကတော့ ကညနမှ ယာဉ်မောင်းလိုင်စဉ်များကို စနစ်တကျထုတ်ပေးလျက် ရှိပြီး ”စည်းကမ်းကိုနားမလည်လို့ ယာဉ်တိုက်မှုဖြစ်ရပါတယ် ဆိုတာက ခိုင်လုံမှုမရှိတဲ့ အကြောင်းပြချက်တစ်ခုပဲ”ဟု သူက တုံ့ပြန်ပြောဆိုသည်။

ဘလောက်တုံးများချထားရာတွင် ယာဉ်များအား မသွား စေလိုသည့်နေရာကိုရွေးချယ်ကာ အန္တရာယ်ကင်းရှင်းစေလို၍ချ ထားခြင်းဖြစ်ပြီး ဒုတိယအချက်မှာ ယာဉ်စည်းကမ်းထိန်းသိမ်း ကြီးကြပ်မည့် ဝန်ထမ်းအင်အားမလုံလောက်သောကြောင့် အထောက်အကူပြုပစ္စည်းများ အသုံးပြုဆောင်ရွက်ရခြင်းဖြစ် သည်ဟု ဦးသိန်းဦးက ပြောသည်။

သို့သော်လည်း စည်းကမ်းထိန်းသိမ်းရေးလုပ်ဆောင်ရာ၌ ဥပဒေအတိုင်း ထိထိရောက်ရောက် မလုပ်နိုင်ခြင်းက ”အား နည်းချက် ဖြစ်နေပါသေးတယ်” ဟု သူက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ကားအစီးရေငါးသိန်းကျော်၏ ယာဉ်စည်းကမ်းထိန်းသိမ်းမှုလုပ်ငန်းများအတွက် ယာဉ်ထိန်းရဲ တပ်ဖွဲ့  ဖွဲ့စည်းပုံတင်းပြည့်အင်အား၏ ၆ဝရာနှုန်းခန့်(ရဲအင်အား ၁,ဝဝဝ ကျော်)ဖြင့်သာ ဆောင်ရွက်နေရသည်ဟု ဒုရဲမှူးဝင်းလွင် က ရှင်းပြသည်။

”ရှိတဲ့အင်အားနဲ့ လုပ်နိုင်သမျှ လုပ်နေတာပဲ။ ဒါပေမဲ့ စည်း ကမ်းဖောက်တဲ့သူနဲ့ ရဲအင်အားက မမျှဘူးဖြစ်နေတယ်”ဟု သူ က ဆိုသည်။

သူက ဆက်၍ ”ကျွန်တော်တို့ရဲ့ မမြင်ကွယ်ရာမှာ စည်း ကမ်းချိုးဖောက်နေတာတွေကို မထိန်းနိုင်ဘူးဖြစ်နေတယ်” ဟု ပြောပါသည်။

ယခုအခါ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဖြစ်လာ သည့် ဦးဖြိုးမင်းသိန်းက ဌာနဆိုင်ရာတာဝန်ရှိသူများ၏ ယာဉ် ကြောကျပ်တည်းမှု ဖြေရှင်း ရေးဆောင်ရွက်နေမှုများကို ”ဆေး မြီးတိုနဲ့ ကုနေတယ်လို့ပဲ မြင်ပါတယ်” ဟု ဖေဖော်ဝါရီ နောက်ဆုံး အပတ်က မော်ကွန်းကို ပြောပြသည်။ (ထိုစဉ်တုန်းက ဦးဖြိုးမင်း သိန်းသည် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် မဖြစ်သေးပေ။)

ဆေးမြီးတိုနှင့်ကုသည်ဟု ခိုင်းနှိုင်းပြောဆိုခြင်းမှာ မြို့နေ လူထုအတွက် ရေရှည်တွင် ပိုမိုအဆင်ပြေလာစေမည့် အစီအမံ များဖြစ်သင့်သည့်အပြင် ”စိတ်ကူးပေါ်ရာ ထလုပ်လိုက်တာမျိုး တွေကို လုံးဝရှောင်ရမယ်” ဟု သူက ရှင်းပြသည်။

”အခုဟာက ဟိုဟာလေးလိုက်လုပ်လိုက်၊ ဒီဟာလေး လိုက်လုပ်လိုက်နဲ့ တကယ်လုပ်ရမှာက ရေရှည်စီမံချက်ရေးဆွဲ ဖို့လိုပါတယ်”ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

ကားနှင့်သက်ဆိုင်သည့် ဥပဒေစည်းမျဉ်းစည်းကမ်းများ ရေးဆွဲရန်လိုအပ်သကဲ့သို့ အများလိုက်ပါဆောင်ရွက်နိုင်ရန် အတွက်လည်း ”ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့လိုပါ တယ်” ဟု သူက ဆက်ပြောသည်။

ပြုပြင်ပြောင်းလဲရေးဆိုသည့်နေရာတွင် ရန်ကုန်နည်း ပညာတက္ကသိုလ်မှ ဧည့်ဒု-ပါမောက္ခဦးသန်းဝင်းက လက်ရှိဆောင် ရွက်နေသည့် ယာဉ်စည်းကမ်းထိန်းသိမ်းကြီးကြပ်ရေးအတွက် ဖွဲ့စည်းထားသော အဖွဲ့အစည်းပုံစံကိုပါ ပြောင်းလဲသင့်ကြောင်း သူက အကြံပြုသည်။

ဦးသန်းဝင်းထောက်ပြလိုသည့် အဖွဲ့အစည်းပုံစံဆိုသည်က လက်ရှိအခြေနေမှာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက် မှုနှင့်ပတ်သက်၍ ထိန်းသိမ်းကြီးကြပ်ရာတွင် ”ဟိုဌာနက လုပ် မလို၊ ဒီဌာနက လုပ်မလိုနဲ့ အလုပ်မဖြစ်ဘူး”ဟု သူက ဆိုသည်။

အဖွဲ့ပေါင်းစုံဖြင့် ကိုင်တွယ်ဖြေရှင်းမည့်အစား Single Authority (လုပ်ပိုင်ခွင့်ရအဖွဲ့အစည်းတစ်ခု) အနေဖြင့်သာ ဆောင်ရွက်သင့်ကြောင်း ဦးသန်းဝင်းက အကြံပြုသည်။ ဥပမာ-တစ်ခုအနေနှင့် စင်ကာပူနိုင်ငံဆိုလျှင် Land Transport Authority (LTA) ဆိုသည့် အဖွဲ့အစည်းတစ်ခုတည်းကသာ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းထိန်းသိမ်းရေး လုပ်ဆောင်သကဲ့ သို့ ထိုအဖွဲ့အား နိုင်ငံ၏တာဝန်အကြီးဆုံးဝန်ကြီးချုပ်မှတိုက်ရိုက် ကိုင်တွယ်ကြောင်း သူက နှိုင်းယှဉ်ပြသည်။

ထိုသို့အဖွဲ့တစ်ဖွဲ့တည်းက တာဝန်ယူလုပ်ဆောင်သဖြင့် စည်းကမ်းချိုးဖောက်သူများအား အရေးယူဆောင်ရွက်ရာ၌ ”ဥပဒေတွေအတိုင်း လုပ်နိုင်လာတာပေါ့”ဟု ဦးသန်းဝင်းက ဆိုသည်။ ”ဒီမှာက ဌာနတစ်ခုနဲ့တစ်ခု ဆက်သွယ် ဆောင်ရွက်တဲ့ အခါ ပခုံးချင်းယှဉ်လိုတာနဲ့ကို အလုပ်မဖြစ်ဘူး”ဟု သူက ပြောသည်။

ကညနတိုင်းဦးစီးမှူး ဦးသိန်းဦး၏အဆိုအရတော့ ပူး ပေါင်းဆောင်ရွက်မှု အားနည်းခြင်းကြောင့်မဟုတ်ဘဲ ယာဉ်          ကြောကျပ်တည်းမှု ဖြေရှင်းရေးစီမံချက်အတွက် ရရှိသည့်ငွေ ကြေး မလုံလောက်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ အခက်အခဲများ ရှိ၍  ”ဒီလောက်ပဲ ဖြေရှင်းနိုင်သေးတယ်။ အခြားနည်းလမ်းတွေ မလုပ်နိုင်သေးဘူး”ဟု ဆိုပါသည်။

ယခုလို ကွန်ကရစ်ဘလောက်တုံးများအစား ဖိုက်ဘာ ဘလောက်တုံးများချထားပါက ထိခိုက်ပျက်စီးမှုတချို့ လျော့ပါး နိုင်သော်လည်း ငွေကြေးကုန်ကျမှုတွင် ဖိုက်ဘာတုံးတစ်တုံးလျှင် ကျပ် ၁၂ဝ,ဝဝဝ ခန့်အထိ ရှိနေသောကြောင့် ငွေကြေးမတတ် နိုင်ဟု အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား)မှ ဒု-ဌာနမှူး ဦးစိုး သိန်းအောင်က ဆိုသည်။

မြို့တော်စည်ပင်အနေဖြင့် ယာဉ်မောင်းသူများ စည်းကမ်း မလိုက်နာသရွေ့ကာလပတ်လုံး ”ဘလောက်တုံးတွေ ချထားရ မှာပဲ၊ ဘယ်တော့ပြန်ရုပ်သိမ်းမလဲက စည်းကမ်းလိုက်နာမှုအပေါ် မူတည်တယ်”ဟု ဦးစိုးသိန်းအောင်က ဆိုသည်။

သို့သော် ဘလောက်တုံးများ ချထားသကဲ့သို့ အတားအဆီး အချို့ မဖြစ်မနေထားရှိရန် လိုအပ်သည်ဆိုလျှင်ပင် အိမ်နီးချင်း နိုင်ငံများနှင့် နိုင်ငံတကာတွင်အသုံးပြုသည့်နည်းတူ မြို့တော်၏ လှပမှု၊ အကုန်အကျသက်သာ၍ မိမိနိုင်ငံနှင့် သင့်တော်မည့် Barrier (အတားအဆီး၊ အဟန့်အတား) အမျိုးအစားများစွာ ရှိသည်ကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဦးသန်းဝင်းက အကြံပြုပါသည်။

ဥပမာအနေဖြင့် Bollard (လမ်းပိတ်ငုပ်တိုင်) များကို အသုံးပြုခြင်းအားဖြင့် မြို့တော်အင်္ဂါရပ်နှင့် ညီသည့်အပြင် ယာဉ် တိုက်မိပါကလည်း ပျက်စီးမှုလျော့နည်းစေသဖြင့် အဆိုပါ Barrier များကိုအသုံးပြုသင့်ကြောင်း ဦးသန်းဝင်းက ရှင်းပြ သည်။ ယင်းကဲ့သို့ Bollard များကိုအသုံးပြုပါက မြန်မာနိုင်ငံ အတွက် CCTV လို စောင့်ကြည့်ကင်မရာနှင့်တွဲစပ်အသုံးပြုရ မည်ဟု သူက ဆက်ပြောသည်။

ထို့ပြင်လည်း မီးပွိုင့်စနစ်တွေကို ကောင်းမွန်အောင်လုပ်ပြီး CCTV ကင်မရာများတပ်ဆင်၍ စည်းကမ်းချိုးဖောက်သည့် ယာဉ်များအား မှတ်သားကာ ”ဥပဒေနဲ့အညီ အရေးယူဆောင် ရွက်မယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ယာဉ်ကြောကျပ်တည်းမှုကို တစ်စိတ် တစ်ဒေသ ဖြေရှင်းပြီးဖြစ်သွားမယ်”ဟု ဦးသန်းဝင်းက သုံး      သပ်သည်။

ဒေါက်တာမောင်အောင်ကတော့ မီးပွိုင့်စနစ်များ အဆင့် မြှင့်တင်ရေးနှင့် Control Center များဖြင့် မီးပွိုင့်များအား အချိန်ထိန်းညှိလွှတ်ပေးခြင်းကလည်း ယာဉ်ကြောကျပ်တည်းမှု ကို လျော့နည်းစေနိုင်သည်ဟု သူက ပြောသည်။

အခြားတစ်ဖက်ကလည်း Bus Rapid Transis-BRT (အမြန်ဘတ်စ်ကားလိုင်း)စနစ်ဖြင့် ယာဉ်ကြောကျပ်တည်းမှုအား တစ်စိတ်တစ်ဒေသဖြေရှင်းနိုင်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း  ဒေါက်တာမောင်အောင်က ဆိုသည်။ သူသည် လက်ရှိ BRT စနစ်အား ရန်ကုန်မြို့တွင် အကောင်အထည်ဖော်လျက်ရှိသော အများပိုင်ဘတ်စ်ကားလိုင်းကုမ္ပဏီ၏ ဥက္ကဋ္ဌလည်းဖြစ်သည်။

ဦးသန်းဝင်းကတော့ လက်ရှိကြုံတွေ့နေရသည့် ယာဉ် ကြောကျပ်တည်းမှုပြဿ      နာမှာ ”စီမံခန့်ခွဲမှု လွဲမှားနေလို့ ဖြစ်ရတာ” ဟု မှတ်ချက်ပေးသည်။

စီမံခန့်ခွဲမှုလွဲမှားခြင်းအကျိုးဆက်အား ခံစားခဲ့ရသူများ အနက်မှ သရုပ်ဆောင်ဦးအောင်ခိုင်ကတော့ ဘလောက်တုံးတိုက် သည့်ဖြစ်စဉ်ကြောင့် ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာန၏ စောင့် ကြည့်လူနာစာရင်းတွင် ပါဝင်သည်အထိ အထိနာခဲ့ရသည်။ အရေးပေါ်ဌာနရှိ ခွဲစိတ်ခန်းဝင်ချိန်မှ သုံးရက်တိုင် မေ့မြောနေခဲ့ ရာက ကြုံတွေ့ ခဲ့ရသော ဖြစ်စဉ်အားလုံးကို အင်တာဗျူးလုပ်နေ ချိန် လေးရက်မြောက်သောနေ့မှ သတိပြန်ရ၊ စကားလည်း ပြန် ပြောနိုင်သည့် အခြေအနေဖြစ်သည်။

ရုပ်ရှင်ဇာတ်ဝင်ခန်းများတွင် လူကြမ်းဇာတ်ရုပ်မှ အများဆုံးသရုပ်ဆောင်ခဲ့သည့်အလျောက် သူပါဝင်သောဇာတ်လမ်း အများစုတွင် စကားကိုခပ်မာမာ၊ ခပ်ပြတ်ပြတ်သာပြောဆို သရုပ်ဆောင်ခဲ့သည့် ဦးအောင်ခိုင်ကား ယခုတော့ ခုတင်ထက် တွင် ပက်လက်အနေအထားမှ စကားကို တစ်လုံးချင်းအားယူ၍ ခက်ခဲပင်ပန်းစွာပြောဆိုနေရသည်။

ဦးအောင်ခိုင်တစ်ယောက် ဘလောက်တုံးအား မတော် တဆဝင်တိုက်မိ၍ ထိခိုက်ဒဏ်ရာခံစားနေရသည့် ယခုအချိန်မှာ တော့ သက်ဆိုင်ရာတာဝန်ရှိသူများကို မေတ္တာရပ်ခံလိုသည့် စကားတစ်ခွန်းက ရင်ထဲတွင် ပြင်းပြသည့် ဆန္ဒတစ်ခုအဖြစ် ရှိနေသည်။

ယင်းမှာ ”စည်းကမ်းလည်းသတ်မှတ်ပါ၊ အန္တရာယ်လျော့ နည်းပြီး ဘေးကင်းလုံခြုံရေးအတွက်လည်း ထည့်သွင်းစဉ်းစား ပေးပါ”ဟူ၍ ဖြစ်သည်။    ။

၂၀၁၆ ဧပြီ-မေလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၄) မှ သတင်းဆောင်းပါး ဖြစ်ပါသည်။

မင်းလွင် ရေးသည်။

အပိုင်း(၂)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."