မွေးစားသား

 ကျွန်မဘဝတွင် ကျွန်မကိုချစ်သော၊ သားသမီးမရ နိုင်သော အဒေါ်နှစ်ယောက်ရှိခဲ့ဖူးသည်။ တစ် ယောက်က ကျွန်မတို့နှင့် သွေးသားမတော်စပ်။ သို့သော် ဆွေမျိုးအရင်းချာကဲ့သို့ ချစ်ခင်ရသည့် အဒေါ်ဖြစ်သည်။ နောက်တစ်ယောက်က ကျွန်မ နှင့် သွေးသားတော်စပ်သည့် အဒေါ်အရင်း ဖြစ်သည်။

ကျွန်မတို့မိသားစုနှင့် သွေးသားမတော်စပ်သည့် အဒေါ် သည် ငပလီကမ်းခြေရှိ ရွာကလေးတစ်ရွာတွင် နေထိုင်သည်။ သားသမီးမရသည့် သူသည် ကျွန်မကိုချစ်သည်။ လွန်စွာ အလို လိုက်သည်။ ကျွန်မ၏ အမေအား အစ်မအရင်းတစ်ယောက် သဖွယ် ချစ်ခင်လေသည်။

ထိုအဒေါ်နှင့် ပတ်သက်လာလျှင် ကျွန်မအမြဲမှတ်မိနေသည့် အရာတစ်ခုရှိသည်။ ရွှန်းရွှန်းမြမြ သာနေသော လရောင်အောက် တွင် ကျွန်မတို့သားအမိရယ်၊ ထိုအဒေါ်ရယ် ငပလီကမ်းခြေက သဲသောင်ပြင်ကျယ်ကြီးထက်တွင် ထိုင်ကာ စကားတွေအကြာ ကြီး ပြောခဲ့ဖူးသည့် ညတွေအကြောင်း ဖြစ်သည်။

ထိုအဒေါ်ရှိရာ ရွာကလေးသို့ ကျွန်မတို့သားအမိ ညအိပ် အလည်သွားသည့် ညနေခင်းတိုင်း ရွာနှင့် မလှမ်းမကမ်းရှိ သဲ သောင်ပြင်ပေါ်တွင် လေညှင်းခံလမ်းလျှောက်ထွက်ကြသည်။ ထို အဒေါ်နှင့် မေမေတို့ စကားတပြောပြောနှင့် လမ်းလျှောက်ကြ သည်။ ခြေထောက်ညောင်းလာချိန်တွင် သဲသောင်ပြင်ပေါ်၌ ထိုင် ချသည်။ ပြီးလျှင် မဆုံးနိုင်သည့် စကားများကို ဆက်၍ ပြောကြ သည်။ အဝေးတစ်နေရာဆီ ရောက်နေကြသည့် သူတို့၏ လင် ယောက်ျားနှစ်ဦးအကြောင်းလည်း ပါသည်။ ကျွန်မအကြောင်း လည်းပါသည်။ ရှေ့ရေးနောင်ရေး တိုင်ပင်ကြသည်။

ကျွန်မနားမလည်သော၊ လိုက်မမီသော စကားလုံးများ ဖြစ်ရာ ငြီးငွေ့ ဖွယ်အလွန်ကောင်းသည်။ ထို့ကြောင့် သဲသောင် ပြင်ပေါ်တွင် ရပ်လိုက်သည်နှင့် ကလေးတစ်ယောက်စာ ဝင်ထိုင် ၍ရသည့် သဲကျင်းကြီးဖြစ်အောင် ကျွန်မ လက်ဖြင့်ယက်သည်။ ပြီးလျှင် ထိုသဲကျင်းကြီးကို ကုလားထိုင်အဖြစ် မှတ်ယူကာ အား ရပါးရထိုင်ချသည်။ ကောင်းကင်ပေါ်ကို မော့ကြည့်လျှင် ကြယ် တွေကို အထင်းသားတွေ့ရသည်။ လှိုင်းသံတွေကို ကြားရသော် လည်း လ၏ အရောင်ကြောင့် ခပ်ရေးရေးသာမြင်ရသည်။ ထို နည်းဖြင့်ပင် ကျွန်မအိပ်ပျော်သွားစမြဲဖြစ်သည်။

မနက်လင်းလျှင် ညကအိပ်ပျော်သွားသည့် သဲသောင်ပြင် ပေါ်တွင် မဟုတ်တော့ဘဲ ထိုအဒေါ်၏ အိမ်ကလေးသို့ ရောက်နေ ပြီ။ ကမ်းခြေမှ အတန်ငယ် လမ်းလျှောက်ရသည့် အိမ်ကလေး ဆီသို့ ကျွန်မအား မည်သူ ချီပိုးလာသည်ကို မသိ။ သို့သော် ကျွန်မ ယုံကြည်သည်။ ခန္ဓာကိုယ် သေးသေးသွယ်သွယ် နွဲ့နွဲ့နှောင်း နှောင်းနှင့် ကျွန်မ မေမေတော့ မဖြစ်နိုင်။

မျက်နှာလေးထောင့်ကျကျ၊ သန်သန်မာမာ ကိုယ်လုံးကိုယ် ထည်ကို ပိုင်ဆိုင်ထားသည့် ထိုအဒေါ်သာ ဖြစ်ရမည်။ ထိုအဒေါ် သည် ငပလီရှိ အစိုးရရော်ဘာခြံတွင် ရော်ဘာစေးခြစ် အလုပ် သမတစ်ဦး ဖြစ်သည်။ သူ၏ အဝတ်အထည်တချို့တွင် စွန်းထင်း နေသည့် ရော်ဘာစေးနံ့တို့သည် သူ့ကို ကျွန်မတွဲဖက်၍ သတိရ စေသည့် အမှတ်သင်္ကေတတစ်ခုလည်းဖြစ်သည်။

မူလတန်းနှင့် အလယ်တန်းကျောင်းသူအရွယ်က အမြဲလို လို အလည်ရောက်တတ်သော်လည်း အထက်တန်းနှင့် တက္ကသိုလ် ကျောင်းသူအရွယ် ရောက်သည့်အခါ အကြောင်းအမျိုးမျိုး ကြောင့် ထိုအဒေါ်ဆီသို့ ကျွန်မတို့ သားအမိတွေ သိပ်မရောက်ဖြစ် ခဲ့ကြ။

သည်လိုနှင့် ကျွန်မအခြားမြို့တစ်မြို့သို့ တက္ကသိုလ်သွား တက်သည့် နှစ်တစ်နှစ်တွင် ထိုအဒေါ်သည် ရက်သားအရွယ် စွန့်ပစ်ခံ ကလေးငယ်တစ်ဦးကို ကောက်ယူမွေးစားခဲ့သည်။ သား သမီးမထွန်းကားသည့် ထိုအဒေါ်သည် ထိုကလေးငယ်အား သား အရင်းသဖွယ် ပြုစုစောင့်ရှောက်သည်။ ရော်ဘာစေးခြစ်သည့် ဝင်ငွေဖြင့် ရပ်တည်ရန် မလွယ်ကူသည့်နောက် သူသည် ငါးဈေး တောင်းကို ခေါင်းပေါ်တင်၍ ငပလီအနှံ့ ရောင်းချသည်။

ဝင်ငွေကလေး စို့စို့ပို့ပို့ ရလာသည့်အခါ သူ့သားငယ်နောင် ရေးအတွက် စုဆောင်းသည်။ ထိုကလေးကို ကျောင်းထားသည်။ အဝတ်အစား ကောင်းမွန်စွာဆင်သည်။ ဝလင်စွာကျွေးမွေးခဲ့ သည်။ ကလေးအတွက် ရွှေတိုရွှေစကလေးပင် ဆင်ယင်ပေးနိုင် ခဲ့လေသည်။ အဝေးတစ်နေရာသို့ရောက်နေသည့် ထိုအဒေါ်၏ ခင်ပွန်းသည် ပြန်ရောက်လာချိန်တွင် ကလေးကလည်း ဖခင် အဖြစ် သတ်မှတ်သည်။ ဖခင်ကလည်း သားအဖြစ်သတ်မှတ်သည်။ မိသားစု စုံစုံလင်လင် နေရတော့မည့် သူတို့အတွက် ကျွန်မတို့ ဝမ်းသာမိသည်။

သို့သော် သားငယ်အပေါ်ထားသော သူတို့၏ မေတ္တာ စေတနာတို့သည် ပတ်ဝန်းကျင်မှ လူတချို့အတွက် မျက်မုန်းကျိုး စရာ ဖြစ်လာသည်။ မနာလို မရှုစိမ့်စရာဖြစ်မှန်းမသိ ဖြစ်လာ သည်။ ကလေးအပေါ် ခွဲခြားနှိမ်ချ ဆက်ဆံလိုသည့် အရိပ် လက္ခဏာများကို ပြလာသည်။ ကလေးကစားစရာတစ်ခုခုကို ကလေးသဘာဝ အိမ်သို့ ယူဆောင်သွားမိလျှင်ပင် ‘သူခိုးလေး’ဟု နစ်နစ်နာနာ စွပ်စွဲပြစ်တင်ကြသည်။ တဖြည်းဖြည်း သိတတ် နားလည်သောအရွယ် သားငယ်နှင့် မိဘတို့ကြားတွင် သပ်လျှို ထိုးခွဲမည့် ‘မွေးစားသား’ဆိုသည့် စကားလုံးများဖြင့် ကလေး၏ စိတ်ကို အကြိမ်ကြိမ် ရိုက်ပုတ်ခဲ့ကြလေသည်။

ထို့နောက် မွေးစားမိခင်သည် သူဈေးရောင်းသွားနေချိန် တွင် သားကို အိမ်၌ မထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။ ငါးတောင်း ကို ခေါင်းတွင် ရွက်ကာ သားငယ်ကို လက်ကဆွဲလျက် တစ်လမ်း ဝင် တစ်လမ်းထွက် ရွာရိုးကိုးပေါက်လှည့်လည်ကာ  နေပူမရှောင်၊ မိုးရွာမရှောင် ငါးရောင်းထွက်ရတော့သည်။ ကလေးတစ်ဖက်နှင့် ဈေးရောင်းထွက်နေရသော သူ့            အကြောင်းကို တစ်ဆင့်စကားဖြင့် ကျွန်မ တို့ ကြားရသည်။

သားငယ်သည် သူမျှော်လင့် ထားသလို အတန်းပညာဆုံးခန်းတိုင် အောင်မရောက်ခဲ့။ အလယ်တန်းအ ဆင့် ပြီးဆုံးအောင်အထိပင် မတက် တော့ဘဲ ကျောင်းထွက်ကာ မိခင် နောက်ကို တကောက်ကောက်လိုက် သည်။ မိခင်အား ငါးကူရောင်းသည်။ ပင်လယ်ကမ်းစပ်တစ်လျှောက် အရွယ်တူကလေးများနှင့် လျှောက် သွားကာ ခရုကောက်သည်။ ငါး ရှာသည်။

ပတ်ဝန်းကျင်က ခွဲခြားနှိမ်ချ ကာ ‘နင်က မွေးစားသား’ ဆိုသည့် စကားလုံးဖြင့် ကြီးပြင်းလာရသည့် ထို ကလေးသည် မိခင်၏ ဆိုဆုံးမမှုကို အထင်လွဲသည်။ ဆယ်ကျော်သက်တို့ ထုံးစံ အတိုင်း မိခင်ကို ကလန်ကဆန် လုပ်ချင်သည်။ သို့သော် သူသည် ငပလီရှိ ဟိုတယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်များတွင် ဖခင်နှင့်အတူ အလုပ်ဝင်လုပ်သည်။ ရသည့်ငွေကို မိခင်ထံ  မပျက်မကွက် အပ် သည်ဟု အဝေးကနေ သတင်းကြားနေရသော်လည်း ထို မိသားစု ထံသို့ ကျွန်မတို့ လူကိုယ်တိုင် မရောက်ဖြစ်သည်မှာ အတော်ပင် ကြာခဲ့ပြီဖြစ်သည်။

တစ်နေ့တွင် ကျွန်မထံသို့ သတင်းဆိုးတစ်ခု ရောက်လာ သည်။ အသက်ဆယ့်ငါးနှစ်ဝန်းကျင်သာ ရှိသေးသည့် ထိုကလေး ငယ်ကို အခြားလူငယ်များက ဝိုင်းဝန်းချုပ်နှောင်ကာ ဓားဖြင့်ထိုး သည့်သတင်း ဖြစ်သည်။ ရက်သားအရွယ်ကပင် အခုလူပျိုပေါက် အရွယ်ရောက်သည်အထိ တယုတယကျွေးမွေးလာခဲ့သည့် မွေး စားသားကလေး၏ အဖြစ်ဆိုးကြောင့် မိခင်ဖြစ်သူ အရူးတစ်ပိုင်း ဖြစ်တော့သည်။

ဘေးကပ်လျက်ရွာရှိ ဘုရားပွဲသို့ အလည်သွားစဉ် လူစည် ကားလှသည့်နေရာတွင် ထိုသို့ ဖြစ်ပျက် ခဲ့ခြင်း ဖြစ်သည်။ ထို အဖြစ်အပျက်ကို ကိုယ်တိုင်မြင်တွေ့လိုက်ရသူများလည်းရှိကြသည်။ မျက်မြင်သက်သေများစွာ ရှိသော ထိုဖြစ်ရပ်အတွက် မိဘများ လိုက်ပါသွားချိန်တွင် တာဝန်ရှိသူ အချို့ က ‘မင်းတို့ရဲ့ မွေးစားသား မဟုတ် လား၊ သေတဲ့လူကလည်း သေပြီ၊ ပြေ ပြေလည်လည်ဖြစ်အောင် ဖြေရှင်းကြ မယ်’ဟု အဓိပ္ပာယ်ရသည့် စကားများ ကို ဆိုသည်။

‘မွေးစားသား’ဆိုသည့် စကား လုံးသည် မိဘများအတွက် အနာပေါ် အနာဆင့်သည့် စကားလုံးဖြစ်လေ သည်။ လူတစ်ယောက် မတရားပြုကျင့် ခံရခြင်းကို မွေးစားသားဖြစ်ခြင်း၊ သား အရင်းဖြစ်ခြင်း အပေါ်မူတည်၍ တုံ့ပြန် လိုသည့်လူများကို မိခင်ဖြစ်သူ အမုန်း ကြီးမုန်းလေသည်။ သားဖြစ်သူ ပြန်ရှင် မလာတော့သော်လည်း ထိုအမှုကို ဆက်လက်စွဲဆိုရန် ဆုံးဖြတ်ကာ တရား ရုံးသို့ အကြိမ်ပေါင်းများစွာ သွား ရောက်နေဆဲဖြစ်သည်။

ထိုအဒေါ်ဖြစ်သူ၏ ပူဆွေးသောကသည် ကျွန်မတို့မိသားစု ထံ သို့လည်း ကူးစက်ခဲ့သည်။ လူတစ်ယောက်အဖြစ် မွေးဖွားလာ သော်လည်း စွန့်ပစ်ခြင်းခံခဲ့ရသည့် ကလေးငယ်သည် သေကံ မရောက်ဘဲ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ဝလင်စွာ ကျွေး မွေးစောင့်ရှောက်မည့် မိဘများနှင့် တွေ့ဆုံခွင့်ရခဲ့သည်။

အနှီးထုပ်ကလေးပတ်ကာ စွန့်ပစ်ခံထားရသည့် ကလေး ငယ်သည် လူဖြစ်အောင် မွေးမည့်လူသားဆန်သူတို့နှင့် တွေ့ ခွင့် ရခဲ့သလို၊ လူဖြစ်နေခြင်းကို အဆုံးသတ်ပစ်မည့် လူမဆန်သူတို့နှင့် လည်း တွေ့ရသည်။ လူတစ်ယောက်အတွက် ကြေကွဲဖွယ် အကောင်းဆုံး ကံကြမ္မာပင် ဖြစ်သည်။ မိသားစုဖြင့် နေရမည့် ကံမပါသည့် မိသားစုတစ်ခု၏ ကံကြမ္မာလည်းဖြစ်သည်ဟု ဆိုရ ပေမည်။

ယခု တစ်နှစ်နီးပါးရှိလာသော်လည်း မျက်မြင်သက်သေရှိ သည့် ထိုအမှုကို အပြီးမသတ်သေး။ အမိန့်မချသေးသည့် ‘မွေး စားသားတစ်ယောက် သတ်ခံရသည့် အမှု’ အဖြစ်သာ ရှိနေဆဲ ဖြစ်လေသည်။ ထိုအရာသည် ကျွန်မကိုချစ်သော ကျွန်မ၏ အဒေါ် အရင်းမဟုတ်သော အဒေါ်တစ်ဦးရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များ ဖြစ်လေသည်။

နောက်တစ်ဦးက ကျွန်မနှင့် သွေးသားတော်စပ်သည့် အဒေါ်အရင်းဖြစ်သည်။ သူလည်း ကျွန်မကိုချစ်သည်။ ကျွန်မ၏ ကျောင်းနာမည်ရော၊ အိမ်နာမည်ကိုပါ သူမှည့်ခဲ့ခြင်းဖြစ်သည်။

အရွယ်လွန်မှ အိမ်ထောင်ပြုခဲ့သည့် ကျွန်မ၏ အဒေါ်တို့ လင်မယားတွင် သားသမီးမထွန်းကား။ သူအိမ်ထောင်မကျခင် ကတည်းက ခေါ်ယူစောင့်ရှောက်ထားသော ကွယ်လွန်သွားပြီ ဖြစ်သည့် အစ်မဖြစ်သူ၏ သမီးငယ်တစ်ဦးသာရှိသည်။ ထိုကလေး ငယ်သည် ယခု ကျွန်မနှင့်ရွယ်တူ၊ ကျွန်မ၏ အစ်မတစ်ဝမ်းကွဲ ဖြစ်သည်။

ကျွန်မ၏ အဒေါ်တို့လင်မယားသည် သူတို့အား ‘ဖေဖေ’၊ ‘မေမေ’ဟု ခေါ်မည့် သားသမီးတစ်ဦးဦး ရလိုသည်။ ဆရာဝန်နှင့် တိုင်ပင်ကာ သားသမီးရရန် ကြိုးစားခဲ့ကြသော်လည်း မရခဲ့ကြ။ သည်လိုနှင့် လွန်ခဲ့သည့် ငါးနှစ်ခန့်က ကျွန်မအားတိုင်ပင်သည်။ သားသမီးတစ်ယောက်ယောက် မွေးစားလိုကြောင်း ပြောဆိုသည်။

အဒေါ်ဖြစ်သူ ထိုသို့ မတိုင်ပင်မီကပင် လူမှုဝန်ထမ်း ဦးစီး ဌာနလက်အောက်ရှိ သင်တန်းကျောင်းတစ်ခုခုမှ မိဘမဲ့ ကလေး ငယ်တစ်ဦးဦးကို မွေးစားလိုစိတ် ပြင်းပြနေသည့် ကျွန်မသည် အဒေါ်ဖြစ်သူအား ထိုကျောင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ မိဘ ငတ်မွတ်နေသည့် ကလေးငယ်နှင့် သားသမီးတောင့်တနေသည့် မိဘတို့ကို တွေ့ဆုံနိုင်စေရန် စီစဉ်ပေးခဲ့သည်။

ဤသို့ဖြင့် ထိုကလေးငယ်ကို သူတို့ ခေါ်ယူမွေးစားခွင့် ရ ခဲ့ကြသည်။ ထိုကလေးငယ်ကို ငယ်စဉ်က ရိုက်ကူးထားသည့် ဓာတ်ပုံလေးကို ကျောင်းမှတောင်းယူခဲ့ပြီး ပုံကြီးချဲ့ကာ အိမ် ခန်းဝတွင် ချိတ်ဆွဲသည်။ သူငယ်တန်းအရွယ် ထိုသားငယ်အတွက် အိမ်ခန်းတစ်ခုပြင်ဆင်သည်။ အိမ်သို့ ရောက်လာသည့် လူသစ် ကလေးအတွက် အဝတ်အစားအသစ်၊ အသုံးအဆောင်အသစ်၊ အစစအရာရာ အသစ်ဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ပြင်ဆင် ကြသည်။ ပတ်ဝန်းကျင်အသစ်နှင့် အံဝင်ခွင်ကျဖြစ်အောင် အထူး တလည် ကြိုးစားကြရသည်။

နုနယ်သေးသည့် အရွယ်၊ မိဘအရင်းက လာခေါ်သည်ဟု ပင် ထင်မှတ်သည့်အရွယ် ကလေးငယ်၏ စိတ်တွင် ဒဏ်ရာဒဏ် ချက် မဖြစ်စေမည့် စကားလုံးများကို ပြင်ဆင်ရသည်။ ”ဖေဖေ နဲ့မေမေက သားကို ဘာလို့ ကျောင်းမှာ ထားခဲ့တာလဲ။ သားမျှော် နေတာကြာပြီ”ဆိုသည့် သားဖြစ်သူ၏ တီတီတာတာ မေးခွန်း များကို အထစ်အငေါ့မရှိ ဖြေရှင်းချက်ထုတ်နိုင်ရန် ကြိုစဉ်းစား ရသည်။

ထိုကလေးသည် သူတို့၏ကမ္ဘာ၊ သူတို့၏ အနာဂတ်ဖြစ် လာသည်။ ကလေးနှင့် မိဘတို့သည် လအနည်းငယ်အတွင်း လိုက်လျောညီထွေ ဖြစ်လာသည်။ မိသားစုဘဝကို အဆင်ပြေ ချောမွေ့ စွာ တည်ဆောက်နိုင်လာသည်။

သို့သော် ငယ်စဉ်ကတည်းက ခေါ်ယူစောင့်ရှောက်ထား သည့် တူမဖြစ်သူ အပါအဝင် ဆွေမျိုးအသိုင်းအဝိုင်းတချို့က ကလေးအပေါ်တွင် အမြင်မကြည်လင်ကြ။ အထူးသဖြင့် ထို ကလေးနှင့် အရွယ်တူ သားသမီးများ ရှိသည့် မောင်နှမတို့က ပို၍ စိတ်ခုကြ၏။ ‘မွေးစားသား’ဆိုသည့် စကားလုံးများဖြင့် ထိုးနှက် ကြ၏။ ‘မကောင်းသည့် မျိုးရိုးဗီဇဖြစ်နေလျှင်ကော’စသည့် စကားလုံးများဖြင့် စကားနာထိုးကြ၏။

ဦးကြီး၊ ဒေါ်ကြီးများ၏ အိမ်ကိုသွားလည်လျှင် လိုလားဟန် သိပ်မပြကြ။ ကလေးသဘာဝ ခုန်ပေါက်ပြေးလွှားဆော့ကစား လျှင်ပင် အလွန်ဆိုးသွမ်းနေသော ကလေးဖြစ်မတတ် ပြောချင် ကြသည်။ ငြိုငြင်ကြသည်။ ကျောင်းတွင် စာညံ့လျှင် တစ်သက် တာလုံး အသုံးမကျတော့မည့် ကလေးလိုမျိုး နှိမ့်ချချင်ကြသည်။ အရွယ်တူ သားသမီးရှိသည့် ဆွေမျိုးတချို့ကဆိုလျှင် မွေးစား သားနှင့် အဆက်အဆံမလုပ်ရန်အထိ ကလေးများကို သွေးခွဲ စကားပြောသည်။ ကိုယ့်သွေးကိုယ့်သား မဟုတ်သူဟု ခွဲခြား ဆက်ဆံပြသည်။

ကျွန်မ၏ မောင်ဝမ်းကွဲများက သူတို့နှင့် ရွယ်တူ မွေးစား ကလေးငယ်ရောက်လာပြီးနောက်တွင် ကျွန်မအဒေါ်အိမ်သို့ အသွားအလာ ကျဲပါးသွားသည်။ ယခင်ကလောက် သူတို့အပေါ် ဂရုမစိုက်တော့ဘူးဟု အထင်လွဲကြလေသည်။

ဆွေမျိုးမဟုတ်သည့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းက ထို လောက်ထိ မဆိုးလှ။ သို့သော် အဓိပ္ပာယ်နှစ်ခွ ထွက်စေသည့် စကားများဖြင့် ထိုကလေးကို နောက်ပြောင်ကြသည်။ မွေးစား မိဘများအတွက် လွန်စွာ စိတ်ညစ်ညူးဖွယ် အခြေအနေများ ပင်ဖြစ်သည်။ ထိုပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံးအား စွန့် ခွာကာ နေရာဒေသအသစ်သို့ ပြောင်းရွှေ့နေထိုင်ရန်အထိပင် စဉ်းစားကြရတော့သည်။ ဆွေမျိုးတချို့ထံတွင် သားဖြစ်သူ အနှိမ် ခံနေရသည်ကို မနှစ်မြို့။ တစ်အိမ်တည်းတွင် နေထိုင်ပြီးသားဖြစ် သူအပေါ် အမြင်မကြည်လင်သည့် တူမကြောင့်လည်း စိတ်ရှုပ် ထွေးရသည်။

သို့သော် ကျွန်မအဒေါ်တို့ ကံကောင်းသည်ဟု ဆိုရမည်။ ထိုကလေးငယ်သည် ထူးခြားသော ကလေးဖြစ်သည်။ အချို့အကြောင်းအရာများကို အကောင်းမြင်တတ်သည့် ကလေး ဟု ဆိုရမည်။ ဆွေမျိုးတချို့၏ ငြိုငြင်မှုကို သူအလေးမထား။ ကလေးသဘာဝ နေမြဲအတိုင်းနေသည်။ ”မင်းအဖေကလည်း အသားဖြူတယ်၊ အမေကလည်း အသားဖြူတယ်၊ မင်းက ဘာလို့ မည်းတာလဲ”ဆိုသည့် ပတ်ဝန်းကျင်က နှိမ်သလို၊ နောက်သလို ပြောသည့် စကားများကို ”သားက ဘိုးဘိုးနဲ့တူလို့”ဟုပင် ပြန်၍ ပြောလိုက်သေးသည်။

သားသမီးမထွန်းကားသည့် ကျွန်မအဒေါ်တို့ လင်မယား သည် ထိုသားတစ်ယောက်နှင့် အလုပ်ရှုပ်သည့်အခါ ရှုပ်၊ ရယ် မောပျော်ရွှင်ရသည့်အခါ ပျော်ရွှင်ရနှင့် သာသာယာယာဖြစ်နေ သည်ကို တွေ့ရ၍ ကျွန်မဝမ်းသာမိသည်။

ဘဝပေးအခြေအနေချင်း မတူညီသည့် ထိုအဒေါ်နှစ် ယောက်၏ အတွေ့အကြုံတို့သည် ကျွန်မအား ဝမ်းနည်းနာကျင် စရာကို ပေးသလို စိတ်ချမ်းမြေ့မှုကိုလည်း ပေးနိုင်ခဲ့သည်။ အလားတူ သူတို့၏ အတွေ့အကြုံများမှတစ်ဆင့် ကျွန်မအတွက် တွေးစရာများစွာ ပေးခဲ့သည်။

‘ငါတို့ မြန်မာလူမျိုးတွေက မေတ္တာတွေ၊ မုဒိတာတွေ ထား တတ်တဲ့လူမျိုး’ ၊ ‘လူတစ်ဖက်သားကို ဖေးမတတ်တဲ့၊ ကူညီရိုင်း ပင်းတတ်တဲ့လူမျိုး’ ဟု အလျဉ်းသင့်သလို ဂုဏ်ခံပြောဆိုတတ် သူတို့၏ မနောကို ဤအဒေါ်နှစ်ဦး၏ အတွေ့အကြုံများက ဖော် ထုတ်ပြနိုင်ခဲ့သည်။ မိဘမဲ့ကလေးကျောင်းများတွင် ထမင်း တစ်နပ်သွားလှူရန် လက်မတွန့်သလောက်၊ စေတနာ သဒ္ဓါတရား ထက်သန်သလောက် မိမိတို့အိမ်ဘေးက မွေးစားကလေးကို မေတ္တာထားရန်၊ ဖေးမနားလည်ပေးရန် ခက်ခဲလွန်းသူတို့၏ စိတ် သဘောများအတွက်လည်း သံဝေဂရမိသည်။

‘မွေးစားသား၊ မွေးစားသမီး’ဆိုသည့် စကားလုံးတို့၏ အဓိပ္ပာယ်သည် သူတို့ကို ခွဲခြားနှိမ်ချရန်မဟုတ်ဘဲ မေတ္တာဖြင့် ကြီးပြင်းရှင်သန်ခွင့်ပေးရမည့်သူများဖြစ်သည်ဟု လူ့အသိုင်း အဝိုင်းတစ်ခုလုံးက လက်ခံလာနိုင်ကြပါစေဟု ဆုတောင်းမိသည်။

မိဘအရင်းနှင့် ကြီးပြင်းရှင်သန်ခွင့်မရကြသော်လည်း မေတ္တာဖြင့် ကြီးပြင်းရှင်သန်ခွင့်ရသည့် ကလေးများဖြစ်ကြဖို့ ဆု တောင်းမိသည်။ ‘မိဘအရင်းနှင့် နေထိုင်ရှင်သန်ခွင့် မရခဲ့သော ကလေးငယ်များကို သူတို့ဘဝ တစ်သက်တာလုံး မေတ္တာဖြင့် လုံ ခြုံစွာနေထိုင်ရှင်သန်ခွင့်ပေးကြပါ’ဟု အကြိမ်ကြိမ် ဆုတောင်းမိ လေသည်။       ။

၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ အက်ဆေးဆောင်းပါး ဖြစ်ပါသည်။

မြတ်စုမွန် ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."