သန္ဓေသားတစ်ဦး၏ အနာဂတ် ဘယ်သူဆုံးဖြတ်မလဲ အပိုင်း(၂)

သန္ဓေသားတစ်ဦး၏ အနာဂတ် ဘယ်သူဆုံးဖြတ်မလဲ အပိုင်း(၂)

၂၀၁၃၊ဒီဇင်ဘာလထုတ်၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၁၀) မှ သတင်းဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန်၊ကောင်းမြတ်မိုး၊ခင်မောင်မြင့်နှင့် သီတာဝင်း ရေးသည်။

မျိုးဆက်ပွားကျန်းမာရေး အရေးကြီး

ကျန်းမာရေးဦးစီးဌာနနှင့် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(Unicef) တို့ ၂ဝဝ၅ ခုနှစ်တွင် ကောက်ယူခဲ့သော စစ်တမ်းအရ မြန်မာနိုင်ငံတွင် မိခင်သေဆုံးနှုန်းသည် အယောက် တစ်သိန်းလျှင် ၃၁၆ ဦးရှိနေပြီး ယင်းတို့ထဲမှ ၁ဝ ရာခိုင်နှုန်းနီးပါးသည် ကိုယ်ဝန်ဖျက်ချရာမှ သေဆုံးသော နှုန်းထားဖြစ်သည်ဟုဆိုပါသည်။ရန်ကုန်ဗဟိုအမျိုးသမီးဆေးရုံကြီးတွင်တော့ ကိုယ်ဝန်ဖျက်ချရာမှ နောက်ဆက်တွဲပြဿ      နာများဖြင့်ဆေးရုံတက်ရောက်ကုသမှုခံယူကြသူများမှာ နှစ်စဉ်တစ်ထောင်ကျော်ရှိသည်ဟုဒေါက်တာတင်ညိုညိုလတ်က ဆိုသည်။၎င်းအနေနှင့်လည်း ကိုယ်ဝန်ဖျက်ချ၍ အသက်ဆုံးရှုံးခဲ့သောလူနာများစွာကို တွေ့ခဲ့ဖူးသည်ဟုဆိုသည်။အသက်အန္တရာယ် မဆုံးရှုံးလျှင်တောင်မှ နောက်ဆက်တွဲပြဿဿ      နာများအနေဖြင့်သားအိမ်၊ သားဥပြွန်ရောင်ခြင်း ၊ အကျိတ်အဖုဖြစ်နိုင်ခြင်း၊ ပြည်တည်နာဖြစ်ခြင်း ဝမ်းခေါင်းတစ်ခုလုံးရောင်ရမ်းနာကျင်၊ သွေးဆိပ်တက်ခြင်း၊ သွေးလန့်ခြင်း၊ သွေးမခဲဘဲ သွေးယိုစီးမှုများ ဖြစ်နိုင်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ကလေးနောက်ထပ်မရနိုင်တော့ခြင်း၊ သားအိမ်ထုတ်ပစ်ရခြင်းတို့ ဖြစ်နိုင်သည်ဟု ဒေါက်တာတင်ညိုညိုလတ်က ရှင်းပြသည်။

  အမျိုးသမီး အဖွဲ့အစည်းတစ်ခုဖြစ်သော Triangle Women Organization မှ ဥက္ကဋ္ဌ ဒေါ်ခင်လေးကတော့ ယခုကဲ့သို့ ကျန်းမာရေးထိခိုက်မှုများနှင့် သေဆုံးမှုများပြားလာရခြင်းမှာ မြန်မာနိုင်ငံတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသိပညာပေးမှု အားနည်းနေခြင်းများကြောင့်ဖြစ်သည်ဟု ထောက်ပြသည်။”Abortion (ကိုယ်ဝန်ဖျက်ချခြင်း ) ကိုဖြစ်သလိုလုပ်တယ်၊ အမျိုးသမီးတွေ တဖြည်းဖြည်းနဲ့ အသေအပျောက်များလာတယ၊် ကျန်းမာရေး ထိခိုက်မှုတွေများလာတယ်ဆိုတာ ဒါဘာကု ိပြသလဲဆိုရင် ကျွန်မတို့နိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုတွေ အရမ်းအားနည်းသေးတယ်၊ အသိပညာပေးမှုတွေ အားနည်းသေးတယ်ဆိုတာ ပေါ်လွင်နေတယ်”ဟု ဒေါ်ခင်လေးကဆိုသည်။အရွယ်ရောက်လာသည့် အမျိုးသမီးများကို စာသင်ကျောင်းနှင့် ပတ်ဝန်းကျင်များတွင် မျိုးဆက်ပွားကျန်းမာရေးအသိပညာများနှင့် ကိုယ်ဝန်မရအောင် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖို့လိုအပ်သည်ဟု ၎င်းက ဆိုသည်။ကာကွယ်မှုတွေလုပ်နေသည့်ကြားမှ ကိုယ်ဝန်ရလာသည့်အခြေအနေမျိုးနှင့် ကြုံလာခဲ့လျှင်လည်း အန္တရာယ်ကင်းအောင်မည်သို့ဆောင်ရွက်ရမည်ကို နားလည်သင့်သည်ဟု ဒေါ်ခင်လေးက ဖြည့်စွက်ပြောဆိုပါသည်။”အခုကျတော့ တော်တော်များများ ကိုယ်နီးစပ်ရာ အရပ်လက်သည်နဲ့ ဖြစ်ဖြစ် တိုးတိုးတိတ်တိတ် ဖျက်ဆီးပစ်လိုက်တော့မလိုလားအပ်ဘဲနဲ့ အမေတွေရဲ့ ကျန်းမာရေးထိခိုက်တာတွေ၊အသက်ဆုံးရှုံးမှုတွေ အဲဒါကြောင့်ဖြစ်တယ်လို့ထင်တယ်”ဟု၎င်းက ဆိုသည်။

သားဆက်ခြားကျန်းမာရေးနှင့်ပတ်သက်ပြီး အစိုးရနှင့်ပြည်တွင်းပြည်ပလူမှုအဖွဲ့အစည်းများက အသိပညာပေးခြင်းများကို နည်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြပါသည်။ အထိုက်အလျောက်လည်း အောင်မြင်မှုရနေကြသည်ဟု ဆိုပါသည်။ဒေါက်တာတင်ညိုညိုလတ်ကတော့ ယခုထက် ပိုမိုထိရောက်အောင် လုပ်ဆောင်သင့်သကဲ့သို့ လုံခြုံစိတ်ချရသည့်အရည်အသွေးမြင့် သန္ဓေတားဆေး၊ ပစ္စည်းများကိုလည်း ယခုထက် အလွယ်တကူရရှိအောင်၊ လက်လှမ်းမီအောင် လုပ်ဆောင်သင့်သည်ဟု သုံးသပ်သည်။

ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကိုယ်ဝန်ရရှိခြင်းမှ ထိထိရောက်ရောက် ဟန့်တားနိုင်မည်ဖြစ်သလို ကိုယ်ဝန်ဖျက်ချမှုဖြစ်စဉ်များကိုလည်း လျော့ကျစေနိုင်မည်ဖြစ်သည်ဟုဆိုပါသည်။”နိုင်ငံခြားမှာဆိုရင်တော့ ဆေးစင်တာတစ်ခုကိုသွားပြီးရင် I am not happy with this pregnancy ဒီကိုယ်ဝန်နဲ့သူမပျော်တော့ဘူးဆိုရင် ဖျက်ပေးလိုက်တယ်။ သူတို့မှာ ဖျက်တယ်ဆိုရင်တော့ လုံခြုံမှုရှိတဲ့ ကိုယ်ဝန်ဖျက်ချခြင်းပေါ့၊ ဆိုလိုတာက ပိုးမဝင်ဘူး။ ကောင်းကောင်းမွန်မွန် သန့်ပြန့်တဲ့ နေရာမှာဆေးလေးသွင်းလိုက်တာနဲ့ ပျက်သွားတယ်”ဟု နိုင်ငံတကာနှင့်နှိုင်းယှဉ်ကာ ဒေါက်တာတင်ညိုညိုလတ်က သုံးသပ်ပြသည်။

မိခင်များ ကလေးဖျက်ချခြင်းနှင့် သေဆုံးမှုနှုန်းမြင့်မားလာခြင်းကြောင့် နိုင်ငံတော်မှ ကလေးနှင့် မိခင်များကို တာဝန်ယူစောင့်ရှောက်ပေးရန် လွန်ခဲ့သောနှစ်နှစ်ခန့်က လွှတ်တော်သို့အဆိုတင်သွင်းခဲ့ပြီး ၎င်းအဆိုကိုပယ်ချခံရသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းကလည်း ဥပဒေအရ လိုအပ်သောနေရာများတွင် ခွင့်ပြုပေးသင့်ကြောင်း ယခုလိုဆိုသည်။

”Abortion (ကိုယ်ဝန်ဖျက်ချခြင်း)ကို ဥပဒေအရ ခွင့်မပြုထားတဲ့အတွက်ကြောင့် ကိုယ်ဝန်ဆောင်တွေဟာ လက်သည်တွေနဲ့ ဖြစ်သလိုဖျက်ချတဲ့အတွက် မိခင်သေဆုံးမှုနှုန်းမြင့်တယ်။အရွယ်မရောက်သေးတဲ့ကလေးတွေ၊ ၁၃ နှစ်ကလေးတွေဟာအရပ်လက်သည်တွေနဲ့ ဖျက်ချတဲ့အခါ သေဆုံးမှုနှုန်းမြင့်တယ်။ဒါကြောင့် Abortion ကို လိုအပ်တဲ့နေရာတွေမှာ ခွင့်ပြုသင့်တယ်လို့ ဆွေးနွေးခဲ့တာ”ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။တခြားနိုင်ငံများတွင် မလိုလားအပ်သော ကိုယ်ဝန်များကိုစည်းကမ်းချက်နှင့် ဖျက်ချပေးသည်ဟု အထက်ပါ ပြည်သူ့လွှတ်တော်အမတ်ကဆိုသည်။

 ဥပမာအားဖြင့် သက်ဆိုင်ရာအမျိုးသမီးတစ်ဦးဦးသည် စီးပွားရေးမဆင်မပြေသူ၊ ကျောင်းသူဆိုလျှင် ကလေးမွေးဖွားပါက ပညာရေးဆုံးရှုံးနိုင်သဖြင့် ဆေးရုံသွား၍ ဆရာဝန်ခွင့်ပြုချက်ဖြင့် ဖျက်ချနိုင်သည်ဟု ဆိုသည်။မြန်မာနိုင်ငံတွင် တရားမဝင်ဖျက်ချပါက ဆရာဝန်သော်လည်းကောင်း၊ လက်သည်သော်လည်းကောင်း ထောင်ဒဏ်ကျခံရနိုင်သဖြင့် ဆရာဝန်များအနေနှင့် ဖျက်မပေးရဲသောကြောင့်မကျွမ်းကျင်သည့် အရပ်လက်သည်များက ဖျက်ချပေးနေရသည့်အနေအထားတွင် မလိုလားအပ်ဘဲ အသက်ဆုံးရှုံးမှုများ ဖြစ်ပေါ်နေရသည်ဟု ဒေါ်ညိုညိုသင်းက ဆိုသည်။

မလိုချင်ဘဲ မွေးလာသောကလေးများ ကြီးပြင်းလာသောအခါတွင်လည်း မိသားစုနှင့် လူမှုပတ်ဝန်းကျင်ကြားတွင် အဆင်မပြေမှုများဖြစ်ပေါ်တတ်သည်ကို စိတ်ပညာသီအိုရီအရ ဒေါက်တာခင်မြင့်က ယခုလိုပြောသည်။”မိခင်ကလည်း ကလေးကို မလိုချင်ဘဲမွေးတဲ့အတွက်မိခင်မေတ္တာ အပြည့်အဝမပေးနိုင်ဘူး။ ကလေးကလည်း သူ့ကိုမလိုချင်ဘဲနဲ့ မွေးလာတာကို သိလာတဲ့အခါ သူ့မှာ သိမ်ငယ်စိတ်တွေ ခံစားရတယ်။ ကိုယ့်ရဲ့မိခင်ကတောင်မှ ကိုယ့်ကို မလိုလားတဲ့သူပဲ။ သူ့ကိုလည်း ပတ်ဝန်းကျင်က မချစ်ဘူးဆိုရင် သူကလည်းပတ်ဝန်းကျင်ကို ဆန့်ကျင်တာတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်တွေ ဖြစ်နိုင်တယ်”

မေမေ့ဆီ ပြန်လာခဲ့ပါ

မကြာသေးခင်ကမှ ကိုယ်ဝန်ဖျက်ချခဲ့သူ အသက် ၃၈ နှစ်အရွယ် နုနုက အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ဖျက်ချမှုကိုတရားဝင်ဖြစ်အောင် အစိုးရအနေနှင့် လုပ်ပေးသင့်သည်ဟု သူ့သဘောထားကို ယခုလိုပြောပြသည်။”သူများနိုင်ငံတွေမှာလို တရားဝင်ဖြစ်ရင်တော့ ပိုကောင်းမယ်။ ဒါဆိုရင် ဒီကိစ္စနဲ့ မတော်တဆ သေဆုံးတာတွေလည်း တားမိရက်သားဖြစ်မယ်လို့ ထင်တယ်။ တိုးတိုးတိတ်တိတ်လုပ်ကြရင်ပိုဆိုးကုန်မယ်”ဟု သူက ဆိုသည်။နုနုက အခုလိုလည်း ပြောသည်။”ဒီဟာက လူတစ်ယောက်ရဲ့ ကိုယ်ပိုင်အခွင့်အရေးပဲလေ။ဘာသာရေးရှုထောင့်နဲ့တော့ မရောထွေးစေချင်ဘူး။ ကျန်းမာရေးရှုထောင့်ကပဲ တွေးစေချင်တယ်”မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံဖြစ်သော ထိုင်းနိုင်ငံတွင်ခင်ပွန်းဖြစ်သူနှင့်အတူ စီးပွားသွားရှာစဉ် တရားဝင်ကိုယ်ဝန်ဖျက်ချခွင့်ရခဲ့သူ အသက် ၃၁ နှစ်အရွယ် နော်နော်မိုးက သူကိုယ်တွေ့ကို ယခုလိုပြောပြသည်။

”ဆရာဝန်ဆီရောက်သွားတော့ စာရွက်စာတမ်းပေါ်မှာနာမည်တွေနဲ့ တကွမှတ်သားပြီး သေသေချာချာလုပ်ပေးတယ်။ကိုယ်ဝန်ဘယ်နှလရှိပြီလဲဆိုတာကို အရင်စမ်းသပ်တယ်။ ပြီးတော့ သောက်ဆေးပေးတယ်။ မိခင်ဘာမှမဖြစ်စေရဘူးဆိုပြီးအာမခံလုပ်ပေးတယ်”ဟု သူကဆိုသည်။ထိုအချိန်က သူ၏ကိုယ်ဝန်မှာ တစ်လကျော်ကျော်သာရှိသေးသည်ဟု နော်နော်မိုးကဆိုသည်။အသက်အန္တရာယ်ရှိမှန်းသိကြသော်လည်း မတတ်သာသော အကြောင်းအမျိုးမျိုးကြောင့် အရဲစွန့်ကာ ကိုယ်ဝန်ဖျက်ချကြသူအချို့တွင် ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများလည်း ရှိသည်ဟု ဆိုကြသည်။ကိုယ်ဝန်ဖျက်ချသူများအနေနှင့် ကိုယ်ဝန်ဖျက်ခြင်းသည်လူမှုရေးအရ သော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်းအပြစ်တစ်ခုအဖြစ် စိတ်ဒဏ်ရာ ခံစားတတ်ကြရသည်ဟု စိတ်ပညာရှင် ဒေါက်တာခင်မြင့်က ပြောသည်။

”ကိုယ့်ရဲ့သားသမီးကို ကိုယ်ဖျက်ချတယ်ဆိုတာ ကိုယ်မလုပ်သင့်တဲ့ဟာတစ်ခုကို ကိုယ်လုပ်မိတယ်။ နောက်တစ်ခုကကိုယ်တန်ဖိုးထားရမယ့် အပျိုဘဝပျက်စီးတယ်။ အဲဒီနှစ်ခုကိုဆုံးရှုံးမှုအနေနဲ့ ရင်ဆိုင်တဲ့အခါ သူ့မှာအပြစ်ရှိတယ်လို့ ခံစားရတယ။် ဒါ သူ့မှာပါသွားနိူင်တဲ့စိတ်ဒဏ်ရာတွေပဲ”ဟ ု ဒေါက်တာခင်မြင့်က မှတ်ချက်ပေးသည်။

 ”အဲဒါကို အလေးအနက်ထားရင် အလေးအနက်ထားသလောက် ပြင်းပြင်းထန်ထန်ခံစားရတယ်။ တာဝန်သိစိတ် တော်တော်ခေါင်းပါးသူတွေကတော့ မခံစားကြရဘူး”နုနုဆိုလျှင် ကိုယ်ဝန်ဖျက်ချပြီး နောက်ပိုင်း ယခုအချိန်ထိသူ့စိတ်အခြေအနေမှာ ပုံမှန်အခြေအနေသို့ မရောက်သေးဟုဆိုပါသည်။”ဒီကိစ္စကလည်း အသက်နဲ့ရင်းရတာလေ၊ ဒီကိစ္စကို လုပ်လိုက်ရင် ငါ သေများသေသွားမလားပေါ့။ သေသွားရင်လည်းပုံဆိုးပန်းဆိုးနဲ့ ဒီကိစ္စကြီးလုပ်ရင်းနဲ့ သေသွားတယ်လို့ဆိုရင် လူကြားလို့လည်း မကောင်းဘူး”ဟု နုနုက ထိတ်လန့်တုန်လှုပ်ခဲ့ရပုံကို ပြောပြသည်။”နောက်ဆက်တွဲဆိုးကျိုး အနေနဲ့ကတော့ အခုအချိန်အထိ စိတ်က ပုံမှန်တော့ မဖြစ်သေးဘူး။ အဲဒါကြီးကို ပြန်တွေးလိုက်ရင် နောက်တစ်ခါဖြစ်ခဲ့ရင်ဆိုတာတောင် မကြားချင်တော့ဘူး။ အခုအချိန်အထိ စိတ်ကတော့ ချောက်ချားနေတုန်းပဲ”နော်နော်မိုးဆိုလျှင်လည်း ကိုယ်ဝန်ဖျက်ချခဲ့စဉ်က ခန္ဓာကိုယ်ကျန်းမာရေးအရ ထိခိုက်မှုမရှိခဲ့သော်လည်း စိတ်ထဲမှာတော့ အမာရွတ်တစ်ခုကျန်ခဲ့သည်ဟု ဆိုသည်။

”ငါ့သွေး၊ ငါ့သားကို ငါကိုယ်တိုင်သတ်မိပြီဆိုတဲ့ ခံစားချက်က အခုအချိန်ထိ ခံစားနေရတုန်းပဲ”ဟု သူ့ခံစားချက်ကို ပြောပြသည်။သူများနိုင်ငံတွင် နေထိုင်ရသည်ကတစ်ကြောင်း၊ စီးပွားရေးအဆင်မပြေဖြစ်နေသည့်အပြင် နေရာထိုင်ခင်း အတည်တကျမရှိသည်က တစ်ကြောင်းတို့ကြောင့် ကလေးကို မွေးလိုက်ပါ က ကလေးရော၊ လူကြီးပါ ဒုက္ခရောက်နိုင်သည်ဟု ခင်ပွန်းဖြစ်သူက တိုက်တွန်းခဲ့သဖြင့် ဖျက်ချခဲ့ရခြင်းဖြစ်သည်ဟု နော်နော်မိုးကဆိုသည်။”ကိုယ့်နိုင်ငံမှာဆိုရင် ဘာပဲဖြစ်နေနေ ဖျက်ချမှာ မဟုတ်ဘူး။ လွန်ခဲ့တဲ့နှစ်နှစ်က ဖြစ်ခဲ့ပေမယ့် ကျွန်မကို အခုအချိန်ထိအဲဒီအိပ်မက်ဆိုးကြီးက မနေ့တစ်နေ့က ဖြစ်ပျက်ခဲ့သလို ခြောက်လှန့်တုန်းပဲ”ကိုယ်ဝန်ဖျက်ချစဉ်က နေ့တိုင်းငိုခဲ့ရသလို ကိုယ်ဝန်ဖျက်ဖို့တိုက်တွန်းသူ ခင်ပွန်းဖြစ်သူကိုလည်း အရမ်းစိတ်နာမိသည်ဟုနော်နော်မိုးကဆိုသည်။

အိဖြူဆိုလျှင်လည်း သူဖျက်ချခဲ့ရသော ကလေးလေးအတွက် ယနေ့အချိန်ထိ ကောင်းမှုကုသိုလ်များ ပြုလုပ်ပေးနေပြီးသူတို့အဆင်ပြေသည့်အချိန် ပြန်လာခဲ့ပါဟု ဆုတောင်းကာ မျှော်လင့်နေသည်ဟု ဆိုသည်။”ညီမတို့ကောင်းစားသွားတဲ့အချိန်မှာ ပြန်လာမယ်ဆိုလာခဲ့ပါ။ လက်ခံမယ်”ဟု အိဖြူက သူ့ခံစားချက်ကို ဆွေးဆွေးမြည့်မြည့် ပြောပြသည်။ထိုသို့ပြောပြနေစဉ် အိဖြူ၏ မျက်ဝန်းအစုံသည် ရုတ်ခြည်းစိုစွတ်လာသည်။ တိုးရှသော အသံကို သတိထားထိန်းရင်း အိဖြူတစ်ယောက် သူဖျက်ချခဲ့မိသော သန္ဓေသားလေးကို တမ်းတလိုက်သည်။”ပြန်လာခဲ့ပါ၊ အမြဲမျှော်နေမှာပါ”။                    ။

    အပိုင်း(၁)သို့

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."