ဒုက္ခသီရိ၏ ကြမ္မာဆိုး

ဒုက္ခသီရိ၏ ကြမ္မာဆိုး

သြဂုတ်လထုတ်-၂၀၁၅၊မော်ကွန်း မဂ္ဂဇင်းအမှတ်(၂၆)မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ရန်လိုကျွှဲ ရေးသည်။

အာဏာရှင်တစ်ဦး

ကျန်းမာရေးမကောင်းသည့်သတင်းထွက်လျှင် ကာတွန်းဆရာတို့ အထူးဝမ်းနည်းကြသည်။ အဘယ်ကြောင့်ဆိုသော်အာဏာရှင်ဆိုသူတို့ ကိစ္စချောသွားလျှင် ကာတွန်းဆွဲ ပြောင်လှောင်စရာ ကုန်ကြမ်း

ရှားပါးသွားတတ်သောကြောင့်ပင်တည်း။ ထို့ကြောင့် အာဏာရှင်အပေါင်း

ကျန်းမာ ပကတိ ချမ်းသာစွာ ရှိစေရန် ကြိတ်ပြီး ဆုတောင်းတတ်သူများမှာ ကာတွန်းဆရာများပင်။

          သို့သော်လည်း ဒုက္ခသီရိ ကာတွန်းဆရာများက သူတို့

ဆုတောင်းပြည့်မည်မဟုတ်ဟု ယူဆနေကြသည်။ အဘယ်ကြောင့်ဆိုသော် နာမည်ကျော် ရှေ့ဖြစ်ဟောသူတို့ထံမှ ယခုတလော ထွက်ပေါ်လာသည်က အာဏာရှင်တို့ အကြီးအကျယ် ဘေးတွေ့ မည် ဟူသော ဟောကိန်းများ ဖြစ်နေသည်။

‘လေယာဉ်ပျံ ပျက်ကျသဖြင့် အစိုးရမင်းများ ဘေးတွေ့လတ္တံ့’ဟု အထင်ကရ ဆရာကြီး

တစ်ဆူဖြစ်သော  ဝေဒထိပ်ခေါင် ဗြိတိသျှ ကိုကိုမောင်က တွက်ချက်ဟောကိန်းထုတ်သည်။ သူ၏ နာမည်ကျော် ‘မှန်တာပြောရင် ချမ်းသာပါစေ’ အပတ်စဉ် ရုပ်သံအစီအစဉ်တွင် ထိုသို့ ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

          ထိပ်သီးအကြားအမြင်ဆရာမကြီး ဂျော်ဒီးကလည်း Like ၂၅ သန်း ရရှိထားသော သူ၏ Facebook စာမျက်နှာတွင် ‘လေ ယာဉ်ပျက်ကျတာကို အာရုံထဲမှာ အတိအကျ မြင်နေရတယ်၊ ဧရာမမီးခိုးလုံးကြီးတွေလည်း မြင်နေရတယ်၊ ဒုက္ခသီရိရဲ့ အရေး ပါတဲ့ ခေါင်းဆောင်ကြီးတွေ ဘေးအ္တနရာယ်ကျရောက်လိမ့်မယ်’ ဟု ရေးလိုက်သည်။

          ထိုဟောကိန်းတို့ကြောင့် ဒုက္ခသီရိနေပြည်တော်မှ အာ ဏာရှင်တို့ ပျာယာခပ်သွားသည်။ ယတြာခြေရေး၊ အဆောင် လက်ဖွဲ့များရရှိရေးတို့အတွက် လုံးပန်းကြသည်။ ဟောကိန်းထုတ် သူများထံ အပြေးအလွှား ချဉ်းကပ်ရေးတာဝန်က လယ်ယာပြန် စားရေးဝန်မင်းထံ ရောက်လာလေသည်။

          ဝန်မင်းလည်း တစ်မုဟုတ်ချင်း ယတြာရှာပုံတော်ခရီး ထွက်လေရာ ဗြိတိသျှကိုကိုမောင်ထံသို့ ဦးစွာ ချဉ်းကပ်၏။ ဆရာ ဗြိက   ယတြာခြေလည်း အလကားပဲ ဟု ခပ်ပြတ်ပြတ်ဆိုလိုက်ရာ ဆရာဗြိထံ အားကိုးတကြီးသွားသော ဝန်မင်းခမျာ လက်ဗလာ ဖြင့် တပ်ခေါက်ပြန်ရ၏။

          စိတ်ဓာတ်ကျသွားသော ဝန်မင်းသည် မြေလတ်ဒေသမှ  ဆရာမကြီး ဂျော်ဒီးထံ ရောက်သွား၏။ ‘ရှင်တို့တွေ ယတြာ ခြေလည်း ပိုက်ဆံကုန်တာပဲ အဖတ်တင်မယ်’ဟု ဆရာမကြီးက ဆိုလိုက်ရာ ဝန်မင်းက အကောင်းဆုံးဖြစ်အောင် ကူညီစေလို ကြောင်း၊ ကုန်ချင်သလောက် ကုန်စမ်းပါစေ၊ တိုင်းပြည်ပိုက်ဆံ ကျုပ်တို့ပိုက်ဆံလို့ သတ်မှတ်ပါကြောင်း၊ ဆရာမကြီးကို ငွေပုံပေး မည်ဖြစ်ကြောင်း ပွင့်ပွင့်လင်းလင်းဆိုလေ၏။

          တကယ်တမ်းတော့ ဆရာမကြီးက ယတြာတို့၊ ဘာတို့ ပေး တတ်သူ မဟုတ်။ ဗေဒင်၊ ယတြာတို့ကို နကန်းတစ်လုံးမှ နားလည် တတ်ကျွမ်းသူလည်း မဟုတ်။ အကြားအမြင်သာ ရသူဖြစ်သည်။  ‘ယတြာခြေလည်း ပိုက်ဆံကုန်တာပဲ အဖတ်တင်မယ်’ ဟူသည် မှာ ဟန်ကိုယ့်ဖို့ ဆိုသလို ပြောလိုက်ခြင်း ဖြစ်သည်။  နောက်ဆုံး တွင် ဝန်မင်းကို ချစ်ခင်ရင်းစွဲရှိသော ဆရာမကြီးက အကြံကောင်း ပေးလိုက်၏။

          ‘ကိုရီးယားပြန် ဆရာကြီးတစ်ယောက်ရှိတယ်။ ဗေဒဝိဇ္ဇာ ဘီရုမာ တဲ့။ သူက ယတြာနဲ့ ပတ်သက်ရင် ထိပ်တန်းပဲ။ ဝန်မင်း သူ့ဆီ သွားသင့်တယ်’ဟူ၏။

          ဆရာမကြီးက လမ်းညွှန်သလိုလို ဘော်လီဘော ပုတ်ထုတ် လိုက်သဖြင့် ဝန်မင်းလည်း   ဗေဒဝိဇ္ဇာ ဘီရုမာထံ ပြေးရ၏။ သြော် … ငါတို့ဌာနဆိုင်ရာကို အရပ်သားတွေလာရင် ဝန်ထမ်းတွေ၊ အရာရှိတွေက ဘော်လီဘောပုတ်ပြီး ပညာပြကြတယ်။ ဘော်လီ ဘောပုတ်ခံရတာ အမှန်တကယ် မသက်သာကြောင်း ကိုယ်တွေ့ ကြုံနေရပါပြီ အရပ်ကတို့ဟု ဝန်မင်းလည်း စိတ်ထဲမှ ညည်းတွား မိ၏။

          ဆရာဘီရုမာထံသို့ ရောက်လတ်သော် ဝန်မင်းက ဖြစ် ကြောင်းကုန်စင် ပြောပြရပြန်၏။

          ကိုရီးယားပြန် ဗေဒဝိဇ္ဇာ ဘီရုမာလည်း ဒုက္ခသီရိ၏ ကံ ကြမ္မာကို စမတ်ဖုန်း ပွတ်သပ်ပြီး တွက်ချက်ကြည့်ရာ အဆိုးများ ကိုသာ တွေ့ရလေသဖြင့် ခေါင်းတယမ်းယမ်းဖြစ်နေ၏။

ဝန်မင်း။  ။ အားကိုးပါတယ်ဗျာ။ အ္တနရာယ်ကနေ ရှောင်လွဲှလို့ရ အောင် ယတြာတွေ ဖန်တီးပေးပါ။ ကျေးဇူးမမေ့ပါဘူး။ ကျုပ်တို့ သိမ်းထားတဲ့မြေတွေ နေရာတကာမှာ ရှိပါတယ်။ ကြိုက်တဲ့မြေ ကွက် လက်ညှိုးထိုးပါ။ ရရပါစေ့မယ်။

ဘီရုမာ။  ။ ယတြာခြေဖို့တောင် ခပ်ခက်ခက်ပဲ။ မလွယ်ဘူးဗျ။ စိတ်မကောင်းစွာနဲ့ ပြောရရင် ‘လေယာဉ်ပျက်ကျပြီး ဒုက္ခများ မယ်ဆိုတဲ့ ဖြစ်ရပ်ကနေ ရှောင်လို့ မရဘူး ဝန်မင်းရေ’။

ဝန်မင်း။  ။ လေယာဉ်ကလည်း မစီးလို့ မရ။ ကျုပ်တို့က အစိုးရလူ ကြီးဖြစ်ပြီဆိုတော့ ဟိုနိုင်ငံ၊ ဒီနိုင်ငံ လျှောက်သွားရတော့တာပဲ။ အခုတောင် ဗေဒင်ဆရာတွေဆီက ဒီလို ဟောကိန်းတွေ ထွက် လာလို့ ပြည်ပခရီးစဉ်ကို ကမန်းကတန်း ရွှေ့ထားရတယ်။ လုပ် စမ်းပါဗျာ၊ ခင်ဗျားက ယတြာ သိပ်ကောင်းတယ်လို့ ခပ်ချောချော အကြားအမြင်ဆရာမကြီးတစ်ယောက်က ညွှန်းထားလို့ ကျုပ် လာခဲ့တာပါ။

ဘီရုမာ။  ။ ဟုတ်တယ်ဗျ။ ယတြာနဲ့ ပတ်သက်ရင် ကျွန်တော်က အတော်လေး စွမ်းပါတယ်။ ရှမ်းပြည်ကထွက်တဲ့မုန်ညင်းကို တောင် ကိုရီးယားကင်မ်ချီဖြစ်အောင် လုပ်နိုင်သူပါ။

          ဘီရုမာ၏ရှင်းပြချက်ကြောင့် ဝန်မင်း အားတက်သွားသည်။ ဆန္ဒပြကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးပြီး ထောင်ထဲမှ ထုတ်လိုက်လျှင် အစိုးရမင်းတို့ တွင် ရှိနေသော အညံ့များ ပျောက်ပြယ်သွားနိုင်ခြေ ရှိ၊ မရှိကို လည်း ဝန်မင်းက မေးခွန်းထုတ်လိုက်သည်။ လွှတ်ပေးလျှင်လည်း မထူးခြားကြောင်း  ဘီရုမာက ပြောလိုက်သည်။

ဝန်မင်း။  ။ လွှတ်ပေးလည်း မထူးဘူး ဆိုရင်တော့ ဆက်ဖမ်းထား မယ်ဗျာ။

ဘီရုမာ။  ။  ဆက်ဖမ်းထားဗျာ။ ဖမ်းပြီးမှတော့ မထူးတော့ဘူး။ အကြောင်းရှိလို့ အကျိုးဖြစ်လာတယ်၊ အခု အစိုးရအဖွဲ့  ကြမ္မာငင် နေရခြင်းက အဲဒီလို အစုလိုက်အပြုံလိုက် ဖမ်းထားတာကြောင့်ပဲ။ ကိုယ်လည်း အစုလိုက်အပြုံလိုက် ဒုက္ခလှလှတွေ့မယ်၊ ဝဋ်လည် တော့မယ် ဆိုပါစို့။ သို့သော်လည်း ဆရာ့ဆီ အားကိုးတကြီးရောက် လာပြီ ဆိုတော့လည်း အကူအညီ ပေးရတော့မှာပေါ့။  ယတြာ သုံးခု ပေးလိုက်ပါ့မယ်။ ပထမ ယတြာက ဓာတ်ပုံတွေ Facebook မှာ တင်တဲ့အခါ စိတ်တိုင်းအကျဆုံး ငါးပုံကို တင်ပါ။   ငါးပုံထက် ပိုမတင်နဲ့။ လျှော့ပြီးလည်း မတင်နဲ့။ အတိအကျတင်ပါ။

ဝန်မင်း။  ။ ဒီယတြာတော့ ကြိုက်ပြီဗျို့။ Facebook မှာ ဓာတ်ပုံ တင်တယ်ဆိုတာ ကျုပ်လုပ်နေကျအလုပ်ပဲ။ ပြောပါဦး၊ ဒုတိယ ယတြာက ဘာလဲ။

ဘီရုမာ။  ။ အလှူလုပ်ရမယ်။ အမျိုးသား ငါးယောက်ကို ရှင်ပြု ပေးရမယ်။

ဝန်မင်း။  ။ ငါးယောက်လား။ နည်းတာပေါ့ဗျာ။ ၅ဝဝ တို့၊ ၅,ဝဝဝ တို့တောင် ကျုပ်တို့ လုပ်ပေးနိုင်ပါတယ်။

ဘီရုမာ။  ။ ဟုတ်ပြီလေ။ ၅ ဂဏန်းဖြစ်ရင် ပြီးတာပဲ။ အလှူကိုတော့ အပျက်မခံနဲ့။ အဲဒီအလှူပျက်ရင် ကြမ္မာဆိုးတွေနဲ့ ကြုံမှာကို တား လို့ရမှာ မဟုတ်ဘူး။

ဝန်မင်း။  ။ စိတ်ချ။ ကျုပ်တို့အလှူကို သိကြားမင်းဖျက်တောင် မပျက်နိုင်ပါဘူး။ ကဲ…ဆိုပါဦး တတိယမြောက် ယတြာက ဘာ လဲ။ ၅ ဂဏန်းပဲလား။

ဘီရုမာ။  ။ ဟုတ်ပါတယ်၊ ၅ ဂဏန်းပါပဲ။ အစိုးရဝန်ကြီး ငါးယောက် က ငါးပါးသီလကို ငါးလတိတိ စောင့်ထိန်းရမယ်။

ဝန်မင်း။  ။ ဟာ…ဒါတော့ များလွန်းတယ်ဗျာ။

ဘီရုမာ။  ။ မများပါဘူး။ ၅ ဂဏန်း ကယ်တင်မှပဲ ကြမ္မာဆိုးတွေကို ရွှေ့ဆိုင်းနိုင်မှာပါ။ ငါးလဆိုတာ ခဏလေးပါ။

ဝန်မင်း။  ။ ငါးလ ဆိုတာလည်း များတယ်ဗျာ။ ငါးပါးသီလဆိုတာ လည်း များတယ်ဗျာ။ ဝန်ကြီးငါးယောက်လည်း များလွန်းတယ်ဗျာ။

ဘီရုမာ။  ။ သြော်…စူပါမားကက်ခေတ် ရောက်နေပေမယ့် ဈေး ဆစ်တဲ့ အကျင့်ကလည်း မပျောက်သေးပါလား။ ဒါဆိုလည်း ယတြာကို လျှော့ပေးပါ့မယ်။ ငါးပါးသီလထဲက တစ်ပါးကိုပဲ တစ် လလောက် စောင့်ပေတော့။ ဝန်ကြီးကတော့ ငါးယောက်ပေါ့ဗျာ။ အဲဒီဝန်ကြီးတွေက မုသာဝါဒါ မကျူးလွန်ဘူး၊ လိမ်ညာမပြောဘူး ဆိုတဲ့ သီလတစ်ခုတည်းကို တစ်လလောက် စောင့်ထိန်းလိုက်ပါ။

ဝန်မင်း။  ။ ဒါလည်း မဖြစ်နိုင်ဘူးဗျ။ ကျုပ်တို့က လိမ်ပြောတာ အကျင့်ပါနေပြီ။

          ဝန်မင်း၏ ထပ်ခါတလဲလဲ ဈေးဆစ်မှုကြောင့် ယတြာဆရာ ဘီရုမာလည်း ခေါင်းကုတ်ရ၏။ နောက်ဆုံးတွင် ယတြာကို အစွမ်း ကုန် လျှော့ပေးရကိန်း ဆိုက်လေ၏။ မုသားမပြောကြေး ယတြာ တွင် အစိုးရထိပ်တန်းဝန်ကြီးများ  ပါဝင်ဆောင်ရွက်ရန် မလိုအပ် ဘဲ သာမန်အရာရှိ ငါးဦးကသာ ပါဝင်ဆောင်ရွက်ရေးဟူသော အချက်ကို ဝန်မင်း သဘောကျသွား၏။ ဉာဏ်ပူဇော်ခအဖြစ် ဗေဒ ဝိဇ္ဇာဘီရုမာကို ဒုက္ခသီရိမြို့သစ်ရှိ မြေကွက် ၅ဝ ပေးမည် ဖြစ် ကြောင်း၊ အစစအရာရာ အောင်မြင်ပါက ထိုထက်မက ပေးဦး မည်ဖြစ်ကြောင်း အာမခံပြီး ဝန်မင်းတစ်ယောက် ဗေဒဝိဇ္ဇာ ဘီရု မာထံမှ ထွက်ခွာသွား၏။

          ထိုကာလအတွင်း ကျင်းပသော အစိုးရအဖွဲ့အစည်းအဝေး တွင်  ဗေဒဝိဇ္ဇာ ဘီရုမာ ပေးအပ်ချီးမြှင့်သော ယတြာအကြောင်းကို အဓိက ဆွေးနွေးကြလေ၏။ ထိုနည်းနာများ အလုပ်ဖြစ်မည်ဟု ဒုက္ခသီရိ အစိုးရအဖွဲ့ဝင်တို့ ယုံကြည်ကြပြီး စိတ်သက်သာရာရ ကြလေ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့လည်း ဗေဒဝိဇ္ဇာ ဘီရု မာ၏ ဖောက်သည်ဟောင်းများ ဖြစ်သောကြောင့်ပင်။

          အတိုချုပ်ဆိုရလျှင် လေယာဉ်ပျံပျက်ကျမှုတစ်ခုတွင် အစိုးရအဖွဲ့လူကြီးများ အစုလိုက်အပြုံလိုက် ဘဝ နိဋ္ဌိတံမည်ဟု နာမည်ကျော် ဗေဒဆရာတို့၏ ဟောကိန်းကြောင့် ဖြစ်ပေါ်ခဲ့သော အကြောက်တရားတို့သည်   ၅ ဂဏန်း ယတြာအစီအရင်အကြောင်း ကြားရုံဖြင့် သက်သာရာ ရသွားကြကုန်သတည်း ဟူ၏။

          မကြာမီ ဌာနဆိုင်ရာ အရာရှိ ငါးဦး တစ်လတိတိ မုသာဝါဒ ကျူးလွန်ခြင်း မပြုရဟူသော ရုံးတွင်း အမိန့်စာ ထုတ်ပြန်ရေး အတွက်  ဝန်ကြီးဌာန ၉၆ ခု ထဲမှ မဲနှိုက် ရွေးချယ်၏။ မဲပေါက်သော ဌာနငါးခုသို့ လျှို့ဝှက်အမိန့်စာပို့ကာ  ယတြာခြေရမည့် အရာရှိ ငါးဦးကို ရွေးချယ်ပြီးသကာလ အရွေးခံရသော အဆိုပါ အရာရှိ များလည်း တစ်လတိတိ မုသာဝါဒကံ ကျူးလွန်ခြင်းမပြုပါဟူ သော ခက်ခဲသည့် ယတြာကို အူကြောင်ကြောင်ဖြင့် လိုက်နာကြရ လေ၏။

          ထိုအရာရှိ ငါးဦးမှာ သတင်းထောက်များကို ရှောင်တိမ်း  ရသည့် အလုပ်ကို အဓိက လုပ်ဆောင်ကြရသည်။ အဘယ်ကြောင့် ဆိုသော် သတင်းထောက်တို့ အင်တာဗျူးပါက ထိုအရာရှိတို့ မှာ အနည်းနှင့် အများ ဗြောင်လိမ်လေ့ရှိတတ်ကြသောကြောင့် ဖြစ်၏။

          ကံဆိုးသည်ဟု ဆိုရမည်။ အရာရှိတစ်ဦးက တရားရုံးသို့ သွားရောက်ပြီး ကျောင်းသားဆန္ဒပြပွဲ ဖြိုခွင်းမှုနှင့် ပတ်သက်ပြီး ထွက်ချက်ပေးရသူ ဖြစ်လာသည်။ ဆန္ဒပြကျောင်းသားတို့ကို လက်ပန်းကျသည်အထိ ရိုက်နှက်ကြောင်း တစ်ဖက်ရှေ့နေ၏ ပြောကြားချက်နှင့် ပတ်သက်ပြီး  တရားရုံးတွင် ခုခံ ထွက်ဆိုရ သည်။   ရိုက်နှက်နေသည့်ဓာတ်ပုံကို ရှေ့နေက တရားရုံးသို့  တင် သွင်းရာ ထိုအရာရှိ ကြက်သေ သေသွားသည်။ သို့သော်လည်း ယတြာခြေနေသည့် ကာလဆိုသည်ကို မေ့လျော့ကာ ရဲတို့က ရိုက်နှက်ခြင်း မဟုတ်ကြောင်း၊ တုတ်ဖြင့် ရွယ်ရုံသာ ရွယ်နေခြင်း ဖြစ်ကြောင်း ထွက်ဆို၏။ ဤတွင် ယတြာအရ တစ်လတာ မုသား ပြောဆိုခြင်းမပြုရန် ထိန်းသိမ်းရမည့်  ဝတ္တရား ပျက်ကွက်လေ၏။

          ရဲအရာရှိ တာဝန်ယူရသည့် မုသားထိန်း ယတြာသာမက ဝန်မင်းကိုယ်တိုင်ခြေသည့် ယတြာလည်း ပျက်လေ၏။  အဘယ် ကြောင့်ဆိုသော် ဝန်မင်း၏ Facebook တွင် ဓာတ်ပုံငါးပုံ တင် စဉ် အင်တာနက်လိုင်း မကောင်းသဖြင့် လေးပုံသာ တက်သွား သောကြောင့် ဖြစ်၏။

          ရှင်အပါး ၅,ဝဝဝ အလှူ ယတြာလည်း အဆင်မပြေဟု ဆိုရမည်။ အလှူနေ့တွင် လေကြီးမိုးကြီးကျ၏။ အလှူပွဲတက်ရန် ပြင်နေသော အစိုးရမင်းတို့ စိတ်ပျက်လက်ပျက် ဖြစ်ရ၏။

          ယတြာများ ချော်တောငေါ့ခြင်းကြောင့် ဤအတောအတွင်း မည်သည့်အစိုးရ ထိပ်တန်းခေါင်းဆောင်မဆို လေကြောင်းခရီး မထွက်ရန်၊ အထူးသဖြင့် ခေါင်းဆောင်များ တစုတဝေးကြီး ခရီး မထွက်ကြရန် အစိုးရအဖွဲ့အတွင်း လျှို့ဝှက်ညွှန်ကြားချက် ထွက် လာသည်။ တိုက်တိုက်ဆိုင်ဆိုင်ဟု ဆိုရမည်၊ ညွှန်ကြားချက် ထွက်လာချိန်မှာပင် ပြည်ပမှ ဖိတ်ခေါ်မှုများက တန်းစီပြီး ရောက် လာသည်။

          ငါးနှစ်အတွင်း လက်နက်ကိုင်သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲပေါင်း ၅,၅၅၅ ပွဲ ပြုလုပ်နိုင်ခဲ့သည့် ဒုက္ခသီရိ အစိုးရ အဖွဲ့ ၂ဝ၁၅ ခုနှစ်အတွက် နိုဗယ်လ်ငြိမ်းချမ်းရေးဆု ဆွတ်ခူးသွား ကြောင်း ကြေညာချက်က ရုတ်တရက် ထွက်လာသည်။ ဆုယူရေး အတွက် အစိုးရတစ်ဖွဲ့လုံး နော်ဝေနိုင်ငံသို့ ကြွရောက်ပါရန် ဆုရွေးချယ်ပေးအပ်ရေးကော်မတီက ဖိတ်ကြားလာသည်။

          ထို့ပြင် တောင်နှင့် မြောက် ကိုရီးယား နှစ်နိုင်ငံ ပေါင်းစည်း သည့် အထိမ်းအမှတ်ပွဲသို့ ဒုက္ခသီရိအစိုးရတစ်ဖွဲ့လုံး မပျက် မကွက် (မပျက်မကွက်) တက်ရောက်ပေးပါရန် ဟူသော ဖိတ်စာ လည်း ရောက်လာသည်။

          ဖိတ်ကြားချက်များက ဥရောပဘက်မှလည်း လာ၏။ ဒုက္ခ သီရိရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည်တို့ အထူးတိုးတက်လာသဖြင့် သင်တန်းပေးရကျိုးနပ်သည်ဟုဆိုကာ ဥရောပ သမဂ္ဂကြီးက လည်း ဒုက္ခသီရိခေါင်းဆောင်များအားလုံးကို ခေါ်ယူ ဂုဏ်ပြုလို ကြောင်း ဖိတ်ကြားချက် ပို့လာခြင်း ဖြစ်သည်။

          မည်သို့ပင် ဖိတ်ကြားခေါ်ယူ ပင့်ဆောင်သော်လည်း ခေါင်း ဆောင်ကြီးတို့ တုတ်တုတ်မျှမလှုပ်ရဲ။ အနီးအနားနိုင်ငံတို့ကို သွား ရန် အရေးပေါ်ပါက ရေကြောင်း၊ ကုန်းကြောင်းသွားသည့် နည်း လမ်း သုံးမည်ဟု ဆုံးဖြတ်ထားသည်။ လေကြောင်းခရီးကို ရှောင် ရှားလျှင် ဗေဒင်ဆရာတို့ ဟောကိန်းထုတ်ချက်များအတိုင်း ကြမ္မာဆိုးတို့ ပေါ်ပေါက်လာမည်မဟုတ်ဟု ယူဆကြလေသည်။

သို့သော်လည်း ဗေဒဝိဇ္ဇာ ဘီရုမာ ပေးအပ်ထားသည့် ယတြာ အစီအရင်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင် ရွက်နိုင်ခြင်း မရှိသည့်အတွက် အစိုးရမင်းတို့ နေမထိ ထိုင်မသာ ဖြစ်ကြသည်။  ထိုအခြေအနေ၊ ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး ဒုက္ခ သီရိ အစိုးရအဖွဲ့ အထူး အရေးပေါ် အစည်းအဝေးကို လဆန်း ၅ ရက်နေ့ ညနေ ၅း၅၅ နာရီအချိန်တွင် ကျင်းပသည်။

          အထူးအစည်းအဝေးကို  ခေါင်းဆောင်ကြီးများ၊ ဝန်မင်း များ စုံညီစွာ တက်ရောက်ကြသည်။ ထိုအစည်းအဝေး ကျင်းပနေ စဉ်မှာပင် ဗေဒင်ဆရာတို့ ဟောကိန်းထုတ်ချက်ဖြစ်သည့် ကြမ္မာ ဆိုးက ရုတ်တရက် ပေါ်ပေါက်လာလေသည်။

          ဖြစ်စဉ်မှာ ဒုက္ခသီရီတပ်မတော်မှ လက်နက်အပြည့်အစုံ တပ်ဆင်ထားသော မောင်းသူမဲ့ တိုက်လေယာဉ်ကြီးတစ်စီးသည် လမ်းကြောင်းမှား ပျံသန်းလာစဉ် စက်ချို့ယွင်းမှု ဖြစ်ပေါ်ပြီး အစိုးရအဖွဲ့ အစည်းအဝေးပြုလုပ်သည့် အဆောက်အအုံပေါ်သို့ တည့်တည့် ပြုတ်ကျသွားလေသည်။

          ထိုကြမ္မာဆိုးဖြစ်ရပ်ကို ရုပ်မြင်သံကြားအထူးသတင်းမှ တစ်ဆင့် ကြည့်လိုက်ရသော ဗေဒဝိဇ္ဇာ ဘီရုမာတစ်ယောက် ဘုရားတမိသည်။ အိုးမိုင်ဂေါ့၊ ကျွန်ုပ်၏ ဟောကိန်း မှန်ကန်မှု အတွက် ပီတိဖြာမိသော်လည်း ဖြစ်ရပ်အတွက်  လွန်စွာ ဝမ်းနည်း မိသည်။ ဝန်မင်းတို့သာ သူ့ယတြာ ညွှန်ကြားချက်အတိုင်း  ကောင်းကောင်း လိုက်နာလျှင် ဤသို့ ဖြစ်မည်မဟုတ် စသဖြင့် စသဖြင့် Facebook တွင် တဖွဲ့တနွဲ့ ရေးလိုက်သည်။

          ဝေဒထိပ်ခေါင် ဗြိတိသျှ ကိုကိုမောင်၊   အကြားအမြင်ဆရာမ ကြီး ဂျော်ဒီးတို့ကလည်း လွန်စွာ ဝမ်းနည်းပက်လက် ဖြစ်မိ ကြောင်း ၎င်းတို့၏ Facebook တွင် ရေးကြသည်။

          ဘီယာဆိုင်တွင် ရောက်နေသော ဝေယံ (တောင်ကြီး)၊ သီဟ(စခန်းသစ်) စသော ကာတွန်းဆရာများလည်း ရုပ်မြင်သံ ကြား အထူးသတင်းကြည့်ပြီး မျောက်မှိုင် မှိုင်သွားကြသည်။ ငါ တို့က  အာဏာရှင်ခေါင်းဆောင်ကြီးတွေ ဘာပြောပြော၊ ဘာလုပ် လုပ် ကာတွန်းဆွဲပြီး ပြောင်လှောင်ခဲ့ကြတာ အခုတော့ ငါတို့ အခက်တွေ့ကြပြီ။ မဟာဒုက္ခ တွင်းဆုံးကျပါပြီ။ ငါတို့အတွက် ကုန်ကြမ်းတွေ  ကုန်ပါပြီဟု ဆိုကာ ငိုသူက ငိုကြသည်။ အာဏာ ရှင်တို့ကို အားကိုးပြီး ပုံဆွဲ၊ ကာတွန်းဆွဲသော ကာတွန်းဆရာတို့ အလွန့်အလွန် ဝမ်းနည်းပက်လက် ဖြစ်ကြလေသတည်း။   ။

          (ဒုတိယပိုင်းကို လာမည့်လတွင် ဆက်လက်ဖတ်ရှုပါ။  ကာ တွန်းဆရာတို့ ဝမ်းမြောက်ဖွယ် အခြေအနေများ ဒုက္ခသီရိတွင် ဆက်လက်ဖြစ်ပေါ်လာမည့်အကြောင်းကို ဒုတိယပိုင်းတွင် တွေ့ ရပါမည်)

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."