ရေး – ၂၀၂၁ နိုဝင်ဘာ ၂၇ (မော်ကွန်း)
မွန်ပြည်နယ်၊ ရေးမြို့၊ အောင်မေတ္တာရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူးဟာ ဒီကနေ့ နေ့လယ်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံလိုက်ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
” ရပ်ကွက်ထဲက စ်ိုးကွမ်းယာဆိုင်နားမှာ သေနတ်နဲ့ သုံးချက်ပစ်ခံရပြီး ပွဲချင်းပြီးသေသွားတယ်။ သူကအရင်ကတည်းက ရဲနဲ့ပေါင်းစားနေတာ” လို့ မြို့ခံတစ်ဦးကပြောပါတယ်။
သေဆုံးသူ အောင်မေတ္တာရပ်ကွက် စစ်ကောင်စီခန့် ရာအိမ်မှူးဟာ ရပ်ကွက်ထဲမှာ “ဘယ်ကောင့်မှ မကြောက်လို့ တစ်ယောက်တည်း ဧည့်စာရင်းလိုက်စစ်နေတာ” လို့ပြောဆိုကာ ဧည့်စာရင်းစစ်ဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီလို ပြောဆိုပြီး နှစ်ရက်မြောက်နေ့မှာ အခုလိုပစ်သတ်ခံရတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးနှိပ်စက်ခံရစေဖို့ဒလန်လုပ်သတင်းပေးသူ အောင်မေတ္တာ ရပ်ကွက်ရာအိမ်မှုးကို အသံတိတ် အနီးကပ် ပစ်သတ်ချေမှုန်းခဲ့တယ်လို့ မွန်ပြည်နယ် အခြေပြု တော်လှန်ရေးအစည်းအရုံးက ကြေညာပါတယ်။
နိုဝင်ဘာ ၂၃ရက်နေ့က အောင်မေတ္တာရပ်ကွက်အုပ်မှူးရေးမှူးရုံးကို ပစ်ခတ်သတိပေးခဲ့ပေမယ့် စစ်ကောင်စီတပ်ကို သတင်းပေး ထပ်မံလုပ်နေတာကြောင့် ပစ်သတ်ခဲ့တာလို့ အဆိုပါ အဖွဲ့ကဆိုပါတယ်။
မွန်ပြည်နယ်ရေးမြို့ မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေနဲ့ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပေါင်းပြီး ညဘက် ဧည့်စာရင်းစစ်တာတွေရှိသလို ဧည့်စာရင်းအကြောင်းပြပြီး ငွေကြေးတောင်းခံမှုတွေပါ ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
#Dailynews

