၁၈ နှစ်အထက် လူကြီးများအတွက် သရော်စာ

၂၀၁၃၊မော်ကွန်းမဂ္ဂဇင်း အမှတ်(၆)မှ သရော်စာဆောင်းပါးဖြစ်ပါသည်

ဘစီရေးသည်။

ဒီစာကို ဆက်မဖတ်ခင်မှာ ခင်ဗျားတို့ကို စကား ကုတင်နည်းနည်းခံထားချင်တယ်ဗျာ။ ခင်ဗျား ၁၈ နှစ်ပြည့်ပြီလား။ လာမယ့် ရွေးကောက်ပွဲမှာ မဲဆွယ်ဖို့ အခုကတည်းက လေပြေထိုးနေတာ မဟုတ်ဘူးနော်။ ကျုပ်သရော်စာက ၁၈နှစ်အောက် ကလေးတွေ ဖတ်ဖို့ရာ မသင့်တဲ့ ၁၈နှစ်အထက် တစ်ရက်စွန်းတဲ့ လူကြီးတွေရဲ့ ခါးအောက်ပိုင်း ဇာတ်လမ်းတွေဖြစ်နေလို့ဗျ။

ဘာလဲ၊ ခင်ဗျားတို့ မျက်လုံးလေး ကလယ်ကလယ် အဲ လေ…ပြူးကျယ်ပြူးကျယ်ဖြစ်ကုန်ပြီလား။ စိတ်ချဗျို့။ အဲဒီ မျက်လုံးပြူးစရာကိစ္စကလေးတွေကိုပဲ ဒီတစ်လမှာ ဆွေးနွေးဖို့ရာ အကြောင်းဆိုက်လာသဗျ။ ကဲဗျာ…ပြောနေ ကြာပါတယ်။ ၁၈ နှစ်ပြည့်ပြီလို့ ကိုယ့်ကိုယ်ကိုယ် အာမခံတယ်ဆိုရင်တော့ အရသာရှိစွာပဲ အောက်မှာ ဆက်၍ ဖတ်ပါလေ။

ခင်ဗျားတို့တော့မသိဘူး။ ကျုပ်မယ် ဒီခေတ်မှာ လူဖြစ်လာ တာ အရတော်လေစွလို့ အောက်မေ့မိတယ်။ အထူးသဖြင့် အခု အစိုးရသစ်တက်လာပြီးတဲ့နောက် ဆင်ဆာဆိုတာကြီးကို ကြိုး ရှည်ရှည်နဲ့ ဖြေလျော့ပေးလိုက်တော့ အရမ်းပဲ ဝမ်းသာမိတယ်။ လွတ်လပ်ပြီကိုးဗျ။ ဒါမျိုးဆိုတာကလည်း ခြင်းထဲက ကြက်တွေလို နေဖူးမှ လွတ်လပ်ခြင်းရဲ့ အရသာဆိုတာ ခံစားနိုင်တာကလား။

ပြောရင်းနဲ့ ဇယားကလေးတွေက နည်းနည်းငြိတော့လာ ပြီ။ တစ်ဆိတ် သည်းခံဗျာ။ ကျုပ်တို့ကလည်း နှစ်ပေါင်း ငါးဆယ် နီးပါး ခြင်းထဲက ကြက်တွေလို နေခဲ့ရလို့လားတော့ မသိဘူးဗျ။ ကြက်အမူအကျင့်တွေက မပျောက်ချင်ဘူး။ ဒါကြောင့်ပဲ ကြက်ဇာတ်လမ်းတွေ၊ ကြက်မှုခင်းတွေ၊ ကြက်ပြဿနာတွေ ကျုပ်တို့ ပတ်ဝန်းကျင်မှာ အများသားကလား။

လွတ်လပ်ခွင့်ကလေး နည်းနည်းရလာတော့ ကျုပ်တို့မှာ လွှတ်ပျော်ကြလွန်းလို့ လွှတ်တော်က အမတ်မင်းတွေတောင်မှ ဖင်ကျိန်းတဲ့ကိန်းဆိုက်ပြီကော။ ၂ဝ၁၃ ခုနှစ်ရဲ့ ပထမ လေးလ အတွင်းမှာ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားတဲ့ မုဒိမ်းမှုပေါင်းက ရာ ဂဏန်းနီးပါးရှိတယ်ဗျာ။ ဒါ ရန်ကုန်တိုင်းနော်။ တစ်နိုင်ငံလုံးကို ပြောတာ မဟုတ်သေးဘူး။ အဲဒီ ရန်ကုန်တိုင်းအတွင်းဖြစ်တဲ့ အမှု တွေမှာ အရွယ်မရောက်သေးတဲ့ကလေးတွေကို မုဒိမ်းကျင့်တဲ့ အမှုအရေအတွက်က ထက်ဝက်ကျော်ရှိတယ်။

ဒီတော့ လွှတ်တော်က အမတ်မင်းတွေလည်း မဖြစ်ချေဘူး ဆိုပြီး တားဖို့ဆီးဖို့ အခုတော့ ဥပဒေကြမ်းတွေ တင်မတဲ့။ ကောင်း ပါတယ်။ တင်လိုက်တဲ့ ဥပဒေအကြမ်း အတည်မဖြစ်ခင်မှာ တိုး လာဦးမယ့် မုဒိမ်းမှုတွေအတွက်ပဲ ရင်လေးတယ်။ အခုလို မုဒိမ်းမှု တွေ များလာရခြင်းဟာ  လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းကားတွေ ကြည့်တာကလည်း ပြစ်မှုကျူးလွန်းရခြင်းအကြောင်းရင်းတွေ ထဲက တစ်ခုလို့ မှုခင်းစိတ်ပညာရှင်တွေ ထောက်ပြတဲ့ အချက် တစ်ချက်ပါတယ်။

အခုခေတ်က နည်းပညာပေါက်ကွဲတဲ့ခေတ်ဆိုတော့ဗျာ။ ၁၈ နှစ်ရော အသက် ၇ဝ အဘိုးကြီးတွေပါ ဆန္ဒရှိရင် ညစ်ညမ်း ကားဆိုတာ လက်တစ်ကမ်းမှာ ဆွဲယူကြည့်ရှုနိုင်တာမျိုး ဖြစ်နေ ပြီ။ ဒါကြောင့် အခုမယ် အဘိုးကြီးအချို့ လက်သရမ်းတာ ကား ပေါ်မှာ မိန်းမပျိုကလေးတွေ ခံနေရတယ်။ ကျုပ်တို့ မြန်မာမိန်း ကလေးဆိုတာမျိုးကလည်း ရှက်တတ်တော့ ဒါမျိုး ပေါ်တင်မပြော ရဲဘူးပေါ့။ မပြောရဲတာကိုပဲ သကောင့်သား ဆံဖြူသွားကျိုးအချို့ က အခွင့်ကောင်းယူနေကြတာကိုး။

ကျုပ်အိမ်ဘေးနားက ၁၂ နှစ်သား ကောင်လေးကတော့ ဘာပြောတယ်မှတ်သလဲ။ သားတို့ဖို့ရော ဟိုကား၊ ဒီကား  မရှိဘူး လားတဲ့။ မုဆိုးနားနီး မုဆိုး၊ တံငါနားနီး တံငါ ထင်ပါရဲ့။ ရှိပါပြီကော မောင်ရင်ရယ်လို့ ကျုပ်လည်း ရွှီးလိုက်တယ်။ အောင်မယ်… ဒီ မောင်ကလည်း တယ်စိတ်ထက်သန်တာကိုးဗျ။ ဘယ်မှာလဲတဲ့။ ကျုပ်ကလည်း မြန်မာဗီဒီယိုကားတွေ ကြည့်ပေါ့ကွာလို့ ပြော လိုက်တယ်။ သူကလည်း ခေသူမဟုတ်ဘူးဗျ။ ဟာဗျာ…ပျင်း စရာကြီးတဲ့။ မင်းသားနဲ့ မင်းသမီး အတူတူနေတယ်ဆိုတာ မီးခွက် မှုတ်ပြတာလောက်ပဲရှိတာပါဗျာတဲ့။ ကျုပ်လည်း ဒီမောင်ရဲ့ မှတ်ချက်ကို အလန့်တကြားဖြစ်ခဲ့ရဖူးတယ်။ အခုမျိုးဆက်တွေ တယ်မလွယ်ပါလား။

ဒီလိုမလွယ်လို့လည်း ကျုပ်တို့ လူကြီးတွေက လူငယ်တွေ အတွက် စံနမူနာပြဖြစ်သင့်တာပေါ့။ သူတို့ကို မကောင်းတဲ့ဘက် တွန်းပို့မယ့် အမူအကျင့်တွေကို ကျုပ်တို့ ဖျောက်ပစ်မှတော်မယ်။ အခုမယ် ကလေးတွေပတ်ဝန်းကျင်မှာ လိင်ဆိုင်ရာ အပြောအဆို တွေ သိပ်များလာတာ ကျုပ်သတိထားမိနေတာ ကြာပြီဗျ။

အထူးသဖြင့်တော့ ရုပ်သံနဲ့ ဗီဒီယိုကားတွေကတစ်ဆင့် လိင်နဲ့ နီးစပ်လာတာပါပဲ။ ကျုပ်တို့တိုင်းပြည်မှာက ကလေးတီဗီ လိုင်းဆိုတာ အိပ်မက်တောင် မက်စရာမရှိဘူး။ ဒီတော့ လူကြီး တွေနဲ့ အတူထိုင်ပြီး လူကြီးတွေကြည့်တာ လိုက်ကြည့်ရတာပေါ့။ ကျုပ်တို့ဆီမှာ ဘယ်ဟာ ကလေးတွေကြည့်ရမယ့် ဇာတ်လမ်း၊ လူကြီးတွေကြည့်ရမယ် ဇာတ်လမ်းရယ်လို့ သတ်မှတ်တာ မျိုးလည်း မရှိဘူး။  ဒီတော့ မင်းသမီး ဖင်လှုပ်ရင် ကျုပ်တို့ကလေး တွေကလည်း လိုက်လှုပ်တာပဲ။ မင်းသမီးနဲ့ မင်းသား ကြာပစ်နေ တယ်ဆိုရင်လည်း ရှက်ကိုးရှက်ကန်းနဲ့ ကြည့်ရတာပဲ။

ကျုပ်တို့ မြန်မာဗီဒီယိုကား ကြည့်တာကလည်း အခု နောက်ပိုင်း ခါးအောက်ပိုင်းစကားလုံးတွေက အများသားက လား။ လိင်ဆိုင်ရာ မထိတထိ စကားလုံးတွေက မင်းသားနဲ့ မင်း သမီးအကြားမှာ စောင်းပါးရိပ်ခြည်ပြောရတာက သူတို့ပေးချင် တဲ့ အညှီရသ ထင်ပါရဲ့။ ကျုပ်တို့ မြန်မာဗီဒီယိုဇာတ်ကား အတော် များများဟာ စည်းကမ်းမရှိဘူး။

ကျုပ်ကြည့်မိတဲ့ ဗီဒီယိုတစ်ကားဆိုရင် မင်းသားနဲ့ မင်း သမီး အိမ်ထောင်ဦးည အတူမနေလိုက်ရတဲ့အဖြစ်ကို ရေးကြီးခွင် ကျယ်လုပ်ပြီး ဇာတ်လမ်းဆင်ထားတယ်။ နောက်တစ်ကားကျ တော့လည်း အညစ်အပတ် ဆဲစကားအစုံကို ဗြောင်းဆန်အောင် တစ်ကားလုံး သုံးနှုန်းသွားတယ်။ အခု  ကျုပ်တို့ကလေးတွေ အတွက် ဒီထက်မျက်လုံးပြူးစရာတွေ ရှိလာနေပြီဗျာ။

ဒီရက်ပိုင်းအတွင်း ကြုံကြိုက်လို့ ကျုပ်လည်း မြို့လယ် ကောင်က စာသင်ကျောင်းတစ်ကျောင်းဆီရောက်သွားတယ်။ အဲဒီမှာ မူလတန်းကလေး လေး၊ ငါးယောက် ဝိုင်းဖွဲ့ပြီး ဘာလုပ်နေ တယ်မှတ်သလဲ။ ကလေးမကလေးတစ်ယောက်က ပြောတယ်။

”နင် မျက်လုံးလေး ကလယ်ကလယ် ကြည့်ပြီးသွားပြီ လား”တဲ့။

နောက်တစ်ယောက်က ကြားဝင်တယ်။

”အဲဒီ ကားက ရှက်စရာကြီးပါအေ။ မိုက်ရိုင်းတယ်”

မယုံမရှိနဲ့၊ တကယ်ပြောတာနော်။ ကျုပ်မိတ်ဆွေတစ်ဦးက တော့ မျက်လုံးလေး ကလယ်ကလယ် ဗီဒီယိုကားကို အိမ်မှာ ဘယ်နှခါ ငှားကြည့်သလဲတော့ မသိဘူး။ သူ့သမီးက အဲဒီဇာတ် ကားထဲက မင်းသား၊ မင်းသမီး အတူနေတဲ့အခန်းရောက်ရင် မျက်နှာကို လက်ဝါးနဲ့ ကာထားဆိုကိုး။

ကျုပ်လည်း ဒီတော့မှ မဖြစ်ချေဘူးဆိုပြီး အဲသလို သတင်း ကြီးနေတဲ့ဇာတ်ကားကို ငှားကြည့်ဖြစ်တယ်။ ငှားကြည့်တာ ဒီ ဇာတ်ကားအခွေကလည်း  လက်မလည်ဘူးထင်တယ်ဗျ။ ကိုယ့် အလှည့်ရောက်ဖို့ရာ နှစ်ရက်လောက် စောင့်လိုက်ရတယ်။ ကျုပ် ရှေ့က ဝါသနာအိုးတွေကလည်း တစ်ကားလုံးမှာ အဲဒီဇာတ်ဝင် ခန်းတစ်ခန်းပဲ ထပ်ခါတလဲ ကြည့်ကြပုံရတယ်။ ကြည့်ရပြန်တော့ လည်း အရေးထဲမှာ တကယ့်ကောင်းခန်းကျမှ အခွေက ထစ်နေ သေးရဲ့။ ပြောရင်တော့ဗျာ။ ဇာတ်လမ်းတစ်ခုလုံးက ဘာမှ ဦး တည်ချက် မည်မည်ရရမရှိဘူးဗျ။ သူအဓိက ပြချင်တာကတော့ ရူးနေတဲ့ သရုပ်ဆောင် မင်းသားက မင်းသမီးကို သူ့မယားထင်ပြီး အတူနေတဲ့အခန်းပဲ။

ဒီမတိုင်ခင်မှာ အဓမ္မအကျင့်ခံရတဲ့ မင်းသမီးရဲ့ ရည်းစားက လည်း သူများအိမ်တက်ပြီး ရည်းစားနဲ့ အတူနေဖို့ ကြိုးစားသေး တယ်။ အစက ငြင်းဆန်နေတဲ့ မင်းသမီးကလည်း အညှာလွယ် သားဗျ၊ တစ်ချက်လောက် နမ်းလိုက်တာနဲ့ သာယာပြီး အရာရာ လိုက်ရောဖို့ ပြင်တယ်။ ကြားထဲမှာ ဖုန်းဝင်လာလို့သာပေါ့။ နို့မို့ ခွကျကုန်မယ်။

နောက်တော့ သိပ်မကြာပါဘူး။ အခုန ရူးနေတဲ့ မင်းသားက ကောင်မကလေးကို သူ့မိန်းမမှတ်ပြီး အတူနေတယ်။ တစ်နည်း အားဖြင့် အဓမ္မကျင့်တာပါပဲ။ ရုန်းကန်ရင် ရပေမယ့် မင်းသမီးက သူ့ကို အဓမ္မကျင့်နေစဉ် ခုတင်ပေါ်မှာ ကိုယ့်ရည်းစားနဲ့ အတူနေ သလို တုံ့ပြန်တော့ သဘာဝက သိပ်မကျတော့ဘူးဗျ။ သူပါ အလို တူအလိုပါဆိုတဲ့ အမူအရာမျိုး ဖြစ်သွားတယ်။ ဒါပေသိ အဲဒီ အခန်းကိုပဲ ပရိသတ်ကို ပြချင်တာထင်ပါရဲ့။

ကျုပ်လည်း ပါးစပ်အရသာခံပြီး ဖောက်သည်ချနေတာ မဟုတ်ရပါဘူးဗျာ။ ဇာတ်လမ်းရဲ့ လိုအပ်ချက်အရမဟုတ်တဲ့ လိင်ပြကွက်တွေဘက် ဦးတည်တဲ့ သရုပ်ဆောင်ချက်တွေကို ထောက် ပြလိုခြင်းပါ။ တော်ကြာ ကျုပ် မောင်ဘစီက ကိုယ့်ထမင်းကိုယ် စားပြီး ကြော်ငြာဝင်တယ် ဖြစ်နေမှာစိုးလို့။

ကျုပ်တို့ အထက်က ပြောခဲ့တဲ့  ဇာတ်ဝင်ခန်းအချို့က ကြမ်း လှပြီထင်နေတာ။  သူ့ထက်ကြမ်းတဲ့ ဇာတ်ဝင်ခန်းတစ်ခန်း ဖေ့စ်ဘွတ်ခ် (Facebook) စာမျက်နှာပေါ်မှာ ရောက်လာတယ်။ ဒါမျိုးကျ ကျုပ်တို့ရဲ့ အနုပညာလောကထဲက အချို့သော ပုဂ္ဂိုလ် များက တယ်လည်း လက်စောင်းထက်ကြသကိုးဗျ။  ပရိသတ် အတွက် အပြိုင်အဆိုင် ကြိုးစားနေကြတဲ့ အနုပညာရှင်များကို ဘစီက လေးစားတယ်လို့ ကြုံတုန်းမှာ ပြောလိုက်ပါရစေ။

ဒါတင်မက ကျုပ်တို့ရဲ့ အနုပညာသမားအချို့က စေတနာ လည်း ကောင်းရှာတယ်။ သူတို့ အားကြိုးမာန်တက် ဖန်တီးထုတ် လုပ်ထားတဲ့ အနုပညာလက်ရာတွေကို ဆင်ဆာအဖွဲ့ကများ မတော်တဆ ပယ်ဟယ်၊ ဖျက်ဟယ်လုပ်ရင် ချစ်တဲ့ ပရိသတ်ကြီး မကြည့်လိုက်ရမှာ စိုးလို့ထင်ပါရဲ့။ ဖေ့စ်ဘွတ်ခ်ဆိုတဲ့ ဇရပ်ရဲ့ မျက်နှာကြက်မှာ တင်ဆက်တော်မူထားသဗျာ။ ကောင်းခန်း ကလေးတွေပဲ လက်ရွေးစင် ဖြတ်ညှပ်ကပ်ဗျ။ သိပ်နိပ်တယ်။

အခုတလော ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပြန့်ကျဲနေတဲ့ ဇာတ်ဝင် ခန်းဆို သိပ်လူပြောများသွားတာပေါ့။ ခက်တာက ဒီလို အညစ် အညမ်းဆိုတာမျိုးကလည်း အကြံတူ နောက်လူသာစမြဲမို့လား။ ဒီတော့ သရုပ်ဆောင်တွေရဲ့ အမူအရာ၊ ကင်မရာ အယူအဆနဲ့ အချီအချ စကားပြောခန်းတွေက ကျုပ်တို့ ကြမ်းလှပါပြီဆိုတဲ့ ဇာတ်ကားထက်တောင်မှ  ကြမ်းသေးသပေါ့ လေ။

ဒါကြောင့်ထင်ပါရဲ့။ စောင်ထဲမှာ လုံးလားထွေလားနဲ့ ခုတင်ပေါ်မှာ မင်းသားနေမင်းနဲ့ မင်းသမီး သဉ္ဇာနွယ်ဝင်းတို့ရဲ့ သရုပ်ဆောင်ချက်ကတော့ ဒီရက်ပိုင်းမှာ ပွက်လောရိုက်သွား တာပေါ့ဗျာ။ စောင်ထဲက ထွက်လာတဲ့ မင်းသားက ”မေ… အဆင်ပြေရဲ့လား”လို့ မေးတော့ မင်းသမီးကလည်း အတိုင် အဖောက်ညီသဗျ။

”ဘယ်လို ပြောရမှန်း မသိပါဘူး ကိုရယ်”တဲ့။ ကဲ…မှတ် ကရော။ ဒီတော့ ကြည့်ရှုတဲ့ မောင်ဘစီတို့ကလည်း အားမလိုအား မရနဲ့ ကျုပ်တို့လည်း ဘယ်လိုပြောရမှန်း မသိပါဘူး မင်းသမီး ရယ်လို့ ဗျို့ဟစ်လို့ ဆိုချင်ပါဘိတယ်။

ဒါပေသိ ကျုပ် ဘစီတို့မှာလည်း အရွယ်မရောက်သေးတဲ့ ဘေဘီဘစီလေးတွေ ရှိသေးတာကိုး။ သူတို့ကလည်း ကျောင်း သွားလို့ ပြန်လာရင် ကလေးတွေအကြား တစ်ယောက်စကား တစ်ယောက်နားနဲ့ ကျုပ်ဆီလာလာမေးတယ်ဗျ။ နေမင်းတို့ ဇာတ်ကားက ဘယ်လိုရှိတယ်ပေါ့ဗျာ။ ဘယ်သူတို့ ဇာတ်ကားက ဘယ့်နှယ်ပေါ့ဗျာ။ ဒီအခါ ကျုပ်မယ် ‘နှာခေါင်းကျဉ်ပွေ့’ တွေ့ရ တာပါပဲ။ သြော်…တယ်လည်း ခွကျတဲ့ ကလိယုတ် ဆုတ်ကပ်ပေ ကိုးလို့ပဲ ဆိုမိတယ်။နဂိုကမှ ဆုတ်ကပ်ထဲမှာ မဟုတ်မဟတ်လုပ်ချင်၊ ပြချင်တဲ့ သူတွေနဲ့တော့ ကျုပ်တို့ ကလေးတွေ ခက်ပါတယ်ဗျာ။ ဂျပန် ခေတ်မှာ လွတ်လပ်ရေးရတော့ လမ်းမပေါ်တက် ဆေးရိုးတက် လှမ်းကြတယ်ဆိုလား။ အခုလည်း စစ်အုပ်ချုပ်ရေးအလွန်မှာ တစ်စုံတစ်ရာ လွတ်လပ်ခွင့်ကလေးရတော့ ဒါကိုပဲ အကျိုးရှိရာ အသုံးချမယ်လို့ စိတ်မကူးအားသေးဘူး။ ခုတင်ပေါ် စောင်ကြား က မောင်နဲ့မေ နှစ်ပါးသွားတာကလေးကို အရသာခံပြီး ပြချင်ကြ တဲ့ ဗီဒီယိုလောက သူရဲကောင်းအချို့ရဲ့ လက်ချက်နဲ့ ကျုပ်တို့မယ် စိတ်မသက်မသာဖြစ်နေရတယ်။

ခုတ်ရာတစ်ခြား ရှရာတစ်လွဲတော့ ဖြစ်ကုန်ပြီလို့ အော်ပြီး မပဋာ လင်ပျောက်ရှာစဉ်က  ငိုချင်းချသလိုပဲ ချရမလား။

”ပရိသတ် အဆင်ပြေလား၊ အင်း… ဘယ်လိုပြောရမှန်း တောင် မသိပါဘူးဗျာရယ်”လို့ ဇာတ်ဝင်ခန်းထဲကလိုပဲ သံယောင် လိုက်ရမလား ကျုပ်တို့ဖြင့် ပြောမပြတတ်အောင်ပါပဲဗျာ။

နို့မဟုတ်လားဗျာ။ ကျုပ်တို့ရဲ့ မြန်မာဗီဒီယိုကားတွေ နှစ် ရက်နဲ့ တစ်ကား၊ သုံးရက်နဲ့ တစ်ကားရိုက်ရင်း ဈေးကွက်မှာ ညံ့ဖျင်းလာတာဟာ တစ်ချိန်တုန်းက လွတ်လပ်ခွင့်ကင်းမဲ့လို့ဆိုခဲ့ဖူးပြီကိုး။ ကျုပ်တို့ကလည်း ငနုံတွေဆိုတော့ ဟုတ်မှာပေါ့၊ ဒီ စစ် အစိုးရရဲ့ စစ်ဖိနပ်အောက်မှာ ကျုပ်တို့ရဲ့ ရုပ်ရှင်နဲ့ အနုပညာ လောက မဖွံ့ဖြိုးတာ ဒီသေနာတွေ (အင်း…ယောင်လို့) သေနာ ပတိခေါ် စစ်ဗိုလ်ချုပ်တွေကြောင့်လို့ အောက်မေ့ခဲ့တာခင်ဗျ။

ဒါနဲ့ အခုလို နိုင်ငံရေးက အချိုးပြောင်းပြီး တစ်မျိုးကောင်း လာချိန်မှာ လွတ်လပ်တဲ့ အနုပညာဖန်တီးမှုလက်ရာတွေကို အရင်ဦးစွာ မျှော်လင့်မိတာကလား။ နှစ်များစွာ နိုင်ငံခြားဇာတ် ကားတွေ အားပေးလာတာ တော်ပြီ၊ သင့်ပြီပေါ့။ လွတ်လပ်စွာ ဖူးပွင့်ဝေဆာလာမယ့် မြန်မာဗီဒီယိုကားတွေပဲ အားပေးမယ်မှန်း ခဲ့တယ်။

ဟောဗျာ။ အခုကျတော့ ပွင့်လင်းလွပ်လပ်သမှ ကျုပ်တို့ရဲ မင်းသား၊ မင်းသမီးကလေးတွေက အဝတ်အစားတွေ ချွတ်ပြဖို့ ကြိုးစားနေတော့တာကိုး။ မင်းသမီး ရင်ဘတ်က ကြယ်သီးကို မင်းသားက တံတွေးမျိုချရင်း တစ်လုံးချင်း ချွတ်ပြနေတာကို ကျုပ်တို့က အရသာခံရတော့မှာကိုး။ အလိုဗျာ…အခွင့်တော် သင့်လိုက်ပုံက မုတ်ဆိတ်မှာ ပျားစွဲတာထက်တောင် ပိုသေးလို့ ဇာတ်ဆန်ဆန် ဆိုရမလိုပါပဲရယ်။

”အဆင်ပြေရဲ့လား မေ”ဆိုတဲ့ မင်းသားရဲ့ မောဟိုက်သံ စွက်တဲ့ စကားလုံးတွေ၊ ”ဘယ်လိုပြောရမှန်းတောင် မသိပါဘူး ကိုရယ်”ဆိုပြီး ဇာတ်ဝင်ခန်းထဲက မင်းသားကိုသာမက ပရိသတ် ကိုပါ တီတီတာတာ ပြုစားဖို့ရာ ကြိုးစားတဲ့ စကားသံတွေကို နားထောင်ရတော့မှာကိုး။ အဓမ္မကျင့်နေတာကို မရုန်းကန်ဘဲ ကိုယ့်ရည်စားနဲ့ အလိုတူအလိုပါ အတူနေရသလို မျက်လုံးမှိတ်၊ အံကြိတ်သံကိုပဲ ကျုပ်တို့ ပရိသတ်မယ် ဗီဒီယိုလောက တစ်ခေတ် ဆန်းလာတာလို့ မှတ်ယူရမယ့် ကိန်းဗျို့။

တကယ်တော့ ကျုပ်တို့ရဲ့ မြန်မာဗီဒီယိုဇာတ်ကားဟာ သားနဲ့ အမေ၊ မောင်နဲ့ နှမ၊ သမီးနဲ့ အဖေ အားလပ်ချိန်တွေမှာ အတူထိုင် ကြည့်ကြတာမျိုးဗျ။ နိုင်ငံခြားဇာတ်ကားဆိုတာမျိုး တောင် ကျုပ်တို့မြန်မာမိသားစုတွေ အတူကြည့်တာ ရှားတယ်။ တော်ကြာ မဖွယ်မရာ ဇာတ်ဝင်ခန်းတွေ ပါတတ်တော့ မျက်နှာ ပူစရာဖြစ်မှာကိုး။ ဒီတော့ မြန်မာဇာတ်ကားတွေကိုသာ မိသားစု စုံစုံလင်လင် အတူထိုင်ကြည့်တာပါ။ အခုတော့ မြန်မာဇာတ်ကား တောင် ကျုပ်တို့ ဘယ်လိုကြည့်ရမယ်မသိတော့ဘူး။

ကျုပ် ဘစီကတော့  အိပ်ရာပေါ်က ဇာတ်ဝင်ခန်းကို ကြိုက် တာပေါ့။ တစ်ရက်ကို ကျပ်တစ်ရာ့ငါးဆယ်လောက် ပေးပြီး ဗီဒီယို တစ်ကားငှားကြည့်တာနဲ့ ကျုပ်ကြိုက်တဲ့ မင်းသမီးရဲ့ ကိုယ်လုံး တွေ၊ အိပ်ရာပေါ်မှာ အံကြိတ်ပြတာ၊ ခေါင်းအုံးကို လက်နဲ့ အတင်း ဖိညှစ်ပစ်လိုက်တာမျိုး၊ ပြီးတော့ ဘယ်လိုပြောရမှန်းတောင် မသိ ပါဘူးကိုရယ်ဆိုတဲ့ ညုသံတွေကိုလည်း မြင်ရကြားရမှာကိုး။ ဒီ တော့ ကျုပ်ဖို့ရာ ဒီခေတ်မှာမှ မြန်မာဗီဒီယိုကား ငှားကြည့်ရတာ တန်တယ် ဆိုရမှာပေါ့ဗျာ။

ဒါပေသိ ကျုပ်လိုမျိုး မြန်မာပရိသတ်ကြီးကတော့ ကြိုက် လိမ့်မယ်မဟုတ်ဘူး။ ကျုပ်တို့ လူ့အဖွဲ့အစည်းဟာ တန်ဖိုးတွေရှိ နေတုန်းပဲဗျာ။ လူတစ်ယောက်ကို သတ်မှတ်တဲ့ စံညွှန်းတွေကို မြို့ပြနဲ့ ကျေးလက်မှာ ကိုင်စွဲထားတုန်းဗျ။ မင်းသမီးတွေ တစ်ခါ က တင်ပါးလှုပ်ပြပြီး ကြော်ငြာတွေမှာ သရုပ်ဆောင်ကြတုန်းက ကျုပ်တို့ရွာဘက်က အမျိုးသမီးကြီးတွေက ဘယ်လိုပြောတယ် မှတ်သလဲ။

”ကြက်မကျနေတာပဲတော်”တဲ့။ ”မင်းသမီးကလေးတွေ က ရုပ်ကလေးသနားကမားနဲ့ လော်လီလိုက်တာ”တဲ့။ ကဲ…လူထုရဲ့ ရင်ထဲကလာတဲ့ ကရုဏာဒေါသော မှတ်ချက်ပါပဲ။ မလွှဲ သာလို့ဖြစ်စေ၊ အားနာလို့ဖြစ်စေ ရိုက်လိုက်ရပါတယ်ဆိုတဲ့ တက် သစ်စ မင်းသမီးကလေးများ ဆင်ခြင်တော်မူဖို့ရာ ကျုပ်က ကျေးဇူးပြုတာပါ။ ဒါဟာ မြန်မာ မင်းသား၊ မင်းသမီးတွေကို အမာခံအားပေးကြတဲ့ ကျေးလက်က ပရိသတ်အများစုကြီးကို ကိုယ်စားပြုတဲ့ မှတ်ချက်လည်းဖြစ်တယ်။ ဒါကြောင့် ကျုပ်က အထက်မှာ ကြက်ဇာတ်လမ်းတွေအကြောင်း စကားခံခဲ့တာပေါ့။

အခု ဒီကနေ့ မြို့ပြမှာ ရေပန်းစား လူပြောများနေတဲ့ လိင်ပြကွက် ပါတဲ့ ဇာတ်ကားအချို့ဟာလည်း မကြာခင်မှာ ကျေးလက်ကို ရောက်သွားမှာပါ။ ကျေးလက်ပရိသတ်က မြင်ရတဲ့အခါ ဟာခနဲ ဟင်ခနဲ ဖြစ်ဦးမှာပဲ။ မောင်နှင့် နှမ သားနှင့် အမိ ကြည့်ဖို့ရာ မသင့် တာမို့ တစ်အိမ်တည်းနေ မိသားစုတွေကြားမှာ မျက်နှာပူရဦးမှာ ပါပဲ။ ဒီအခါ သရုပ်ဆောင်ကြတဲ့ မင်းသား၊ မင်းသမီးကလေး တွေကို ကျေးလက်ပရိသတ်က ဘယ်လိုများ မှတ်ချက်ပေးမလဲ။ ကျုပ်ကတော့ သူတို့ပေးဦးမယ့် မှတ်ချက်ကို  သိနေပါတယ်လေ။

မင်းသား၊ မင်းသမီးဆိုတာမျိုးဟာ ပရိသတ်အပေါ်မှာ လွှမ်းမိုးမှု သိပ်ရှိပါတယ်။ မင်းသမီး ဝတ်တာစားတာ၊ ပြောတာဆိုတာမျိုး ဟာ လူငယ်ပရိသတ်အပေါ်မှာ သြဇာကြီးပါတယ်။ ဒါကြောင့် မင်းသား၊ မင်းသမီး မဖွယ်မရာလုပ်ရင်လုပ်သလို အနည်းနဲ့အများ အတုခိုးကြမှာပဲ။ ကိုယ့်အမူအရာကြောင့် လူငယ်ထုမှာ အတုခိုး မှားတယ်ဆိုရင် အဲဒီ ပြည်သူချစ်သော အနုပညာရှင် မင်းသား မင်းသမီးကလေးတွေ လိပ်ပြာသန့်ပါ့မလား။

မဖွယ်မရာ သရုပ်ဆောင်တဲ့အခါ ကိုယ့်ကို ပရိသတ်က ဘယ်လိုမှတ်ချက်ချမယ်ဆိုတာ စဉ်းစားထားရဲ့လား။ ဖျော်ဖြေ ရေး ဆိုပေမယ့် ဖျော်ဖြေရေးဟာ မကောင်းမှုလုပ်ဖို့ရာဘက်ကို ဆွဲဆောင်သွားမယ်ဆိုရင်တော့မတော်ဘူး။ အခုလို လွတ်လပ်စွာ ဖန်တီးရိုက်ကူးခွင့်ရှိလာတဲ့ အခါသမယမှာ လွတ်လပ်ခွင့်ကို တစ် လွဲအသုံးချမယ်ဆိုရင် ပရိသတ်က မကြာခင်မှာ မေတ္တာ တုံးသွား မှာပေါ့ဗျာ။ အဲဒီတော့မှ တုံးသွားတဲ့ မေတ္တာကို ပြန်ချွန်ဖို့ရာ ခက်လိမ့်မယ်နော်။

အခုဆို ကျုပ်ကလေးတွေဖြစ်တဲ့ ဘေဘီဘစီတို့ကို မြန်မာ ဇာတ်ကားတွေ သိပ်မပြတော့ဘူးဗျာ။ တဖြည်းဖြည်း အရွယ် ရောက်လာတော့မယ့် ကလေးတွေမှာ တီတီတာတာ ပလီပလာ လုပ်နေတဲ့ ဇာတ်ရုပ်တွေကိုကြည့်ပြီး အတုခိုးမမှားစေချင်ဘူး။ ဒါကြောင့် ကျုပ်ပဲ အဲဒီဇာတ်ကားတွေကို တစ်ယောက်တည်း ထိုင်ကြည့်နေတယ်။

ကြည့်တယ်ဆိုလို့ ကျုပ်ကို ခင်ဗျားတို့ နှာခေါင်းမရှုံ့နဲ့ဦး။ အခု ခင်ဗျားတို့ကို ပြန်ပြီး အရသာခံပြနိုင်တာဟာ အဲဒီလို ကြည့် ထားလို့ခင်ဗျ။ ပြီးတော့ ကျုပ်ကလေးတွေအတွက် ဘယ်ဇာတ် ကားက သန့်တယ်၊ ဘယ်ဇာတ်ကားက ကြက်စော်နံတယ်၊ အဲ ဗျာ…ကျုပ်လည်း ကြက်ကိုချည်း နှုတ်စွဲနေတယ်။ ဘယ်ဇာတ် ကားကတော့ဖြင့် ကျုပ်တို့ရဲ့ ဘေဘီဘစီတို့အတွက် ဆင်ဆာလုပ် သင့်တယ်ဆိုပြီး ချိန်ဆနိုင်ဖို့ရာ အချိန်ကုန်ခံကြည့်ရပါသကော။

နိုင်ငံခြားမှာဆိုရင်တော့ ကျုပ်က အခုလို အချိန်ကုန်ခံပြီး မဟုတ်တဲ့ကားကို ဇာတ်ရည်လည်အောင် ကြည့်နေစရာ မလို ဘူး။ ဟိုမှာက စည်းကမ်းရှိတယ်။ ဒီဇာတ်လမ်းဟာ ကလေးတွေ ကြည့်သင့်တယ်။ ဒီဇာတ်ကားကတော့ဖြင့် ၁၈ နှစ်အောက်က လေးများ ကြည့်လို့မရဘူး။ ဒီဇာတ်ကားကတော့ မိဘနှင့်အတူ ကြည့်လို့ရတယ်။ မိသားစုအပန်းဖြေရင်း ကြည့်လို့ရတယ် စသဖြင့် အဆင့်တွေ ခွဲခြားသတ်မှတ်ထားပြီးသား။

ဒီမှာတော့ ဒါတွေမရှိဘူး။ သက်ဆိုင်တဲ့အဖွဲ့အစည်းတွေက လည်း မလုပ်သေးဘူး။ လုပ်မယ်လို့တော့ ပြောတာပေါ့လေ။ သူ တို့လုပ်မယ်လို့ စီစဉ်ဆွေးနွေးနေတဲ့အချိန်မှာတင် နောက်ထက် သူ့ထက်ငါ လက်စောင်းထက်တဲ့ လိင်သရုပ်ဆောင်ချက် ဇာတ်ဝင် ခန်းတွေ ဘယ်လောက် ထွက်လာဦးမယ်မသိဘူး။

ရိုက်ကူးတဲ့သူတွေကလည်း ဒါမျိုးစဉ်းစားတာမဟုတ်ဘူး။ ကျဆင်းနေတဲ့ ဗီဒီယိုဈေးကွက်ကို အဝတ်စားချွတ် သရုပ်ဆောင် ခန်းတွေနဲ့ မြှင့်တင်မယ်လို့ ရွှေဉာဏ်တော်စူးရောက်တဲ့ ဒါရိုက် တာတွေ၊ ခုတင်ပေါ်က မခို့တရို့နဲ့ ပရိသတ်ကို ဖမ်းစားရင်း နာမည် ကြီးအောင်လုပ်မယ်ဆိုတဲ့ သရုပ်ဆောင်တွေကလည်း ဘယ် လောက်ပေါ်လာဦးမယ်မသိဘူး။

ကျုပ်မယ် ကျုပ်တို့ရဲ့ကလေးငယ်တွေအတုယူမှားမှာပဲ စိုးတယ်။ နောက် အဲဒီလို ခုတင်ပေါ်မှာ ပြောင်မြောက်စွာ သရုပ် ဆောင်ကြတဲ့ သရုပ်ဆောင် အမျိုးသမီးကလေးတွေဆိုတာလည်း လူငယ်ကြိုက်ကိုး။ သူတို့အသက်ကလေးတွေသာ ဘာမှ မရှိသေး တာ၊ ဒါမျိုးသရုပ်ဆောင်တာကျတော့ ပီပြင်သဗျ။ ကလေးမတစ် ယောက်ဆို အခုမှ ၁၆ နှစ်လောက်ရှိသေးဆိုလား။ ကြည့်ရတာ ကတော့ ဘုရားစူး ၁၆ နှစ်သမီးပါဗျာ။ အသက်ကသာ ၁၈ နှစ် မပြည့်သေးတာ၊ ခုတင်ပေါ် သရုပ်ဆောင်တာကျတော့  အတော်ပဲ ပီပြင်တယ်။ ဒါပေသိ ပြောသာပြောရတာရယ်ဗျ။ တော်ကြာ သူ များ သားသမီး အားမနာပါးမနာ စော်ကားတယ်ဆိုပြီး တရားစွဲမှ ဖြင့် ဟုတ်ပေ့ဖြစ်နေမယ်။

အနှီလိုဖြစ်ပေမယ့် အရွယ်မရောက်သေးတဲ့ ကလေးတွေ အပေါ်မှာတော့ လွှမ်းမိုးမှုရှိတယ်ဗျာ။ ကျုပ်တို့ရဲ့ လူငယ်သရုပ် ဆောင်တွေဟာ ကလေးပရိသတ်တွေအပေါ်မှာ အင်မတန် သြဇာ ကြီးတယ်ဗျ။ သူတို့က ဖန်သားပြင်မှာ မဖွယ်မရာ လုပ်ပြပြီဆိုရင် သက်ရောက်မူက ကြီးမားကျယ်ပြန့်ပါတယ်။

ဒါကြောင့် အပြာဆန်တဲ့ ပြကွက်တွေ ရိုက်ကူးလိုသူများ ရှိရင် လူငယ်သရုပ်ဆောင်တွေကိုတော့ တတ်နိုင်သမျှ မသုံးကြပါ နဲ့ဗျာ။ အင်း…ပြောသာပြောရတာပါဗျာ။ အဲဒီ တက်သစ်စ သရုပ် ဆောင်တွေကပဲ အပြာဆန်ဆန်သရုပ်ဆောင်ချင်တာ ဖြစ်ချင် ဖြစ်နေဦးမှာ။

ကျုပ်တို့ ပြောခဲ့ပြီပဲနော်။ ခင်ဗျားတို့ မနေနိုင်လို့ အိပ်ရာ ပေါ်က ပြကွက်တွေကို ရိုက်ကူးချင်သပဆိုရင်လည်း တို့ကနန်း ဆိတ်ကနန်းတော့ လုပ်မနေနဲ့။ ဒါဟာ အပြာကားပဲဟေ့ဆိုပြီး တရားဝင် ကြေညာပြီးရိုက်ကြပါဗျာ။ အပြာကားကြိုက်တဲ့ ကျုပ် မိတ်ဆွေတွေက အားပေးလိမ့်မယ်။

သို့ကလို မဟုတ်ဘဲ  မိသားစု အတူထိုင်ကြည့်ရမယ့် ဇာတ် ကားတွေထဲမှာ ခုတင်ပေါ်ပြကွက်တွေကို အတင်းသွင်း မရိုက်ကူး ပါနဲ့။ ဇာတ်လမ်းလိုအပ်ချက်မဟုတ်ပါဘဲ အတင်းပဲ ပရိသတ်စိတ် ဝင်စားအောင် လိင်ဆက်ဆံတဲ့အခန်းတွေကို ပြသတာမျိုးဟာဖြင့် မသင့်တော့ဘူးလို့ မြင်သဗျာ။ ပြီးတော့ အိပ်ရာပေါ်က ပြကွက် များနဲ့ ဖမ်းစားရင် မြန်မာပရိသတ်ဟာ ငမ်းငမ်းတက်ကြိုက်မှာပဲ လို့ တွေးရင်တော့ ဒါဟာ ကျုပ်တို့ ပရိသတ်ရဲ့ အနုပညာခံစားနိုင်မှု ကို စော်ကားလိုက်တာပဲဖြစ်တယ်။

ရုပ်ရှင်လောကသားတွေ နှစ်များစွာ တောင့်တခဲ့တဲ့ လွတ် လပ်ခွင့်ဟာ ဒီလို အပြာဆန်တဲ့ ဇာတ်ဝင်ခန်းတွေကို သူ့ထက်ငါ အလုအယက် ရိုက်ပြ၊ သရုပ်ဆောင်ပြဖို့ မဟုတ်ဘူးရယ်။ ကောင်း မွန်တဲ့အနုပညာတွေကို လွတ်လပ်စွာ ဖန်တီးနိုင်ဖို့ပဲ ဖြစ်တယ်ဗျာ။

သရုပ်ဆောင်တဲ့ တက်သစ်စ နှမကလေးတွေကိုလည်း ကျုပ် မောင်ဘစီက မေတ္တာစကား နောက်ဆုံးပါးလိုပါသေးတယ်။ ဒီလို အပြာဆန်တဲ့ ပြကွက်တွေနဲ့ ပရိသတ်ကို မဖမ်းစားပါနဲ့။ ခဏပဲ ရမှာပါ။ မနေနိုင်လို့ ရိုက်ခဲ့တယ်ဆိုရင်လည်း ပရိသတ်ကို မသိလို့ လုပ်ခဲ့တာပါဆိုပြီး မုန်လာဥမလုပ်ပါနဲ့။ ရိုက်ချင်လို့ ရိုက်ခဲ့ တယ်လို့ပဲ ရဲရဲပြောစမ်းပါ။ အဲဒီလို ပြောလို့ ပရိသတ်ဆီက ရလာ မယ့် တုံ့ပြန်မှုကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ခံယူ လိုက်ပါ။

ကျုပ်ပြောခဲ့ပါပြီကော။ မြန်မာဗီဒီယိုကားတွေနဲ့ မြန်မာ မင်းသား၊ မင်သမီးကို သိပ်လေးစားတာက ကျေးလက်ပရိသတ်ဗျ။ သူတို့ရဲ့ မင်းသမီးကလေးတွေ ကလက်တက်တက်လုပ်လို့ကတော့ ချစ်စနိုးနဲ့ တစ်တစ်ခွခွပေးလိုက်မယ့် မှတ်ချက်ကတော့ ‘ကြက်’ပဲ။ အနှီလိုဆိုရင် ကိုယ့်နှမတွေအားလုံး စိတ်မဆိုးကြေးနော်။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."