ခိုင်သည် ခံ့သည် လှပသည်

Illustration – THIHA 2017

ဇွန်လရဲ့ မိုးရေစက်တွေနဲ့အတူ အခြေခံပညာကျောင်းတွေရဲ့ ကျောင်းဖွင့်ရာသီ ရောက်လာပါပြီ။ ကျောင်းဝတ်စုံ သစ်သစ်လွင်လွင် ဝတ်ဆင်ထားတဲ့ ကျောင်းသူ၊ ကျောင်းသားတွေရဲ့ မျက်နှာတွေက နှင်းရည်ဖျန်းတဲ့ ရောင်စုံပန်းခင်းကြီးနဲ့ တူတယ်။ ကလေးငယ်တွေ အများစုက ရောင်စုံကျောပိုးအိတ်တွေထဲမှာ အနာဂတ်တွေ ကိုယ်စီသယ်ပြီး ကျောင်းတော်ကြီးဆီကို အားမာန်အပြည့်နဲ့ သွားနေကြတယ်။

ကျောင်းသားဘဝကို ဖြတ်သန်းဖူးကြသူတိုင်း ဒီလိုကျောင်းဖွင့်ရာသီရောက်ရင် ငယ်ဘဝတွေကို လွမ်းကြသူချည်းပဲ။ ကျွန်တော်လည်း စံပယ်တွေ လှိုင်လှိုင်ပွင့်ခဲ့တဲ့ ကျောင်းတော်သားဘဝကို လွမ်းတာပဲပေါ့။ ကျောင်းဖွင့်ရာသီ မရောက်ခင် နွေကျောင်းပိတ်ရက်တွေမှာကတည်းက ကျောင်းဖွင့်ကာလအတွက် ကြိုတင်ရင်ခုန်ခဲ့ကြတယ်။ အခုခေတ်ကလေးတွေကတော့ နွေကျောင်းပိတ်ရက် တစ်ပတ် ဆယ်ရက် နားပြီးတာနဲ့ ကျူရှင်ဆက်တက်ကြရတော့တာပါပဲ။

အင်္ကျီစတွေ ဝယ်ပြီး စက်ချုပ်ဆိုင်တွေ ပြေးကြတယ်။ မှတ်စုစာအုပ်ဟောင်းတွေထဲက ပိုလျှံနေတဲ့ စာရွက်လွတ်တွေ ဆုတ်ပြီး စာအုပ်ချုပ်ဆိုင်တွေမှာ ဓားစက်နဲ့ တိဖြတ်၊ စာအုပ်တွေ ချုပ်ခဲ့ကြတယ်။ ရေးပြီးသား မှတ်စုစာအုပ်တွေကတော့ ပိဿာချိန်နဲ့ ရောင်းပစ်လိုက်ကြတာပါပဲ။ ပိုလျှံဗလာစာရွက်တွေကို စုပြီး ချုပ်ထားတဲ့ စာအုပ်တွေက စာအုပ်ထူကြီးတွေ ဖြစ်ကုန်တယ်။ အဲဒီစာအုပ်တွေက သင်္ချာစာအုပ်လုပ်ဖို့ သိပ်ကောင်းတာပဲ။ သင်္ချာစာအုပ်တွေက ခပ်မြန်မြန် ကုန်လေ့ရှိတော့ သင်္ချာတွက်တဲ့ လေ့ကျင့်ခန်းစာအုပ်တွေက အထူကြီးတွေ ကိုင်ကြတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ သင်္ချာစာအုပ်ကို လယ်ဂျာ စာအုပ်ကြီးနဲ့ တွက်ခဲ့သူဖြစ်တယ်။

ကျွန်တော်တို့ခေတ်က ကျောင်းသူကျောင်းသားအများစု လေ့ကျင့်ခန်းစာအုပ်နဲ့ မှတ်စုစာအုပ်တွေကို အဖုံးလေးတွေ ကိုယ်တိုင်လုပ်ပြီး ရိုရိုသေသေ ကိုင်ခဲ့ကြတာ မှတ်မိတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မှတ်စုစာအုပ်တွေကို အဖုံးလေးတွေ ဖုံးပြီး ကိုင်ခဲ့တယ်။ စာအုပ်လေးတွေ အဖုံးနဲ့ ကိုင်တော့ သပ်သပ်ရပ်ရပ်လေးနဲ့ လှလှပပလေး ဖြစ်သွားတာပေါ့။ အလွယ်တကူလည်း မစုတ်ပြဲနိုင်တော့ဘူးလေ။ ပြက္ခဒိန်အဟောင်းတွေက စာအုပ်ဖုံးဖို့အတွက် အကောင်းဆုံးစက္ကူတွေပါပဲ။ ကျွန်တော့်စာအုပ်အဖုံးတွေမှာ ခိုင်ခင်ဦး၊ ဇင်မာဦး၊ တင့်တင့်ထွန်း စတဲ့ မြန်မာရုပ်ရှင်မင်းသမီးပုံတွေ ပါခဲ့သလို ဘရွတ်ခ်ရှီးလ်၊ ဖိုဘီကိတ်နဲ့ မိုမိုကို စတဲ့ နိုင်ငံခြားမင်းသမီးပုံတွေလည်း ပါတာပေါ့။ တစ်ခါတစ်ရံတော့ ပန်းရိုးမပြက္ခဒိန်အဟောင်းမှာ ပါတဲ့ ရောင်စုံသစ်ခွပန်းတွေက စာအုပ်အဖုံးအဖြစ် ပြောင်းလဲသွားတာလည်း ရှိတယ်။ ကျွန်တော်တို့အိမ်က ရွှေသွေးအပတ်စဉ်ယူတော့ မှတ်စုစာအုပ်တွေလည်း ရွှေသွေးအဖုံးတွေ ဖြစ်ခဲ့ဖူးတာပဲ။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကတော့ သူ့လေ့ကျင့်ခန်းစာအုပ်တွေကို သတင်းစာနဲ့သာ ဖုံးထားတတ်တယ်။ ဗိုလ်တထောင်၊ လုပ်သား၊ ကြေးမုံသတင်းစာတွေနဲ့ လေ့ကျင့်ခန်းစာအုပ်တွေ အဖုံးဖုံးတယ်။ တစ်ခါတစ်ရံတော့ နိုင်ငံခြားမဂ္ဂဇင်းအဟောင်းတွေနဲ့ ဖုံးတဲ့အခါ လည်း ရတှိ ယ။် ကျွန ်တော်ကိုယ်တိုင်လည်း စာအုပ်အဟောင်းရောင်း တဲ့ ဆိုင်တွေသွားပြီး တိုင်းမ်နဲ့နယူးစ်ဝိခ်မဂ္ဂဇင်း အဟောင်းတွေနဲ့ဖုံးခဲ့တာပါပဲ။ အဲဒီလို နိုင်ငံခြား မဂ္ဂဇင်းတွေ ဝယ်ရင် တွေ့တဲ့စာအုပ် ကောက်ဝယ်လာတာမဟုတ်ဘဲ အတွင်းစာမျက်နှာတွေ လှန်လှောကြည့်လိုက်သေးတာ။ ဘိုစာတွေ ဖတ်တတ်လို့တော့မဟုတ်ပါဘူး။ ရုပ်ပုံလှလှလေးတွေ များများပါတဲ့စာအုပ် ရွေးဝယ်လိုက်တာပဲ။ ရောင်စုံစာမျက်နှာတွေ များများပါတဲ့ မဂ္ဂဇင်းအဟောင်းတွေက ကျွန်တော် စာအုပ်ဖုံးဖို့အတွက် အကောင်းဆုံး စံကိုက်ပေတံပဲ။ ကောင်းဘွိုင်က မြင်းကြီး စီးပြီး ကြိုးကွင်းကို ဟန်ပါပါ ကိုင်ထားတဲ့ မာလ်ဘိုရိုစီးကရက်ကြော်ငြာက နိုင်ငံခြားမဂ္ဂဇင်း တွေရဲ့အတွင်းနောက်ကျောဖုံးမှာ အမြဲပါတတ်တယ်။ မာလ်ဘိုရိုစီးကရက်နဲ့ အပြိုင်ကြော်ငြာတာက ငါးသုံးလုံးစီးကရက်ပါပဲ။ လပ်ကီးစထရိုက်စီးကရက်က ဟိုင်းဝေးလမ်းမကြီးတစ်နေရာမှာ ဟာလီဒေးဗစ်ဆန်ဆိုင်ကယ်ကြီးနဲ့ ဟန်ပါပါရပ်နေတဲ့ အမျိုးသားမော်ဒယ်လ်ကို အမြဲအသုံးပြုလေ့ရှိတယ်။

ဘိလပ်မြေအိတ်ခွံတွေကလည်း စာအုပ်အဖုံးလုပ်လို့ကောင်းတယ်။ စာရွက်သားထူထူနဲ့ ပြောင်စက္ကူတွေဆိုတော့ အဖုံးဖုံးရင် စာအုပ်လေးက တောင့်တောင့်တင်းတင်းဖြစ်သွားပြီး ကိုင်ချင့်စဖွယ်လေး ဖြစ်သွားတယ်။ ကျွန်တော်တို့တုန်းကတော့ ဘိလပ်မြေကလည်း မြင်းခေါင်းတံဆိပ်တစ်မျိုးတည်း ရှိတာ။တံခါးပိတ်စီးပွားရေးစနစ် ကျင့်သုံးချိန်ဆိုတော့ ပြည်ပကလည်း အဝင်မရှိဘူး။ အိမ်ဆောက်မယ်ဆိုရင် ကုန်သွယ်ရေးမှာ လျှောက်လွှာအဆင့်ဆင့်တင်ပြီး ခွဲတမ်းစနစ်နဲ့ ဘိလပ်မြေတွေ ဝင်နေပါပြီ။ ဒါပေမ့ဲ ဈေးကွက်မှာတော့ ထုံးစံအတိုင်း လိုသလောက် ဝယ်လို့ ရနေတယ်။ အခုတော့ ဘိလပ်မြေတွေလည်း ပြည်တွင်းမှာ ထုတ်နေသလို ပြည်ပကလည်း တံဆိပ်မျိုးစုံနဲ့ ဘိလပ်မြေတွေ ဝင်နေပါပြီ။ ဆန္ဒရှိရင် (ငွေကြေးလည်း ပြည့်စုံရင်) အမေရိကန်ထုတ် ဘိလပ်မြေလည်း အလွယ်တကူ ဝယ်လို့ရသလို ဥရောပနိုင်ငံတွေက ထုတ်တဲ့ ဘိလပ်မြေတွေလည်း အချိန်မဆိုင်းဘဲ ဝယ်ယူတင်သွင်းလို့ ရနေပါပြီကော။

ကျွန်တော်တို့ခေတ်မှာ ဘိလပ်မြေစက်ရုံက စုစုပေါင်းမှတစ်ရုံပဲရှိတော့ စက္ကူက ပေါပေါများများ မဟုတ်ဘူး။ ဈေးကွက်ထဲမှာ အကန့်အသတ်နဲ့ပဲ ရှိနေတယ်။ ပြင်ပရောက်လာတဲ့ ဘိလပ်မြေတွေ အသုံးပြုပြီး ကျန်ရှိတဲ့ ထုပ်ပိုးစက္ကူကို ခါချပြီး ပြန့်ပြန့်ပြူးပြူး ဖြစ်အောင် ခေါက်ပြီးမှ ဈေးကွက်ထဲမှာ ပြန်ရောင်းတာပါ။ ဘိလပ်မြေရှားပါးတဲ့ ခေတ်ဖြစ်တော့ အိတ်ခွံက ခါချတဲ့ အမှုန်အမွှား ဘိလပ်မြေသည်ပင် အဟောသိကံ မဖြစ်စေရဘူး။ စုဆောင်းပြီး ပြည်ခြင်နဲ့ ချိန်ပြီး ပြင်ပဈေးကွက်မှာ ပြန်ရောင်းချကြသေးတာကလား။ ဘိလပ်မြေစက္ကူဆိုတာ ဝါကြင်ကြင်အရောင်၊ စာရွက်သားက ခပ်ထူထူရယ်။

စာအုပ်ဖုံးပြီး ကိုင်ကြတယ်ဆိုတာ ကိုယ့်ပစ္စည်းကို ရိုရိုသေသေ ကိုင်တွယ်တဲ့ သဘောပါပဲ။ စာအုပ်ဖုံးတွေကို ကိုယ်တိုင်လုပ်ခဲ့ကြရတော့ လူတစ်ဦးချင်းစီရဲ့ ဖန်တီးမှုအနုပညာလည်း ပါတာပေါ့။ စာအုပ်ဖုံးတဲ့ကိစ္စက ငွေကုန်ကြေးကျ မများတဲ့အပြင် တီထွင်မှုလည်း ပါဝင်တယ်။ ကိုယ့်ပစ္စည်းကိုယ်တိုင် လုပ်ရမယ်ဆိုတဲ့ ကိုယ့်အားကိုယ်ကိုးစိတ်တွေလည်း ကိန်းအောင်းစေတယ်။ ကျွန်တော်ကတော့ ဒီနေ့ခေတ်ကလေးတွေ အစစအရာရာ ရယ်ဒီမိတ်တွေနဲ့ လူလားမြောက်လာရတဲ့ အခြေအနေကို မနှစ်မြို့နိုင်ဘူး။ တီထွင်ဖန်တီးနိုင်တဲ့ အလေ့အထတွေ ပါးလျလာတယ်လို့ ခံစားရတယ်။

မိတ်ဆွေတို့မှာ ကျောင်းတက်နေတဲ့ တူ၊ တူမတွေ၊ မောင်လေး၊ ညီမလေးတွေ ရှိနိုင်ပါတယ်။ သူတို့လေးတွေရဲ့ ဖန်တီးနိုင်စွမ်းအားတွေကို မြေတောင်မြှောက်ပေးတဲ့ အလေ့အထလေးတွေ ရှိစေချင်တယ်။ စာအုပ်အဖုံးဖုံးတဲ့ အလေ့အထ တစ်ခုတည်းမဟုတ်ပါဘူး။ အခြားအရေးအရာကိစ္စတွေမှာပါ သူတို့လေးတွေကိုယ်တိုင် ဖန်တီးနိုင်တဲ့သူ ဖြစ်စေချင်တယ်။ အရာရာကို ငွေကြေးတစ်ခုတည်း အားကိုးပြီး အလွယ်တကူ ဝယ်လို့ရနေတာပဲဆိုတဲ့ စိတ်နဲ့ မဖြေရှင်းစေချင်ဘူး။ ကိုယ်တိုင်ဖန်တီးမှုတွေက လေးစားတန်ဖိုးထားစရာ ကောင်းတဲ့အကြောင်း၊ တခြားသူတွေရဲ့ တီထွင်ဖန်တီးမှုတွေကိုလည်း အသိအမှတ်ပြုပေးဖို့လိုကြောင်း နားဝင်အောင် ပြောတဲ့သူတွေ ဖြစ်စေချင်တယ်။

အခုခေတ်ကလေးတွေကတော့ လေ့ကျင့်ခန်းစာအုပ်တွေ၊ မှတ်စုစာအုပ်တွေကို အဖုံးဖုံးပြီး မကိုင်ကြတော့ဘူး။ ဒီခေတ်မှာဆိုရင် စာအုပ်ဖုံးစရာ စာစောင်တွေက ကျွန်တော်တို့ခေတ်ထက်တောင် များသေးတယ်။ နေ့စဉ်ထုတ် အစိုးရသတင်းစာတွေ၊ ပုဂ္ဂလိကသတင်းစာတွေ၊ အပတ်စဉ်ထုတ် ဂျာနယ်တွေဆိုတာ ပေါမှ ပေါ။ လက်တစ်ကမ်းအကွာမှာတင် ရှိတယ်။ အပ်ပေပါ (Art Paper) နဲ့ ထုတ်နေတဲ့ ဂျာနယ်တွေလည်း အများကြီးပဲ။ ဝေါလ်ရှိတွေနဲ့ ဖုံးချင်သပဆိုလည်း အလကားရထားတဲ့ ကြော်ငြာဝေါလ်ရှိတွေနဲ့ စာအုပ်တွေ ဖုံးချင်ရင်လည်း ရပါတယ်။

လေ့ကျင့်ခန်းစာအုပ်တွေ၊ မှတ်စုစာအုပ်တွေကလည်း အဖုံးလှလှလေးတွေနဲ့ ဈေးကွက်မှာ အလွယ်တကူ ဝယ်လို့ရနေပြီလေ။ ဘောလုံးသမားပုံတွေနဲ့ ထုတ်ထားတဲ့ လေ့ကျင့်ခန်းစာအုပ်တွေရှိတယ်။ ကလေးငယ်တွေအတွက် ထုတ်ထားတဲ့ ပါဝါရိန်းဂျား၊ စပိုက်ဒါမင်းန်၊ ဝေါ့လ်ဒစ္စနေးလ်ကာတွန်းရုပ်ပုံအဖုံးတွေပါတဲ့ လေ့ကျင့်ခန်းစာအုပ်တွေလည်း ရှိတာပဲ။ ကျောင်းသူငယ်လေးတွေအတွက် ဘာဘီရုပ်၊ စင်ဒရဲလားရုပ် စတဲ့ ရုပ်ပုံတွေနဲ့ စာအုပ်အဖုံးလုပ်ထားတာတွေလည်း ရှိပါတယ်။ ထုံးစံအတိုင်း ကိုရီးယား မင်းသား၊ မင်းသမီးချောချောလှလှလေးတွေ ပါတဲ့ စာအုပ်ဈေးကွက်ထဲမှာ ပလူပျံနေတာပါပဲ။ ပြည်တွင်းက လုပ်ငန်းရှင်တွေက အမြင်ကျယ်ကျယ်နဲ့ ဈေးကွက်လိုအပ်ချက်ကို ရအောင် ဖြည့်ပေးကြတယ်။ စာရွက်သားတွေကလည်း ဖြူဖြူချောချောတွေချည်းပဲ။ စာရွက်တိုင်းရဲ့ အပေါ် ညာဘက်ထောင့်မှာ ရက်စွဲတပ်ဖို့ မျဉ်းတိုလေး ထည့်ပေးထားတဲ့အပြင် ဘေးမျဉ်းပါ တပ်ပေးထားလိုက်သေးတယ်။ ကျွန်တော်တို့တော့ ဘေးမျဉ်း ကိုယ့်ဘာသာ သားခဲ့ရတယ်။ ဘေးမျဉ်းအပေါ်ပိုင်းမှာ မျဉ်းစောင်းတိုလေး ဆွဲပြီး ရက်စွဲတပ်ခဲ့ကြရတယ်။ ဘေးမျဉ်းသားဖို့ ပျက်ကွက်ခဲ့ရင် ဆရာက လက်သီးဆုပ်ခိုင်းပြီး ဒပ်စတာ(ဘောဖျက်) နဲ့ ခေါက် အပြစ်ပေးတယ်။ ကျွန်တော်တို့ ဆရာမတစ်ယောက်ကတော့ ဘေးမျဉ်းမသားခဲ့ရင် အားကြီး စိတ်ဆိုးတာပဲ။ ဘေးမျဉ်းသားရတဲ့ ရည်ရွယ်ချက်တွေ စီကာပတ်ကုံး ပြောဆိုဆုံးမရှာတယ်။ ဘေးမျဉ်းဆိုတာ စည်းကမ်းရှိစေဖို့၊ စနစ်ကျစေဖို့ သေသပ်စေဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ သားခိုင်းတာ ဖြစ်တဲ့အကြောင်း၊ ယနေ့လူငယ် နောင်ဝယ်လူကြီးဆိုတဲ့ စကားပုံရှိကြောင်း၊ ငယ်စဉ်ကတည်းက စည်းကမ်းတွေကို လိုက်နာတဲ့ အလေ့အထ မရှိခဲ့ရင်နောင်တစ်ချိန်မှာ တိုင်းပြည်တာဝန် ပခုံးပြောင်းထမ်းမယ့် ကျောင်းသားလူငယ်တွေအနေနဲ့ ဘယ်လိုလုပ်မလဲဆိုပြီ ဆူတော့ငေါက်တော့တာပဲ။ ဆရာမကတော့ သူ့တပည့်တွေ လူလိမ္မာ လူယဉ်ကျေးတွေ ဖြစ်စေချင်တဲ့ စေတနာကောင်းနဲ့ ဆူပူကြိမ်းမောင်းခဲ့တာပါ။ ကျွန်တော်တို့ကလည်း ဆရာမ လစ်ရင် လစ်သလို ဘေးမျဉ်းသားဖို့ ပျက်ကွက်ခဲ့ကြတယ်။ အခုတော့ လေ့ကျင့်ခန်းစာအုပ်(ဗလာစာအုပ်မှန်သမျှ) ဘေးမျဉ်းသားရန် မလိုတော့ပြီ။ ခေတ်က အရန်သင့် ရယ်ဒီမိတ်ခေတ်၊ ကိုယ်တိုင် အားထုတ်စရာ မလိုတော့ဘူး။ အစစအရာရာ ခူးပြီးခပ်ပြီး အားလုံး အဆင်သင့်။ ကျွန်တော့်တူ၊ တူမတွေထဲမှာ အခြေခံပညာကျောင်းတက်နေကြသူတွေ ရှိတယ်။ သူတို့တွေရဲ့ ကျောင်းစာအုပ်တွေရော ကျူရှင်စာအုပ်တွေမှာပါ ခေတ်ကျောင်းသားတွေပီပီ ဘယ်သူမှ လေ့ကျင့်ခန်းစာအုပ်တွေကို စာအုပ်ဖုံးပြီး မကိုင်ကြတော့ဘူး။ ခေတ်ကလည်း မတောင်းဆိုတော့သလို သူတို့ကိုယ်တိုင်ကလည်း စာအုပ်တွေကို အဖုံးဖုံးပြီး ကိုင်ရကောင်းမှန်း မသိတာလည်း ပါတာပေါ့။

ကျွန်တော်ကတော့ ကျောင်းသူကျောင်းသားတိုင်း ကိုယ့်စာအုပ်ကို ကိုယ်တိုင်ဖုံးပြီး ကိုင်ကြတဲ့ ယဉ်ကျေးမှုလေး ထွန်းကားစေချင်တယ်။ ဒါဟာ လေ့ကျင့်ခန်းစာအုပ်လေးတွေကို ဖုံးတာပဲ။ ဘာများရေကြီးခွင်ကျယ် လုပ်စရာလိုလို့လဲလို့ သဘောမထားစေချင်ဘူး။ တီထွင်ဖန်တီးတဲ့ အလေ့အကျင့်ကောင်းတွေ ပျိုးထောင်နေတယ်လို့ ယူစေချင်တယ်။ တချို့ကိစ္စရပ်တွေက ကိုယ့်အားကိုယ်ကိုးစေချင်တဲ့ အလေ့အထကောင်းတွေလည်း စွဲမြဲစေချင်တယ်။ အလေ့အကျင့်များလာရင် အလေ့အထ ဖြစ်လာရမှာပဲ။ အလေ့အထ များပြီဆိုရင် အလေ့အထုံ ဖြစ်ပြီပေါ့။ လူပြောသူပြောများတဲ့ ပါရမီဆိုတာ အလေ့အထုံတွေ အဖန်တလဲလဲ ဖြစ်တည်ရာက ဖြစ်လာတာပါပဲ။

ကျွန်တော်ကတော့ မင်းလောင်းမျှော်ဝါဒလို့ ဆိုချင်ဆို၊ နောင်မျိုးဆက်တွေကို မျှော်လင့်ချင်တယ်။ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးယူတဲ့သူတွေ ဖြစ်စေချင်တယ်။ အဲဒီလို အလေ့အထကောင်းတွေ ဖြစ်စေချင်ရင် ငယ်စဉ်ကတည်းက နို့သက်ခံစို့ချင်တဲ့ အချောင်စိတ်ဓာတ်တွေ ဖျောက်ဖျက်ကြရမယ်။ ကိုယ်တိုင် ဖန်တီးယူတာတွေကို တန်ဖိုးထားတတ်အောင် လေ့ကျင့်ပေးကြရမယ်။ ရယ်ဒီမိတ်တွေရှိသည့်တိုင် ကိုယ့်တီထွင်ဖန်တီးမှုအပေါ် ကိုယ်တိုင်ကျေနပ်အားရသူတွေ ဖြစ်စေချင်တယ်။

ဒီတစ်ပတ် ကျောင်းပိတ်ရက်မှာ တူ၊ တူမတွေကို စာအုပ်ဖုံးပုံဖုံးနည်း သင်ကြားပြသပေးမယ်။ သူတို့ လေ့ကျင့်ခန်းစာအုပ်တွေ သူတို့ကိုယ်တိုင် အဖုံးဖုံးပြီး ရိုရိုသေသေ ကိုင်တွယ်စေမယ်။ သူတို့လေးတွေမှာ သင်ယူတတ်မြောက်ချင်စိတ်လေးတွေ ရှိတယ်ဆိုတာ ကျွန်တော် သိတာပေါ့။ ဘာပဲပြောပြော တီထွင်ဖန်တီးချင်တဲ့ အနုပညာချစ်မြတ်နိုးစိတ်လေး ကိန်းအောင်းသွားရင် အမြတ်ပဲ မဟုတ်လား။

၂၀၁၇-သြဂုတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၉)မှ အမေ့ခံ ဖြစ်ပါသည်။

မောင်ဥယျာဉ် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."