ရေဂင်
ရန်ကုန် – ၂၀၂၀ နိုဝင်ဘာ ၁၁ (မော်ကွန်း)
နေအိမ်တွင်နေထိုင်ရေးအစီအစဉ် (Stay at Home) ကန့်သတ်ချက်ကို ဖောက်ဖျက်ခဲ့သည့် The Myst Bar & Lounge Yangon အမှုမှ ဖမ်းဆီးထားသူများကို ယနေ့အထိ ရုံးတော်ထံ တရားစွဲဆိုတင်ပြလာခြင်းမရှိသေးကြောင်း ဗဟန်းမြို့နယ်တရားသူကြီး ဦးခင်ဇော်ကပြောသည်။
“ ၈၁ ယောက်ကို အာမခံပေးတယ်ဆိုတာကလည်း ကျွန်တော်တို့မသိပါဘူး။ သက်ဆိုင်ရာ ရဲစခန်းဆီကနေ ဘာမှမလာသေးတာပါ” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၇ ရက်က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းသစ်ပေါ်ရှိ The Myst Bar & Lounge Yangon ကို တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးစဉ် ထို Bar အတွင်းမှ နိုင်ငံခြားသားများအပါအဝင် ၈၃ ဦးကို ဖမ်းဆီးခဲ့သည်ဟု ဗဟန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ပြောသည်။
“ The Myst Bar ကို ပထမ COVID ကာလကတည်းက သတိပေးစာပေးပို့ထားပြီးသား။ ဒုတိယအကြိမ်စစ်ဆေးတော့ ထပ်မိပြီးအဖမ်းခံရတာ။ တရားရုံးမှာ ရမန်ယူတာနဲ့ ပတ်သက်ပြီးလို့ကတော့ ကျွန်တော်လည်း မသိရသေးပါဘူး” ဟု ဦးထွန်းမြင့်က မှတ်ချက်ပေးသည်။
Bar အတွင်းမှ ဖမ်းဆီးမိခဲ့သူများအနက် ပိုင်ရှင်နှင့်မန်နေဂျာဖြစ်သူကို သဘာ၀ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅ အရ အရေးယူထားပြီး ကျန် ၈၁ ဦးကိုလည်း ယင်းဥပဒေ ပုဒ်မ (၃၀-ဃ) ဖြင့်အမှုဖွင့်ကာ အာမခံပေးထားသည်ဟု ပြည်တွင်း မီဒီယာတစ်ချို့က နိုဝင်ဘာ ၈ ရက်တွင် ဖော်ပြသည်။
ဖမ်းဆီးထားသည်မှာ လေးရက်ကြာပြီဖြစ်သော်လည်း တရားရုံးသို့ အမှုစွဲတင်လာခြင်းမရှိသေးသည့်အပေါ် ဗဟန်းမြို့မ ရဲစခန်းသို့ သွားရောက်မေးမြန်းရာတွင် မှတ်ချက်တစ်စုံတစ်ရာမပေးခဲ့ပေ။
The Myst Bar ကဲ့သို့ပင် တားမြစ်ထားသည့်ကြားမှ ဖွင့်လှစ်ခဲ့သည့် Music Zone KTV မှတစ်ဆင့် လူပေါင်းရာချီ COVID-19 ရောဂါပိုးကူးစက်ခဲ့သည့်အတွက် ထိုဆိုင်ပိုင်ရှင်နှင့်မန်နေဂျာဖြစ်သူကို သင်္ဃန်းကျွန်းမြို့နယ်တွင် တရားစွဲဆို ရုံးတင်စစ်ဆေးနေဆဲ ဖြစ်သည်။
ကိုကိုးကျွန်းမြို့နယ်မှလွဲ၍ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များ အားလုံးကို COVID-19 ကာကွယ်ထိန်းချုပ်နိုင်ရန် Stay at Home အမိန့်ကို နိုဝင်ဘာလ ၃၀ ရက်အထိ ထုတ်ပြန်ထားသည့်အပြင် လူ ၃၀ ဦးနှင့်အထက် ပိုမိုစုဝေးပါက ဥပဒေအရအရေးယူမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံ – The Myst Bar & lounge Yangon ၏ Facebook စာမျက်နှာ
#Dailynews

