ရန်ကုန် – ၂၀၂၁ ဇွန် ၁ (မော်ကွန်း)
ဒီကနေ့ ညနေပိုင်း ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် တစ်နေရာမှာ လူငယ်တွေက ဦးဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ပြောက်ကျားသပိတ်ကို ပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ စစ်အုပ်စုကနေ စောင့်ကြပ် ဖမ်းဆီးနေတာတွေ လုပ်နေပြီး စမ်းချောင်း၊ လှိုင်နဲ့ သင်္ဃန်းကျွန်းမြို့နယ်လိုနေရာတွေမှာလည်း ညဘက် ဝင်ရောက်ဖမ်းဆီးတာမျိုးတွေရှိနေပါတယ်။
ရန်ကုန်မြို့ရဲ့ လတ်တလောအခြေအနေမှာတော့ စစ်အုပ်စုတပ်တွေဟာ အကာအရံတွေပါတဲ့ ကားတွေ၊ အရပ်ဘက်သုံးကားတွေနဲ့ လှည့်လည်တာမျိုးတွေ ရှိနေပါတယ်။
စစ်အုပ်စုကို အမိန့်ကို နာခံသူလက်ကျန်တွေနဲ့ လည်ပတ်နေတဲ့ ရုံးဌာနဝန်းတွေအတွင်းမှာ သဲအိတ်အကာအရုံတွေနဲ့ စစ်သားတွေ အသင့်အနေအထားစောင့်ကြပ်နေပြီး မြို့ပေါ်လမ်းမတွေမှာလည်း ရဲတွေဟာ ဆိုင်ကယ်တွေနဲ့ သွားလာနေတတ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ မနေ့က ထုတ်ပြန်ချက်အရ နိုင်ငံကို စစ်အုပ်စုအာဏာသိမ်းပြီး ရက်ပေါင်း (၁၂၀) အတွင်း စစ်အုပ်လက်ချက်နဲ့ သေဆုံးခဲ့ရသူ အနည်းဆုံး ၈၄၀ ရှိနေပြီး ဖမ်းဆီးခံထားရသူ ၄၄၀၀ ကျော်ရှိနေပါတယ်။
ဓါတ်ပုံ – CJs
#Dailynews

