အောက်တိုဘာထုတ်-၂၀၁၅၊ မော်ကွန်း မဂ္ဂဇင်းအမှတ် (၂၈)မှ အက်ဆေး ဖြစ်ပါသည်။
ကိုကျော်ကြီး(ပုဂံ) ရေးသည်။
ကျွန်တော် တက္ကသိုလ်ကျောင်းသားမဖြစ်ခဲ့ပါ။ အဝေးသင် ကျောင်းသားအဖြစ်နဲ့ အချိန်ပိုင်းလောက်သာ တက္ကသိုလ်ရောက် ဖူးပါသည်။ ထို့ကြောင့် တက္ကသိုလ်ကျောင်းသားဘဝကို ကျွန် တော် အပြည့်အဝ မခံစားတတ်သည်မှာ အမှန်ပါ။ သို့သော် ကျွန် တော်သည် ဘုန်းကြီးကျောင်းသားဘဝကိုမူ အလွန်ပင် လက်ပွန်း တတီး ရှိခဲ့ပါသည်။ ဘုန်းကြီးကျောင်းသား ဖြစ်ခဲ့ရသည်ကို ဂုဏ် ယူမဆုံး ဖြစ်လျက်ရှိပါသည်။ တက္ကသိုလ်ကျောင်းသားများသည် ဆယ်တန်းအောင်ပြီး လေးနှစ်တက်ကြရသည်ဟု သိရပါသည်။ ကျွန်တော်တို့ ဘုန်းကြီးကျောင်းကား တက္ကသိုလ်ထက်ပင် ကြာ ကြာတက်ကြရသည်။ အနည်းဆုံး ငါးနှစ်မှ ခြောက်နှစ် တက်ကြ ရသည်။ ဘုန်းကြီးကျောင်းသားများ ဘဝကား လွတ်လပ်မှုနှင့် မျှတမှုကို ပေါင်းစပ်ထားသော လူငယ်လေ့ကျင့်ရေးစခန်းတစ်ခု ပင် ဖြစ်သည်။ ပျော်ရွှင်စရာ ပေါများသလောက် စည်းကမ်းလိုက် နာရတာ တစ်ပုံကြီး ရှိသည်။ စည်းကမ်းဖောက်သူကတော့ ပြစ် ဒဏ်နှင့်တိုးမှာ သေချာသည်။ ပြစ်ဒဏ်ကို ကြောက်ရင်း၊ လိုက်နာ ရင်းက အတော်အတန် လေ့ကျင့်ပြီးသား လူငယ်တစ်ယောက် ဖြစ်လာသည်။ ကျေးလက်တောရွာများတွင် မွေးဖွားလာသူတို့မှာ မူလတန်းကျောင်းနှင့် ဘုန်းကြီးကျောင်းက လွဲပြီး တခြားသင် ကြားရန် နေရာမရှိပါပေ။ ဘုန်းကြီးကျောင်းပင်လျှင် အဓိက ဘဝတက္ကသိုလ်ကြီး ဖြစ်ပါသည်။
မြန်မာ့ပညာရေးလောကတွင် ဘုန်းတော်ကြီးကျောင်းများ ၏ အခန်းကဏ္ဍမှာ အရေးပါလှပါသည်။ ပဒေသရာဇ်ခေတ်က မင်းညီမင်းသားများပင် ဘုန်းတော်ကြီးကျောင်းများ၌ ပညာသင် ကြားခဲ့ကြရသည်။ ရဟန်းတော်များသည် လောကုတ္တရာစာပေ များကိုသာမက လောကီဆိုင်ရာ ဆေးကျမ်း၊ ဗေဒင်ကျမ်းများကို ကျွမ်းကျင်ကြသည်။ ပညာသင်ကြားရန် အရွယ်ရောက်လာသော ကျောင်းသားလူငယ်များမှာ ရဟန်းတော်များထံမှပင် ဆေး ကျမ်း၊ ဗေဒင်ကျမ်း၊ ဂဏန်းသင်္ချာများကို သင်ယူကြရသည်။ ကိုလိုနီခေတ်ဦးက ကျေးရွာပေါင်း နှစ်ရာကျော်ရှိသော မြို့နယ် တစ်ခုတွင် မူလတန်းကျောင်း နှစ်ဆယ်မျှသာ ဖွင့်လှစ်နိုင်ခဲ့ရာ အများစုမှာ ဘုန်းတော်ကြီးကျောင်းများကိုသာ အားထားခဲ့ကြရ သည်။ ထို့ကြောင့်လည်း မိမိတို့ သားသမီးများကို အသက်ငါးနှစ် ခန့်အရွယ်ရောက်လျှင် ဘုန်းကြီးကျောင်းကို ပို့အပ်လေ့ရှိကြ သည်။ မူလတန်းကျောင်းမရှိသော ကျေးရွာများတွင် မိန်းကလေး များပါ ဘုန်းကြီးကျောင်းများ၌ စာသင်ကြရသည်။ ယောကျ်ား လေးများမှာ ဘုန်းကြီးကျောင်းမှာပင် အချိန်ပြည့်နေကြရသည်။ မူလတန်းကျောင်းရှိသော ကျေးရွာများမှာလည်း ယောကျ်ား လေးများကို ဘုန်းကြီးကျောင်းသို့ ဦးစွာ ပို့အပ်ပြီးမှ ဘုန်းကြီး ကျောင်းမှာ နေရင်းက မူလတန်းကျောင်းကို တက်ကြရသည်။ မူ လတန်းကျောင်းကို ရွာကျောင်းဟု ခေါ်လေ့ရှိကြသည်။ ဘုန်းကြီး ကျောင်းသို့ ပို့အပ်ရခြင်းမှာ မိဘများ လယ်ယာလုပ်ငန်းနှင့် အချိန်ပြည့် ရုန်းကန်နေရခြင်းကြောင့် ဆရာတော်များက ယောကျ်ားလေးများကို ထိန်းကျောင်း စောင့်ရှောက်ပေးရခြင်း လည်း ဖြစ်သည်။ ဘုန်းကြီးကျောင်းများသည် ပညာသင်ယူရာ ဌာနသက်သက်မဟုတ်ဘဲ အခြားလူမှုရေးရာအဖြာဖြာကို သင် ယူရရှိနိုင်သော နေရာအဖြစ် မှတ်ယူကြခြင်းကြောင့်လည်း ဖြစ်သည်။
ကျွန်တော်တို့ ရွာတွင် အိမ်ခြေ ၇ဝ ခန့် ရှိပါသည်။ ဘုန်း ကြီးကျောင်းတွင် ယောကျ်ားလေး ၃ဝ ခန့် အမြဲရှိသည်။ ဘုန်းကြီး ကျောင်း၏ ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ရွာဦးကျောင်းဆရာတော်က ဦးစီးပဓာနဖြစ်သည်။ ဆရာတော်လက်အောက်တွင် ဦးဇင်း၊ ကိုရင်များ ရှိသည်။ ကျောင်းသားများအနက်မှ ခေါင်းဆောင် သုံး၊ လေးဦးကို ဆရာတော် စိတ်ကြိုက်ရွေးချယ်သည်။ ၎င်းတို့ကို ကျောင်းလူကြီးဟု ခေါ်သည်။ ကျောင်းလူကြီး လက်အောက်တွင် ကျောင်းသားများ ရှိကြသည်။ ကျောင်းသားများတွင်လည်း အသက်အရွယ်အလိုက် ကြီးသူက ငယ်သူကို ဖေးမကူညီ အုပ် ချုပ်သွားသော စနစ်မျိုး ဖြစ်သည်။
မူလတန်းကျောင်းများ၌ ကျောင်းအပ်စအချိန်တွင် ကလေးငိုသံများကို ကြားရလေ့ရှိသည်။ မိဘတို့က ကလေးကို ကျောင်းအပ်ပြီး အိမ်သို့ ပြန်သွားမည့် အချိန်ကလေးက ကျောင်း နှင့်စိမ်းနေသဖြင့် ငိုကြခြင်း ဖြစ်သည်။ တချို့ကလေးဆိုရင် ဆရာ များက အတော်ပင် ချော့မော့ယူရသည်။ မိဘတို့ကလည်း ချက် ချင်းအိမ်မပြန်နိုင်ဘဲ တစ်ထောင့်တစ်နေရာမှ စောင့်ကြပ်ပေးရ သေးသည်။ ဘုန်းကြီးကျောင်းတွင်မူ ကျောင်းအပ်ပြီး မိဘများ ပြန်သွားစေကာမူ တစ်ယောက်တလေမှ ငိုသံမကြားရပေ။ အကြောင်းမှာ မိမိနှင့် သက်တူရွယ်တူ ကလေးများကို တစ်စုတစ် ပြုံကြီး တွေ့ရသောကြောင့်ဖြစ်သည်။ တချို့မှာ ကိုယ့်အိမ်ပတ်ဝန်း ကျင်မှ ဖြစ်ကြသည်။ သူတို့တစ်တွေနှင့် ငါ ဆော့ကစားရတော့ မည်ဆိုသော အသိဖြင့် ပျော်၍ပင် နေကြသည်။
ဘုန်းကြီးကျောင်းတွင် မိဘများ ကျောင်းအပ်ပုံမှာ ဤသို့ ဖြစ်သည်။ မိမိသားယောကျ်ားလေး အသက် လေးနှစ်ခွဲ၊ ငါးနှစ် ရောက်ပြီဆိုတာနဲ့ ရွာဦးကျောင်းဆရာတော်ထံမှာ အပ်ရတော့ မည်ကို မိဘတိုင်း နားလည်နေကြသည်။ ကျောင်းအပ်မည့်နေ့မှာ ငါးဟင်းကောင်းကောင်းဖြင့် ဆွမ်းတစ်ပွဲချက်ရသည်။ ကလေးကို အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်ပြီး မိဘတို့က ဆွမ်းအုပ်ကို ရွက်ကာ ကျောင်းသို့ လာရသည်။ ကျောင်းသို့ ရောက်လျှင် ဘုရား ကျောင်းက ဘုရားဆင်းတုတော်နှင့် ဆရာတော်ကို ရိုသေစွာ ကန်တော့ပြီး သင့်တော်သော နေရာတွင် နေရာယူ ထိုင်နေရ သည်။ ထိုအချိန် ဆရာတော်က အရင်ဦးစွာ ”ဒကာကြီး၊ သားကို ကျောင်းအပ်မလို့လား”ဟု စတင်မိန့်ကြားပါသည်။ ဒကာက”ဟုတ်ပါတယ် ဘုရား၊ တပည့်တော်သားကို ကျောင်းအပ်မလို့ပါ ဘုရား၊ မလိမ်မာရင် ရိုက်ပြီး ဆုံးမပါ ဘုရား၊ အိမ်မှာ တော်တော် ဆော့ပါတယ် ဘုရား”စသဖြင့် ဖခင်က ပြောလိုက်ရာ ဆရာတော် က ကျောင်းသားဘက်သို့ လှည့်ပြီး ”မင်းနာမည် ဘယ်လိုခေါ်လဲ ကွ”ဟု မေးလိုက်ပါသည်။ ကျောင်းသားက မဆိုင်းမတွ ”မောင် ဆန်းလင်းပါ”ဘုရားဟု ပြန်လျှောက်ပါသည်။ ထိုအခါ ဆရာ တော်က ”အေး…မင်း ဒီနေ့က စပြီး ကျောင်းသားဖြစ်သွားပြီ၊ အိမ်မှာလို ဆော့ချင်တိုင်း မဆော့ရဘူး၊ ကျောင်းမှာနေရင် စာ ကျက်ရမယ်၊ ကျောင်းစည်းကမ်းတွေ လိုက်နာရမယ်၊ ကြားလား” ဟု အမိန့်ရှိပြန်ပါသည်။ ကျောင်းသားက ”မှန်ပါဘုရား”ဟု ပြန် လျှောက်ရသည်။ ထိုအခါ ဆရာတော်က ကျောင်းသားကြီးတစ် ဦးဦးကို ခေါ်ကာ ”ဒီကလေးကို သင့်တော်သလို နေရာချပေးလိုက် ကွာ”ဟု အမိန့်ပေးလိုက်ပါသည်။ မိဘများကလည်း ဆရာတော် ကို ဦးချကာ ရွာသို့ ပြန်သွားကြလေသည်။
ကျောင်းသားများမှာ ဘုန်းကြီးကျောင်းသို့ ရောက်လျှင် နာမည်သစ်များကို ရရှိတတ်သည်။ အိမ်က မိဘက ‘ကောင်းစည် သူ’ဟု အမည်ပေးလိုက်စေကာမူ မျက်လုံးကျယ်သူကို ‘မျက်ပြူး’ ဟူ၍ လည်းကောင်း၊ သွားနှစ်ချောင်း အပြင် နည်းနည်း ထွက်နေ သူကို ‘သွားခေါ’ဟု လည်းကောင်း၊ ထုံထိုင်းနအသူကို ‘ငပျင်း’ဟု လည်းကောင်း အမည်သစ်တပ်ကြသည်။ တချို့မှာ မိခင်နို့ရည်နှင့် မဝသဖြင့် ဆိတ်နို့၊ နွားနို့တိုက်ကာ ကျွေးမွေးပြီး ကြီးပြင်းလာရသူ ကို ‘မောင်ဆိတ်’ဟူ၍ လည်းကောင်း၊ ‘နွားလှအောင်’ဟူ၍ လည်းကောင်း ဝိုင်းခေါ်ကြပါလေသည်။ အခေါ်ခံရသူများလည်း မိမိမူရင်းနာမည်ထက် ဘုန်းကြီးကျောင်းနာမည်ကိုသာ နားဝင်ပီ ယံ ဖြစ်လို့ နေပါတော့သည်။ မူလနာမည် ‘ကောင်းစည်သူ’မှာ မူ လတန်းကျောင်းခေါ်ကြိမ်စာရင်းတွင်သာ ကျန်ခဲ့ပြီး ဘုန်းကြီး ကျောင်းမှာ ‘နွားလှအောင်’ ဖြစ်နေပါတော့သည်။
ကျွန်တော်တို့ရွာမှ ကျောင်းသားများသည် ဘုန်းကြီး ကျောင်းသားများ ဖြစ်ကြသကဲ့သို့ ရွာမှာ မူလတန်းကျောင်း ရှိ ခြင်းကြောင့် မူလတန်းကျောင်းသားများလည်း ဖြစ်ကြသည်။ ကျောင်းသားနှစ်ထပ်ကွမ်းဟု ဆိုရပါမည်။ ဘုန်းကြီးကျောင်းမှာ နေပြီး မူလတန်းကျောင်းကို တက်ကြရသည်။ သူငယ်တန်းမှ စတုတ္ထတန်းအောင်သည်အထိ ဘုန်းကြီးကျောင်းမှာ နေကြ သည်။ တချို့ဆိုလျှင် စတုတ္ထတန်းအောင်ပြီး နောက်ထပ် တစ်နှစ် မှ နှစ်နှစ်ခန့်အထိ ဘုန်းကြီးကျောင်းမှာ ဆက်နေကြသည်။ ကျောင်းဖွင့်ရက်များတွင် နံနက်ပိုင်း ၉ နာရီလောက်တွင် မူလ တန်းကျောင်းကို တက်ကြရသည်။ ကျောင်းလူကြီး သုံး၊ လေးဦး မှာမူ ဆွမ်းဝေယျာဝစ္စများ ပြုလုပ်ရန် ဘုန်းကြီးကျောင်းမှာ ကျန် နေခဲ့ရသည်။ မိန်းကလေးများက ရွာထဲမှ လာပြီး မူလတန်း ကျောင်းကို တက်ကြရသည်။ နံနက် ၁၁ နာရီလောက်တွင် ဆရာ တော် ဆွမ်းစားပြီးချိန် မူလတန်းကျောင်းကို ကျောင်းဆင်းပေးရ သည်။ ဘုန်းကြီးကျောင်းသားများ နေ့လယ်စာစားချိန် ဖြစ်သည်။
ဘုန်းတော်ကြီးကျောင်း၏ တစ်နေ့တာလုပ်ငန်းမှာ နံနက် စောစော အိပ်ရာမှ ထကြရသည်။ အိပ်ရာများကို စနစ်တကျ ခေါက်သိမ်းရသည်။ ကျောင်းသားကြီးတစ်ဦးက နာရီထိုးတိုင်း တုံးမောင်းခေါက်ရသည်။ ကိုရင်တစ်ပါးနှင့် ကျောင်းသားကြီးတစ် ဦး တွဲပြီး ရေနွေးအိုး တည်ရသည်။ ကျန်ကျောင်းသားကြီးများနှင့် ကိုရင်များက ရွာမှ ပို့လာသော ဆွမ်းဟင်းများကို အာရုံဆွမ်း အတွက် စီစဉ်ရသည်။ ကိုရင်တစ်ပါးက ဘုရားဆွမ်းတော်ကပ်ရ သည်။ ကျန်ကျောင်းသားငယ်များကမူ သတ်မှတ်ထားသော နေရာများတွင် ငြိမ်သက်စွာ နေရသည်။ စကားမပြောရ၊ ချောင်း ဆိုးရင် အကျယ်ကြီးမဆိုးရ။ ဆရာတော်က ကျောင်းတိုင်တစ်တိုင် တွင် ကျောင်းသားတစ်ယောက်စီ နေရာချပေးထားသည်။ ကျောင်းတိုင်ကို ကျောကပ်ပြီး ငြိမ်ဝပ်စွာ နေကြရသည်။
ဆရာတော် ဆွမ်းစားပြီးချိန်တွင် ဆေးကြောရည်များကို အပြင်သို့ သွားရောက်လွှင့်ပစ်ရသည်။ ရေနွေးကြမ်းနှင့် အချိုပွဲ များ ကပ်ရသည်။ ဆရာတော်နှင့် ကိုရင်များ စားပြီးသောအခါ ကျောင်းသားများ ဝိုင်းဖွဲ့ ၍ ဆွမ်းထမင်းစားကြရသည်။ ကျောင်း သားများ စားသောက်ရန် ဟင်းဝိုင်းကို ကျောင်းသားကြီးများက စီစဉ်ရသည်။ ပြင်ဆင်ပြီးသောအခါ သံချောင်းခေါက်လိုက်သည်။ ကျောင်းသားများက မိမိတို့ ထမင်းပန်းကန်ကို ယူလျက် ဝိုင်းထဲ တွင် ဝင်စားရသည်။ ဆွမ်း၊ ထမင်းစားရာတွင် တိတ်ဆိတ်ငြိမ်သက် စွာ စားရသည်။ ပန်းကန်ခွက်ယောက်သံ မမြည်ရ၊ ထမင်းလုံး မဖိတ်မစဉ်ရ၊ ကြမ်းပြင်သို့ ထမင်းလုံးတစ်လုံးမျှ မကျအောင် စား ကြရသည်။ ဆွမ်းစားပြီးသောအခါ ကျောင်းပေါ် တစ်ဖွဲ့၊ ကျောင်း အောက်တစ်ဖွဲ့ သန့်ရှင်းရေး လုပ်ကြရသည်။ သန့်ရှင်းရေးကိစ္စပြီး လျှင် စာကျက်၊ စာအံရသည်။ နံနက် ၇ နာရီမှ ၈ နာရီအထိ စာ ကျက်၊ စာအံချိန် ဖြစ်သည်။
နံနက် ၈ နာရီတွင် ရေကန်မှ ရေခပ်ကြရသည်။ ရေအိုးငယ် များကိုယ်စီဖြင့် ကိုယ်တုံးလုံးချွတ်ကာ တန်းစီခပ်ကြသည်။ ကိုရင် နှင့် ကျောင်းသားကြီးတို့က သံပုံးကြီးဖြင့် နှစ်ယောက်ထမ်းကြ သည်။ နံနက် ၉ နာရီတွင် ရွာထဲသို့ ဆွမ်းခံသွားကြရသည်။ ဆွမ်းခံ ထွက်ရာတွင် ရှေ့ဆုံးမှ ကြေးစည်တီးသူ တစ်ယောက်၊ ထမင်းရွက် သူ တစ်ယောက်နှင့် ဆွမ်းဟင်းခွက်များကို ထမ်းပိုးဖြင့် ရှေ့နောက် နှစ်ယောက် ထမ်းရသည်။ ရွာတစ်ပတ်ပြည့်အောင် ဆွမ်းခံရ သည်။ ဆွမ်းခံရာတွင် ကြေးစည်ကို တရစပ် ထုထားရသည်။ နံ နက် ၉ နာရီခွဲလောက်တွင် ကျောင်းလူကြီး သုံး၊ လေးဦးက ကျောင်းတွင် ကျန်ခဲ့ရပြီး ကျန်ကျောင်းသားများမှာ မူလတန်း ကျောင်းသို့ တက်ကြရသည်။ ဤကိစ္စကို မူလတန်းကျောင်းအုပ် နှင့် ဆရာတော်တို့ ညှိနှိုင်းထားကြဟန် တူသည်။ ညနေလေးနာရီ ကျောင်းလွှတ်ချိန်တွင် ကစားကြရသည်။ ကစားပြီး ညနေပိုင်း ရေခပ်၊ ရေချိုးကြသည်။ ညနေ ငါးနာရီတွင် ရွာထဲသို့ ညနေစာ စားရန် ဆင်းကြသည်။ ညနေစာစားရန် မဆင်းမီ ဘုရားကန်တော့ ကြရသည်။ ဘုရားကန်တော့စာများကို ကျောင်းသားငယ်များ နှုတ်တိုက်မရမီ ကျောင်းသားကြီးတစ်ဦးက ရှေ့မှ တိုင်ပေးရသည်။ ညနေစာ စားပြီး ကျောင်းသို့ ပြန်လာအိပ်ရသည်။ ကျောင်းသို့ ပြန်ရောက်ကြောင်းကို ဆရာတော်ထံမှာ လျှောက်ရသည်။ ”တပည့်တော် မောင်ရွှေသိန်း ကျောင်းသို့ ပြန်ရောက်ပါပြီ ဘုရား”ဟု လျှောက်ရသည်။
တစ်ခါတစ်ရံ ကျောင်းတွင် ရေနွေးအိုးတည်ရန် အိမ်မှ ထင်းချောင်းတစ်ချောင်းစီ ယူလာကြရမည်ဟု အမိန့်ထုတ်ပြန် ထားချိန်မျိုးတွင် ”တပည့်တော် မောင်ရွှေသိန်း ကျောင်းသို့ ပြန် ရောက်ပါပြီ ဘုရား၊ ထင်းတစ်ချောင်းပါလာပါသည် ဘုရား”ဟု လျှောက်ရသည်။ တစ်ခါတစ်ရံ ကျောင်းသားကြီးများက ”မင်း ထင်းချောင်းက သေးလွန်းတယ်ကွ၊ စံချိန်မမီဘူး၊ နောက်နေ့ မင်း နှစ်ချောင်းယူလာရမည်”ဟု ရှောင်တခင် ဝင်စစ်တာမျိုးလည်း ရှိသည်။
ညနေမိုးချုပ်လျှင် ကိုရင်တို့က ဘုရားမီးထွန်းရသည်။ ကြေးစည်တီးရသည်။ ကျောင်းသားများ စာကျက်ရန် မှန်အိမ် များ ထွန်းရသည်။ ည ၇ နာရီမှ ၈ နာရီအထိ စာကျက်စာအံရ သည်။ စာကျက်ပြီး ဘုရားဝတ်တက်ကာ ညအိပ်ရာဝင်ကြသည်။ ကျောင်းသားများ တန်းစီ အိပ်ကြသည်။ အဖိတ်နေ့ နေ့လယ်ပိုင်း တွင် ရွာထဲသို့ ဆွမ်းဆန်အလှူခံ ထွက်ရသည်။ ရွာထဲသို့ ကျောင်း သားအစုလိုက်အပြုံလိုက် ဆင်းကြသည်။ တစ်ဦးက ကြေးစည်ကို ညောင်ညောင်ပါအောင် တီးသည်။ ကျန်ကျောင်းသားများက အိမ်တိုင်းကို ဝင်ပြီး ”ပိုက်ဆံနိုင်နိုင်၊ ဆန်နိုင်နိုင်၊ တတ်နိုင်သမျှ လှူကြပါဗျု့ိ”ဟု ပြိုင်တူအော်လိုက်ကြသည်။ ရွာသူရွာသားများ က ဆန်ကို လောင်းလှူကြသည်။ တစ်အိမ်မှ အနည်းဆုံး နို့ဆီတစ် ဘူး လောင်းလှူလေ့ရှိသည်။ ရရှိလာသော ဆန်များကို သိုလှောင် ထားပြီး များလာပါက ရောင်းပစ်ပါသည်။ ဆန်ရောင်းရငွေဖြင့် ရေနံဆီ ဝယ်ရသည်။ ဝါတွင်းကာလ ဥပုသ်နေ့မျိုးတွင် မီးပုံပျံ လွှတ်တင်ရန် စက္ကူဝယ်ကြသည်။ ဥပုသ်နေ့တွင်ကား စာကျက် စာအံ မလုပ်ရပေ။ လွတ်လပ်စွာ နားကြရပါသည်။
ဘုန်းကြီးကျောင်းတွင် စာကျက်စာအံကြရသည်မှာ ပျော် စရာကောင်းလှပါသည်။ လွတ်လပ်မှုရှိပါသည်။ ကိုယ်နှစ်သက်ရာ ဘာသာရပ်ကို ကျက်နိုင်သည်။ အသံကို အဓိကထားသော စနစ် ဖြစ်သည်။ အော်ကျယ်အော်ကျယ် အော်နိုင်ဖို့ အရေးကြီးသည်။ ကျောင်းသားများအချင်းချင်း တစ်ယောက်မျက်နှာကို တစ် ယောက်ကြည့်ပြီး နင်လား ငါလား အော်ကြပါတော့သည်။ စာ ကျက်၊ စာအံရာတွင် လူ့အခွင့်အရေး အပြည့်အဝ ရရှိကြသည်ဟု ဆိုနိုင်ပါသည်။ ဘယ်အပိုဒ်ကို ကျက်ပါ၊ ရပြီလား၊ လာစစ်ပါဟု မရှိပေ။ ဆရာတော်မှာလည်း ကိုရင်ဦးဇင်းများကို သဒ္ဒါ၊ သင်္ဂြိုဟ်၊ ပရိတ်ကြီးစာပေများကို ပို့ချသင်ကြားပေးနေရလေရာ ကျောင်း သားများကို ဂရုမပြုနိုင်ပေ။ ကျောင်းသားများမှာလည်း ထင်မိ ထင်ရာ အော်ကြပါသည်။ ကျောင်းသားတစ်ယောက်ဆိုလျှင် ကျောင်းရှေ့က စွန်ပလွန်ပင်ကို ကြည့်ပြီး ”စွန်ပလွန်၊ စွန်ပလွန်၊ စွန်ပလွန်”ဟု အော်ကျက်နေပါသည်။
ထိုကျောင်းသား နောင်တစ်ချိန်တွင် ရဟန်းဖြစ်သွားပါ သည်။ သူ့ကို ကျွန်တော်တို့က စွန်ပလွန်ဘုန်းကြီးဟု အမည်တပ် ကြပါတော့သည်။ စာကျက်ချိန် အပေါ့အပါးသွားလို၍ အောက်ကို ဆင်းလိုပါက တစ်ယောက်ချင်းသာ ဆင်းရန် အမိန့်ထုတ်ထားပါ သည်။ နှစ်ယောက်၊ သုံးယောက် စုပြုံ၍ မဆင်းရပေ။ ဆရာတော် တောင်ဝှေးတစ်ချောင်းကို အပြင်ထွက်ခွင့် လက်မှတ် (Outpass Ticket) အဖြစ် သတ်မှတ်ပေးထားပါသည်။ အောက်သို့ ဆင်းလို သူသည် ထိုတောင်ဝှေးတုတ်ချောင်းကို ကိုင်ပြီး ဆင်းရသည်။ ထို တောင်ဝှေးသည် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်နေပါသည်။ တစ်ယောက်ဆင်းသွားလို့ ပြန်မတက်လာသေး၊ နောက်တစ် ယောက်က လက်ကမ်းကြိုဆိုနေပါသည်။ ထိုတောင်ဝှေးမှာ နားရ သည်ပင် မရှိ၊ လက်မလည်နိုင်အောင် ရှိသည်။ တစ်ယောက် မဟုတ် တစ်ယောက် အမြဲတမ်း လက်က မချချင်လောက်အောင် စွဲလမ်းနှစ်ခြိုက်ခဲ့ရသော တောင်ဝှေး ဖြစ်လို့နေပါသည်။ တစ်ခါ တစ်ရံ စာကျက်သောအချိန်တွင် အာဂန္တုဘုန်းကြီးတစ်ပါးပါး ရောက်လာပါက ဆရာတော်က ကြိမ်လုံးနှင့် ကြမ်းပြင်ကို ဗြန်းခနဲ ရိုက်လိုက်ပါသည်။ စာကျက်ချိန် ရပ်တန့်ရန် အမိန့်ပေးလိုက်ခြင်း ဖြစ်သည်။ ကျောင်းသားများအားလုံးသည် အာဂ္တနုဘုန်းကြီးကို အပြုံးမျက်နှာဖြင့် ကြိုဆိုနေကြပါသည်။ အကြောင်းမှာ စာဖတ် ချိန်ကို စောစောစီးစီး ရပ်တန့်လိုက်ရသောကြောင့် ဖြစ်ပါသည်။
မိမိတို့ ကျောင်းဆရာတော် တခြားကျေးရွာတစ်ရွာသို့ ကိစ္စဖြင့် သွားပါက ဘုန်းကြီးနောက်က ကျောင်းသားနှစ်ယောက် မှ သုံးယောက်အထိ လိုက်ပါကြရသည်။ တစ်ယောက်က ထီးကို ထမ်းရသည်၊ တစ်ယောက်က လွယ်အိတ်ကို ထမ်းရသည်။ တစ်ခါ တစ်ရံ ရေဒီယိုကို ထမ်းရသည်။ တခြားရွာသို့ ရောက်ချိန် ရေဒီယို ခလုတ်ကို ဖွင့်ပြတတ်သော ကျောင်းသားမှာ အလွန်ပင် မျက်နှာ ပန်းလှပါသည်။ ”ဘယ်ဘုန်းကြီး တပည့် ရေဒီယိုဖွင့်တတ်တယ်” ဆိုတဲ့ ဂုဏ်သတင်းမှာ ပျံ့နှံ့ကျော်ဇောသွားပါတော့သည်။ ဆရာ တော် တခြားကျေးရွာများသို့ ကြွချိန်ဝယ် လိမ္မာပါးနပ်သော ကျောင်းသားများကိုသာ ခေါ်လေ့ရှိသည်။ ထုံထိုင်းသူများကို ခေါ် လေ့မရှိပေ။ တချို့အလှူပွဲများမှာ ခမ်းနားကြီးကျယ်လှပေရာ ပွဲ တိုးဖို့ အရေးကြီးပါသည်။ ထုံထိုင်းနေသူများကို ခေါ်ပါက ဆရာ တော် မျက်နှာပျက်ရသည်။
ကျောင်းသားများ ဆရာတော်နောက်က အခြားကျေးရွာ သို့ လိုက်ပါရခြင်းမှာ ကောင်းသော အကျိုးကျေးဇူးများ ရရှိပါ သည်။ တခြားကျေးရွာသို့ ရောက်လျှင် ထိုကျေးရွာမှ ကျောင်း သားများနှင့် မိတ်ဆွေ ဖြစ်သွားကြသည်။ တခြားရွာမှ ကျောင်း သားမိဘများကလည်း ကိုယ့်သားသမီးချင်း ကိုယ်ချင်းစာပြီး နွေး နွေးထွေးထွေး ဆက်ဆံလေ့ရှိကြသည်။ ”သားက ဘယ်နှတန်း ရောက်ပြီလဲ၊ ညီအစ်ကိုမောင်နှမ ဘယ်လောက်ရှိလဲ” ဟု မေး ခွန်းတွေလည်း မေးတတ်ကြသည်။ စကားစမြည်ပြောရန် တဖြည်းဖြည်း ရဲရဲဝံ့ဝံ့ရှိလာသည်။ လူတောသူတောလည်း ဝင်ရဲ လာသည်။ ကျေးရွာအများအပြား ရောက်ဖူးလေလေ ဗဟုသုတ အမျိုးမျိုး တိုးလေလေဖြစ်ပါသည်။ တချို့ဆိုလျှင် ကျောင်းနေဖက် သူငယ်ချင်းဟု ဆိုကာ နောင်ကြီးပြင်းလာချိန်အထိ မိတ်ဆွေဖြစ် သွားကြသည်။
ဘုန်းကြီးကျောင်းကား ကျွန်တော်တို့ ကျောင်းသားများ အတွက် အားကစားရုံကြီးသဖွယ်လည်း ဖြစ်ပါသည်။ ကျောင်း သားဦးရေ အယောက် ၃ဝ ခန့် အမြဲရှိနေသဖြင့် ကစားနည်းမျိုးစုံ ကစားနိုင်သည်။ ဘောလုံးကန်ကြမလား၊ ထုတ်ဆီးတိုးကြမလား၊ ဒိုးပစ်တမ်း ကစားကြမလား ကစားနည်းမျိုးစုံ ကစားနိုင်သည်။ မိန်းကလေးများ ကစားလေ့ရှိသော ဖန်ခုံတမ်းကစားနည်း၊ ကြက် ခွပ်တန်းကစားနည်းများကိုလည်း ယောကျ်ားလေးအချင်းချင်း ကစားလေ့ရှိကြသည်။
ဘယ်ကစားနည်းပဲ ဖြစ်ဖြစ် ကစားကြပြီဆိုရင် ချွေးသီး ချွေးပေါက်ကျအောင်အထိ ကစားကြပါသည်။ ပေါ့ပေါ့ပျက်ပျက် မလုပ်ကြပေ။ ကစားနည်းအပေါ်မှာ စိတ်အာရုံကို နှစ်လျက် စိတ် ပါလက်ပါ ကစားလေ့ရှိကြသည်။ ဘောလုံးကန်တမ်း ကစားတယ် ဆိုပေမယ့် တကယ်ဘောလုံးအစစ်တော့ မဟုတ်။ ကျောင်းက သင်္ကန်းစုတ်များကို လုံးထွေးထားခြင်းသာ ဖြစ်သည်။ ကျွန်တော် တို့သည် ကျောင်းသားဘဝတစ်လျှောက်လုံး စတုတ္ထတန်းတွင် ဘောလုံးအစစ်ကို တစ်ကြိမ်သာ ကန်ခွင့်ကြုံခဲ့ပါသည်။ ကျန် အချိန်များတွင် ဘောလုံးအတုများနှင့်သာ ကန်ကြရပါသည်။ မြင်းစီးတမ်းကစားရသည်မှာ အလွန်ပင် ပျော်စရာကောင်းလှ ပါသည်။
ကလိန်သီးပစ်တမ်းကစားလျှင် နိုင်သူက မြင်းစီးရသည်။ ကလိန်သီးမှာ လေးလက်မခန့်ရှိ သစ်သားကို ဂျင်ကဲ့သို့ သံမပါဘဲ ထိပ်တစ်ဖက်ကို ချွန်ထားခြင်းဖြစ်သည်။ ကလိန်သီးကို ကလိန်တံ ဖြင့် ရိုက်တမ်း ကစားရသည်။ ကလိန်တံမှာ နှစ်ပေလောက်ရှိသော တုတ်ချောင်း (လက်ရိုက်တံ)ဖြစ်သည်။ ရှေးဦးစွာ ကလိန်တံဖြင့် ကလိန်သီးကို အပေါ်မြှောက်တင်ပြီး တစ်နှစ်သုံးလေးငါးခြောက် ခုနစ် စသဖြင့် ရသမျှ ရေတွက်ရသည်။ ရေတွက်လို့ အများရသူက အရင်ကစားရသည်။ ကစားပုံမှာ ကလိန်သီးကို မြေပြင်မှာ ချ ထားပြီး အပေါ်သို့ အနည်းငယ် မြှောက်တက်လာအောင် အဖျား ကို ကလိန်တံဖြင့် ခေါက်လိုက်ရသည်။ အနည်းငယ်မြင့်တက်လာ ချိန်မှာ ကလိန်သီးကို ချိန်ရွယ်ပြီး ကလိန်တံဖြင့် ရိုက်လိုက်ရသည်။ ကလိန်သီး ပေနှစ်ဆယ်၊ သုံးဆယ်ရောက်သွားသည်။ ဒုတိယလူ က ပထမလူကဲ့သို့ ရိုက်ရသည်။ အဝေးရောက်သူက အနိုင်ရသည်။ ရှုံးသူက နိုင်သူကို ကျောမှာ ပိုးပြီး ကလိန်သီး ရောက်မှတ်နေရာ သို့ ပို့ပေးရသည်။ ၎င်းကို မြင်းစီးတမ်းကစားသည်ဟု ခေါ်သည်။ အပေါ်က မြင်းစီးရသူက အောင်နိုင်သူမျက်နှာဖြင့် မချိုမချဉ်ပြုံး ကာ နှုတ်ခမ်းမွေးကို နုတ်ဟန် လုပ်ပြလိုက်သေးသည်။ မြင်းအဖြစ် အစီးခံရသူမှာကား မချိပြုံးပြုံးကာ ငိုရမလိုလို မျက်နှာမျိုးဖြင့် ကုန်းပိုးကာ အခေါက်ခေါက် ပိုးကြရသည်။ ရှုံးသူမှိုင်လို့ နိုင်သူ ပြုံး ရသော ပွဲမျိုး ဖြစ်ရပါသည်။
ရွှံ့ရုပ်ကလေးလုပ်ပြီး ကစားရသည်မှာလည်း ပျော်စရာ ကောင်းလှပါသည်။ အထူးသဖြင့် နွားရုပ်နှင့် လယ်ထွန်ကိရိယာ များ လုပ်ကြသည်။ အမေမွေးကတည်းက ကျွဲနွားနှင့် လယ်ထွန် ကိရိယာကို အရင်ဆုံး မြင်တွေ့လာရသောကြောင့် ဖြစ်သည်။ နွား ရုပ်အချင်းချင်း နွားခတ်တမ်း ကစားကြသည်။ တချို့ နွားရုပ် ကျိုး ပဲ့သွားသဖြင့် ငိုကြရပြန်သည်။ ကစားရင်းက တစ်ဖက်နှင့် တစ် ဖက် ပြဿ နာတက်လာချိန်တွင် ကျောင်းလူကြီးများက ကြားဝင် ဖြေရှင်းပေးကြရသည်။ ရွှံ့စေးဖြင့် ရေဒီယိုလုပ်ရသော အလုပ်မှာ စိတ်ဝင်စားစရာ ကောင်းလှပါသည်။ ရွှံ့စေးကို ရေဒီယိုပုံစံ လေး ထောင့်အရင်လုပ်ရသည်။ ရေဒီယိုဝမ်းခေါင်းထဲမှာ ‘ပိတုန်း ကောင်’ကို ဖမ်းကာ ထည့်ရသည်။ နားထောင်ရန် အပေါက်သေး သေးလေးတွေ ဖောက်ထားရသည်။ အထဲက ပိတုန်းက ဘေး ကျပ်နံကျပ် လှုပ်ရှားရုန်းကန်ရင်း ဆူညံနေသံမှာ ရေဒီယိုလှိုင်း မမိတမိပုံစံဖြစ်သည်။ ၎င်းကို နားတွင်ကပ်ပြီး ထောင်ရသည်။ ကျောင်းသားအချင်းချင်း တစ်ယောက်နားမှာ သွားကပ်လိုက်၊ နောက်တစ်ယောက်နား သွားကပ်လိုက် လုပ်ကြသည်။ ကိုယ့် ကိုယ်ကိုယ်လည်း တီထွင်သူ သိပ္ပံပညာရှင်ကြီးပမာ ဝမ်းသာကြ ရသည်။
ဝါတွင်းသုံးလ ဥပုသ်နေ့ညတိုင်း မီးပုံပျံ လွှတ်တင်ကြသည်။ မီးပုံပျံလုပ်ရန် ပထမ ရောင်စုံစက္ကူ ဝယ်ရသည်။ မီးပုံပျံကို ဦးဇင်း၊ ကိုရင်တို့က ဦးစီး ပြုလုပ်ကြသည်။ မီးပုံပျံ ပြုလုပ်ရာတွင် အသုံး ပြုသော ကော်သီးတစ်မျိုးကို ‘သနပ်သီး’ဟု ခေါ်သည်။ ရေငံ ချောင်းဘေးတွင် ပေါက်ရောက်သည်။ အသီးမှာ လက်ညှိုးဖျား လောက်ရှိပြီး မှည့်သောအခါ ပန်းရောင်ဖျော့ဖျော့ အရောင်ရှိ သည်။ အထဲ၌ အစေးမှာ အဖြူရောင်ပျစ်ချွဲချွဲဖြစ်သည်။ အလွန် ကောင်းသော ကော်တစ်မျိုး ဖြစ်သည်။ လေတံခွန်လုပ်ရာမှာ လည်း ထိုကော်သီးကို အသုံးပြုကြသည်။ မီးပုံးပျံပြုလုပ်ရာတွင် ဝိုင်းအုံကြည့်နေရတာကိုက တစ်မျိုး အဓိပ္ပာယ်ရှိနေသည်။ မီးပုံးပျံလွှတ်တင်ရာတွင် အသုံးပြုရန် သင်္ကန်းစုတ်များကို မီးခွေ၊ မီးကွင်း ပြုလုပ်ရသည်။ ၎င်းကို ရေနံစိမ်ရသည်။ နေပူလှန်းရသည်။ ရေနံများများ စိမ်၊ နေများများ လှန်းပါမှ မီးပုံးပျံအပေါ်ဆုံး အမြင့် တက်သည်ဟု နားလည်ကြသည်။ မီးပုံးပျံမျက်နှာဝတွင် မီးခွေ ကပ်ရန် ဝါးဖြင့် ပြုလုပ်ထားသော တိုင်ကို မဏ္ဍိုင်ဟု ခေါ်သည်။ ၎င်းမဏ္ဍိုင်တွင် ရေနံစိမ်ပြီး၊ နေလှန်းပြီး မီးခွေ သုံး၊ လေးခွေကို တပ်ဆင်ထားသည်။ အခြားတုတ်ချောင်းတစ်ချောင်းတွင် ရေနံ မီးခွေကို မီးစွဲပြီး ပထမ မှိုင်းသွင်းပေးရသည်။ အရှိန်ရလာသော အခါ မီးပုံးပျံလွှတ်တင်မည့် မီးပုံးသေးသေးလေးတွေကို ဖယောင်း တိုင်ထွန်းညှိပြီး ကျောင်းသားငယ်များက ခပ်ရွရွကိုင်ပေးကြရ သည်။ လွှတ်တင်ရန် အချက်ပေးလိုက်သောအခါ အားလုံး သတိ ထားကြပြီး လွှတ်တင်ကြတော့သည်။ ကလေးငယ်အားလုံး ဝိုင်း အော်ကြတော့သည်။ လက်ခုပ်တီးကြသည်။ အသံကုန်အော်ကြ သည်။ ကျောင်းသားများ၏ သံပြိုင်အော်သံမှာ အထက်ဘဝဂ်တိုင် အောင် ပျံ့နှံ့နေပါတော့သည်။ ဥပုသ်နေ့ည မီးပုံပျံ လွှတ်တင်ခြင်း ဓလေ့မှာ ရွာတိုင်းလိုလိုဖြစ်သည်။ ဟိုဘက်ရွာက တက်လာလိုက်၊ ဒီဘက်ရွာက တက်လာလိုက်နှင့် ကောင်းကင်တွင် မီးပုံးပျံများ လွင့်ပျံနေကြသည်။ ယခုအခါ မီးပုံးပျံလွှတ်တင်ခြင်း ဓလေ့ ပျောက်ကွယ်နေပါပြီ။ သီတင်းကျွတ် ဥပုသ်နေ့မှာပင် မတွေ့ရ သလောက် ရှားပါးနေပြီ။ စာရေးသူတို့ ငယ်စဉ်က သီတင်းကျွတ် လပြည့်နေ့ဆိုရင် မီးပုံပျံနှစ်လုံး၊ သုံးလုံး လွှတ်တင်ကြသည်။
မီးပုံးပျံ လွှတ်တင်ကြသကဲ့သို့ စွန်လွှတ်ခြင်းအလုပ်မှာ လည်း ကျောင်းသားများအဖို့ ပျော်ရွှင်စရာကိစ္စတစ်ခု ဖြစ်သည်။ စွန်များကို ကိုယ်တိုင်ပြုလုပ်ကြသည်။ သီတင်းကျွတ်လမတိုင်မီ တော်သလင်းလလောက်တွင် စွန်လွှတ်ကြရသည်။ မိုးနှောင်းပိုင်း ရောက်လာပြီဖြစ်သဖြင့် ရာသီဥတု အတော်အသင့် သာယာလာ ပြီ ဖြစ်သည်။ ကျောင်းသားကိုရင်များမှာ ရွာဦးစေတီတောင်ပေါ် မှ နေကာ စွန်လွှတ်ကြရသည်။ တစ်စွန်နှင့် တစ်စွန် တိုက်ခိုက်ကြ သည်။ ပြတ်သွားသော စွန်များကို လယ်ကွင်းထဲအရောက် လိုက် ကြရသည်မှာ ပျော်စရာတစ်မျိုး ဖြစ်ပါသည်။ ဘုန်းကြီးကျောင်း သားဘဝသည် ပျော်ရွှင်စရာပေါများသော ဘဝ ဖြစ်သကဲ့သို့ အခြားတစ်ဖက်မှာ ပြစ်ဒဏ်ပေးခံရသဖြင့် ငိုရသော ရက်များ လည်း မနည်းပါပေ။ ဘုန်းကြီးကျောင်းဝန်းကျင်သည် အတိုင် အတော အင်မတန် များသည်။ ကျောင်းသားအချင်းချင်း မနာလို ဝန်တိုစိတ် မရှိကြစေကာမူ တစ်ယောက်ယောက် ပြစ်ဒဏ်ပေးခံ ရသည်ကို ဝိုင်းကြည့်ချင်ကြသည်။ ထို့ကြောင့်လည်း တစ်ယောက် ကို တစ်ယောက် အပြစ်ဒဏ်ကျခံရစေရန် ဆရာတော်ထံမှာ လက်ဦးမှုရယူကာ သွားတိုင်လေ့ရှိကြသည်။
စာရေးသူငယ်စဉ်က ဘုန်းကြီးကျောင်းတိုင်ပေါ်တွင် မြေ ဖြူခဲဖြင့် လက်မှတ်ရေးထိုးလိုက်ပါသည်။ ဆရာတော် ဆွမ်းစား နေချိန်ဖြစ်သည်။ မည်သူက သွားတိုင်လိုက်သည် မသိ၊ ဆရာ တော်က စာရေးသူကို ခေါ်ကာ မေးပါတော့သည်။ လက်မှတ်ထိုး ထားခြင်းမှာ တိုင်ပေါ်တွင် ထင်ထင်ရှားရှား မြင်သာထင်သာရှိ သဖြင့် ဤအမှုမျိုးသည် ငြင်းလို့ရမည် မဟုတ်သောကြောင့် စာရေးသူလည်း လက်မှတ်ထိုးပါကြောင်း ဝန်ခံလိုက်ပါသည်။ ဆရာတော်က ထိုင်ထအချက်တစ်ရာလုပ်ရန် ပြစ်ဒဏ်ပေးပါ သည်။ ထိုအချိန်တွင် စာရေးသူရဲ့ ခန္ဓာကိုယ်မှာ မီးပုံးငယ်တစ်ပုံး ကို ကြိုးဖြင့် လွယ်ထားပါသည်။ စာရေးသူလည်း မီးပုံးငယ်ကို ချွတ်မနေတော့ဘဲ နားရွက်နှစ်ဖက်ကို လက်နှင့် ဆွဲကာ ထိုင်ထ လုပ်ပါသည်။ ထိုင်လိုက်ရင် မီးပုံငယ်လေးက ပိသွားပါသည်။ ထ လိုက်ပြန်ရင် မီးပုံးငယ်လေးမှာ ဆန့်ထွက်ပြန်သည်။ အသံက တကျွီကျွီမြည်နေပါသည်။ ကျန်ကျောင်းသားများက စာရေးသူ အား ဝိုင်းအုံကြည့်နေကြသည်။ ထိုင်ထအချက်တစ်ရာ မပြည့်မီ စာရေးသူလည်း ရှက်ရှက်ဖြင့် ငိုချလိုက်ပါတော့သည်။
ပြစ်ဒဏ်ပေးသော ဘုန်းကြီးကို မုန်းတီးကြောက်ရွံ့စိတ်များ ဖြစ်ပေါ်မိသော်လည်း ညဘက်ကျရင် ဆရာတော်ကို အညောင်း ပြေ နှိပ်နယ် ထုထောင်းပေးကြရသည်။ နှိပ်နယ်ထုထောင်းရင်းက ဆရာတော်က ”မင်းတို့ကို ဘောလုံးဝယ်ပေးမယ်”ဆိုလို့ အပျော် ကြီး ပျော်ကြရသေးသည်။ တစ်ခါတစ်ရံမှာ နှိပ်နယ်ရင်းက ဆရာ တော်အိပ်ပျော်သွားလို့ စိတ်ပျက်ကြရသည်။ ဆရာတော်ကို နာ ကျင်သွားအောင် တအားကုန် ဝိုင်းထုကြမှ အိပ်ရာမှ လန့်နိုးကာ ”ကဲ…ကဲ…တန်ကြတော့”ဆိုလို့ တော်ပါသေးသည်။
ကျွနု်ပ်တို့ရွာမှ ကျောင်းသားများမှာ စတုတ္ထတန်းအောင် သည်အထိ ဘုန်းကြီးကျောင်းတွင် အချိန်ပြည့်နေကြသည်။ တချို့ မှာ စတုတ္ထတန်းအောင်ပြီး နောက်ထပ် တစ်နှစ်၊ နှစ်နှစ် ဆက်နေ ကြသည်။ မြို့ကျောင်းကို ဆက်တက်နိုင်သူ အင်မတန်နည်းသည်။ ဘုန်းကြီးကျောင်းမှ ထွက်သည်နှင့် မိဘတို့ လယ်ယာအလုပ်ကို ဝင်ရောက်လုပ်ကိုင်ပေးကြရတော့သည်။ ဘုန်းကြီးကျောင်းမှ ထွက်ပြီဆိုလျှင် ကျောင်းပြီးသွားပြီဟု မှတ်ယူနိုင်သည်။ ကျောင်း ပြီးလျှင် အလုပ်က မရှား။ နွားကျောင်းမလား၊ လယ်ထွန်မလား၊ ထင်းခွေမလား၊ ငါးဖမ်းမလား အလုပ်တွေ ပေါလှသည်။ ဒီလိုနှင့် ပျော်ရွှင်စရာ လူငယ်ဘဝကို စွန့်လွှတ်ပြီး မိဘများနှင့်အတူ လုပ် ငန်းခွင်သို့ ဝင်ကြရတော့သည်။ စာရေးသူအား စတုတ္ထတန်း အောင်ပြီး လယ်ယာလုပ်ငန်းထဲတွင် ဖခင်က စမ်းသပ်လုပ်ကိုင်စေ ခဲ့ရာ သဘောကျဟန်မရှိသဖြင့် မြို့ကျောင်းကို ပို့အပ်ခံလိုက်ရ သည်။ မြို့ကျောင်းမှ ဆယ်တန်းအောင်ကာ ဝန်ထမ်းဘဝ ရောက် သွားပါသည်။ ဝန်ထမ်းဘဝ၊ အိမ်ထောင်သည်ဘဝများကား ဘုန်း ကြီးကျောင်းသားဘဝကဲ့သို့ ပျော်စရာမကောင်းတော့ပါ။ စာရေး သူအား သင့်ဘဝ၏ ပျော်ရွှင်စရာဘဝကို ပြောပါဆိုလျှင် ဘုန်းကြီး ကျောင်းသားဘဝကို ညွှန်းဆိုရပါလိမ့်မည်။
ဘုန်းကြီးကျောင်းနေခြင်းကြောင့် ရရှိသော အကျိုးကျေး ဇူးများမှာ ကျောင်းမှာဖြစ်စေ၊ အိမ်မှာဖြစ်စေ ကိုယ်နဲ့ သင့်လျော် လျောက်ပတ်သော နေရာမှာ စနစ်တကျ နေထိုင်တတ်ခြင်း၊ ကြမ်းပေါ်မှာ ခြေသံမကြားအောင် လမ်းလျှောက်တတ်ခြင်း၊ အဝတ်အစားများကို ကျစ်ကျစ်လျစ်လျစ် ဝတ်စားဆင်ယင်တတ် ခြင်း၊ ထမင်းစားရာတွင် ပန်းကန်သံ၊ ဇွန်းသံ မမြည်ရခြင်း၊ ထမင်း လုံး မဖိတ်မစဉ်ရခြင်း၊ အချိန်မှန်မှန် စာကျက်ခြင်း၊ အများနှင့် အဆင်ပြေအောင် ပြောဆိုတတ်ခြင်း၊ စားစရာများကို မျှဝေပေး ကမ်း စားတတ်ခြင်း၊ တစ်ကိုယ်ကောင်းမဆန်ခြင်း၊ စားကြွင်းစား ကျန်များကို သတ္တဝါများကို ဝေမျှ ကျွေးမွေးတတ်ခြင်း၊ ဘုရားရှိခိုး စာများ အလွတ်နှုတ်တိုက်ရခြင်း၊ အချိန်မှန်မှန် ဘုရားရှိခိုးတတ် ခြင်း၊ အမြတ်ဆုံးအကျင့်မှာ ရတနာသုံးပါးကို ယုံကြည်ကိုးကွယ် ဆည်းကပ်တတ်ခြင်းတို့ ဖြစ်ပါသည်။
ဘုန်းကြီးကျောင်းသားဘဝက ထွက်လိုက်ပြီဆိုတာနဲ့ ပျော် ရွှင်စရာများ တစ်စစ ပျောက်ကွယ်လာရတော့သည်။ ကျွန်တော် တို့ မြို့ကျောင်းတက်သူတွေကတော့ စာကျက်ရုံပဲ ရှိသည်။ ရွာမှာ ကျန်ခဲ့သော သူငယ်ချင်းများက လယ်တောမှာ ရုန်းကန်ကြရ သည်။ လူပျိုပေါက်ဘဝ၊ အိမ်ထောင်သည်ဘဝ တဖြည်းဖြည်း ရောက်လာလေလေ ပျော်စရာတွေနဲ့ ဝေးလေလေ ဖြစ်လာတော့ သည်။ ဒီအထဲ စားဝတ်နေရေး အဆင်ပြေသူ တော်သေးသည်။ အဆင်မပြေသူက ဘဝကို ခက်ခဲကြမ်းတမ်းစွာ ရုန်းကန်ကြရ သည်။ ဒီ ကြားထဲမှာ မိုးအဆက်မပြတ်ရွာသွန်းလို့ မြစ်ရေလျှံခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ စိုက်ဧကများ ပျက်စီးခြင်း၊ မိသားစုဝင် အချို့ အသက်ဘေးနှင့် ရင်ဆိုင်တွေ့ကြုံရခြင်း စသော အန္တရာယ် တို့နှင့် တွေ့ကြုံကြရပြန်သည်။ နာဂစ်လို မုန်တိုင်းကြီးများနှင့် ရင်ဆိုင်ကြရပြန်သည်။ အသက်အရွယ်ရလာလို့ နိုင်ငံသားတစ် ယောက် ဖြစ်လာသည်နှင့်အမျှ နိုင်ငံ့အရေးကိစ္စများ မကြားချင် အဆုံး ကြားနေရပြန်သည်။ ငြိမ်းချမ်းရေးကိစ္စ၊ အပစ်အခတ်ရပ်စဲ ရေးကိစ္စ၊ ရွေးကောက်ပွဲကိစ္စ၊ ကော်မရှင်ကိစ္စ၊ မဲစာရင်းကိစ္စ၊ ပုဂ္ဂလိကဘဏ်ကိစ္စ၊ သမ္မတဖြစ်ရေး၊ မဖြစ်ရေး ကိစ္စ၊ မီဒီယာကိစ္စ၊ ကိစ္စများမြောင် လူတို့ဘောင် ကိုယ်နှင့်ဆိုင်သည် ဖြစ်စေ၊ မဆိုင် သည်ဖြစ်စေ ကြားနေရ၊ မြင်နေရ၊ သိနေရတော့သည်။
ငယ်စဉ်ဘဝတုန်းက ”သားသားကြီးလာရင် ဘာလုပ် မယ်” ဟု လူကြီးတွေ မေးခဲ့စဉ်က ”အင်ဂျင်နီယာလုပ်မယ်၊ စစ် ဗိုလ်ကြီးလုပ်မယ်၊ ဆရာဝန်လုပ်မယ်”ဟု ဖြေဆိုခဲ့ကြ၊ စိတ်ကူး ယဉ်အိပ်မက်တွေ မက်ကြပြီး တကယ့်ဆရာဝန်၊ အင်ဂျင်နီယာ၊ စစ်ဗိုလ်ကြီးတွေ ဖြစ်လာကြတော့ ဘုန်းကြီးကျောင်းသားဘဝ လောက် ပျော်ရွှင်စရာမရှိတာကို တွေ့လာကြရသည်။ ဘုန်းကြီး ကျောင်းသားဘဝကား ပျော်ရွှင်စရာ အကောင်းဆုံးဘဝဖြစ် သည်။ အပူအပင်ကင်းမဲ့သော ငယ်စဉ်က ဘုန်းကြီးကျောင်းသား ဘဝကို ပြန်လည်တမ်းတမိပါသည်။

