ရွှေပြည်ကြီးတွင် ရုတ်တရက်ပေါ်လာသော အပြောင်းအလဲကြီးတစ်ခုမှာ မြို့တွင်းပြေး ဘတ်စ် ကားလမ်းကြောင်းတို့ကို အကြီးအကျယ် ပြောင်း လိုက်ခြင်းပင်တည်း။ ဘတ်စ်ကားအားလုံးတွင် ယာဉ်လိုင်းနံပါတ် တပ်ထားကြသည်။ နံပါတ်ထက် ပိုကြီးသည်မှာ ဒုက္ခသီရိ ဘတ်စ်ကားဝန်ဆောင်မှု ၏အတိုကောက်စာလုံး DBS စာလုံးဖြစ်လေသည်။
DBS သက်တမ်း တစ်လပြည့်ပြီးချိန် တစ်ခုသော ဘတ်စ် ကားတစ်စီးထဲတွင် ရန်လိုကျွဲ လိုက်ပါလာသည်။ ထုံးစံအတိုင်း ထို နေ့က ခရီးသည်များ ပြည့်လျှံနေသော်လည်း ကံကောင်းသည့် အချက်နှစ်ခု ရှိနေသည်။ ပထမအချက်မှာ ကားထဲတွင် ခုံဖြင့် ထိုင်စီးရခြင်းဖြစ်ပြီး ဒုတိယအချက်မှာ လှပလွန်းသော အမျိုး သမီးတစ်ဦးဘေးတွင် ထိုင်ရခြင်းဖြစ်လေ၏။
အမျိုးသမီး၏ အသက်အရွယ်မှာ မိုနာလီဇာနှင့် မတိမ်း မယိမ်းဟု ဆိုရမည်။ သို့သော်လည်း ချောမောလှပမှုကတော့ မိုနာလီဇာထက် အဆတစ်ရာ သာလွန်လေရာ ကျွန်ုပ် ရန်လိုကျွဲ လည်း ပြတင်းပေါက်အပြင်ဘက် ကြည့်သလိုလိုနှင့် သူ့ကိုသာ ငမ်းနေမိတော့သည်။ ကံကောင်းခြင်းမှာ ထိုမျှနှင့် ရပ်မနေပေ။ ငမ်းကြောထနေစဉ် အမျိုးသမီးက စတင်ပြီး စကားပြောလေ တော့သည်။
“ ရှင်က DBS ကို ပထမဆုံးအကြိမ် စီးဖူးတာလား ”
“မဟုတ်ပါဘူး။ ငါတို့ရုံးက လူခွဲပြီး ရန်ကုန်အနှံ့ ဘတ်စ် ကား လိုက်စီးပြီး လေ့လာကြတာဆိုတော့ ငါလည်း စီးရတော့တာ ပေါ့။ ည ၉ နာရီအထိ စီးဖြစ်ပါတယ်”
“ရှင်တို့က ကားလိုက်စီးကြတယ်၊ လက်ထဲမှာလည်း စာ အုပ်နဲ့ ဘောလ်ပင်ကိုင်ထားတယ်ဆိုတော့ DBS အာဏာပိုင် အဖွဲ့မှာ လုပ်နေတယ်ပေါ့လေ။ ကောင်းပါတယ်၊ လက်တွေ့ ကွင်း ဆင်းကြည့်မှ အမှန်ကို သိမှာ”
“ နိုး…နိုး…နိုး… ငါက DBS အဖွဲ့က မဟုတ်ပါဘူး။ ငါက မီဒီယာသမားဆိုတော့ DBS ရဲ့ အားနည်းချက် အားသာချက် တွေကို မှတ်တမ်းတင်နေတာပါ။ သတင်းထဲ ထည့်ရေးမယ်လေကွာ”
လူကဲခတ်မှားသွားပြီးနောက်ပိုင်း ထိုအမျိုးသမီး နှုတ်ဆိတ် သွားသည်။ တိတ်ဆိတ်နေခြင်းမှာ ရင်ခုန်စရာမကောင်းသဖြင့် ရန်လိုကျွဲက ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။ ထိုအမျိုး သမီးလည်း သူ့ကိုယ်သူ ပြန်မိတ်ဆက်၏။ သူ့အမည်မှာ မနုစာရီ ဟူသတည်း။
“ဘာ…မနုစာရီ ဟုတ်လား။ မင်းသိင်္ခဝတ္ထုထဲက မနုစာရီလား”
“ဟုတ်ပါတယ်ရှင်။ ဆရာမင်းသိင်္ခဝတ္ထုထဲက မနုစာရီပါ ”
“မင်းက မနုစာရီဆိုတော့ ငါက ဆားပုလင်းနှင်းမောင်လို့ ပြောရမလိုဖြစ်နေပြီ။ ကဲ…မင်းပြောတိုင်း ငါက ယုံရမှာလား။ဘယ်မှာလဲ သက်သေ”
အမျိုးသမီးက လှပစွာပြုံးပြီးနောက် သူ၏ လက်ဝါးနှစ်ဖက် ကိုဖြန့်ပြလေသည်။ ထိုလက်နှစ်ဖက်ကို မြင်လိုက်ရသဖြင့် ရန်လို ကျွဲ အခိုက်အတန့် ကြက်သေသေသွားသည်။ အမျိုးသမီး၏ လက် ဝါးနှစ်ဖက်လုံးတွင် ထင်ရှားလှသော အသက်လမ်းကြောင်းကြီးမှာ ဟိုကွေ့ဒီကွေ့ဖြင့် လက်ကောက်ဝတ်ကို ကျော်ပြီး တံတောင်ဆစ် အထိ ရောက်၏။ အလို…တံတောင်ဆစ်တွင်လည်း အသက်လမ်း ကြောင်းက အဆုံးမသတ်ဘဲ လက်မောင်းရှိရာသို့ သွားနေသည်။ အသက်လမ်းကြောင်း ဘယ်မှာ အဆုံးသတ်လဲသိရန်မှာ အဝတ် အစား ချွတ်ခွာကြည့်မှသာ ဖြစ်နိုင်တော့မည်။
ဤလက္ခဏာအရဆိုလျှင် ဤအမျိုးသမီးမှာ မင်းသိင်္ခဝတ္ထု ထဲမှ အသက် တစ်ထောင်ကျော်ပြီဖြစ်သည့် မနုစာရီ အစစ်အမှန် ဖြစ်ပေသည်။
“မေးရဦးမယ်။ ဟိုတလောက ကားမှတ်တိုင်တွေမှာ လူ တွေ စုပြုံနေတာ မြင်လို့တောင် မကောင်းဘူး။ အဲဒီလို ဖြစ်သွား အောင် ရှင်တို့အစိုးရက ဘယ်လို စီစဉ်လိုက်တာလ”
ခရီးသည်ပမာဏနှင့် ကားအရေအတွက် အနည်းငယ် မမျှ တသောကြောင့် ဖြစ်ကြောင်း၊ မိမိကိုယ်တိုင်လည်း ကားမှတ် တိုင်တွင် တစ်နာရီနီးပါး ရပ်စောင့်ခြင်း၊ ဘတ်စ်ကားပေါ်တွင် နှစ် နာရီကြာ မတ်တတ်ရပ်စီးရခြင်း၊ ရုံးနောက်ကျသည့်အတွက် ရုံး တွင် ဒဏ်ရိုက်ခံရခြင်းများနှင့် ကြုံရကြောင်း မနုစာရီကို ရှင်းပြ ဖြစ်သည်။
ဘတ်စ်ကား မလာသဖြင့် ကားငှားစီးရသောကြောင့် အကုန်အကျများပြီး အကြွေးတင်နေကြောင်းလည်း ပြောပြ ဖြစ်သည်။
“ဟာ…ရှင်တို့ ဒီလောက်တောင် ဒုက္ခရောက်သွားတာ DBS အာဏာပိုင်အဖွဲ့ကို တရားမစွဲဘူးလား”
“တရားစွဲစရာ မလိုပါဘူး။ သူတို့က ကောင်းမယ်ထင်လို့ စီစဉ်တာပဲ။ ယာယီအခိုက်အတန့်မှာ အဆင်မပြေတာတွေတော့ ရှိမှာပေါ့ကွာ”
“အင်း…ဒီလို ရှင်ဖြေမယ်လို့ ထင်သားပဲ။ ရှင့်ကို အကောင်း မြင်သမားလို့ ပြောရမလား၊ အစိုးရအားနည်းချက်ကို အခမဲ့ လိုက်ဖာနေတဲ့သူလို့ ပြောရမလား”
ရန်လိုကျွဲ ထိုမေးခွန်းကို အဖြေမပေးဘဲ ပခုံးနှစ်ဖက်ကိုသာ ဟန်ပါပါ တွန့်ပြလိုက်သည်။
ဘတ်စ်ကားက မှတ်တိုင် တစ်ခုပြီးတစ်ခုရပ်ကာ ခရီးဆက် မြဲ ဆက်၏။ မီးပွိုင့် မီးနီမိလျှင် ရပ်၏။ ယာဉ်ကြောပိတ်လျှင်လည်း ရပ်ထားရ၏။ ယာဉ်ကြောပိတ်နေစဉ်အတွင်း တစ်ပေမျှ လိမ့်လို့ ရလျှင် လိမ့်၏။ ဘရိတ်အုပ်၏။ မီးပွိုင့် တစ်ကြိမ်မိလျှင် အခြားကား များနည်းတူ တရွေ့ရွေ့သွားကာ ဆယ်ကြိမ်ဆယ်ခါမျှ ဘရိတ် အုပ်သည်။ ယခု ဒရိုင်ဘာမှာ အခြားသော ဘတ်စ်ကားမောင်း သူများကဲ့သို့ပင် ဘရိတ်ကို အားပါးတရအုပ်သူတည်း။ သူ ဘရိတ် အုပ်တိုင်း ခရီးသည်တို့ ဘယ်ညာ ရှေ့နောက် ယိမ်းထိုးရ၏။
“အပေါ်တန်းလေးတွေ ကိုင်ထားပါ၊ လိုအပ်ရင် ဘရိတ် သုံးမယ်”
ဤအသံမှာ ဘရိတ်အုပ်စဉ် ကားစပယ်ယာ၏ သတိပေးသံ တည်း။ မီးပွိုင့်ဖြတ်ချိန်တွင်လည်း ကားစပယ်ယာဆရာက ထိုသို့ သတိပေးတတ်သည်။ မီးပွိုင့်ကို မြန်နှုန်းမြှင့်ပြီး ဖြတ်မောင်းရ ခြင်းကို ဘတ်စ်ကားဆရာတို့ အကျင့်ပါနေဟန်ရှိသည်။ မီးပွိုင့် တစ်ခုကို အရှိန်ဖြင့် ဖြတ်မောင်းစဉ် ရှေ့ကားက ရုတ်တရက် အရှိန်လျှော့ရာ ဘတ်စ်ကားဆရာလည်း ဘရိတ်ဆောင့်အုပ်၊ ခရီးသည်တို့လည်း အလဲလဲအပြိုပြို ဖြစ်ရ၏။
“ကားဒရိုင်ဘာတွေက ခရီးသည်တွေကို လူလို့ ထင်သေး ရဲ့လားရှင်”
“သြော်…ဒါက အပြောင်းအလဲရဲ့ အစပိုင်း ဖြစ်နေလို့ပါ။ မကြာခင် အဆင်ပြေသွားမှာပါ။ ဒီလိုပဲ သည်းခံရမှာပေါ”
“ရှင်တို့လည်း တစ်ချိန်လုံး ဖာနေရလို့ ဖာသည်တွေ ဖြစ် မှန်းမသိ ဖြစ်နေပြီ။ သနားပါရဲ့”
ကားက လူငါးဆယ်သာ စီးသင့်သောကားဖြစ်သော်လည်း ဒုက္ခသီရိ၏ ထုံးစံအတိုင်း လူနှစ်ဆ တင်၏။ မှတ်တိုင်တစ်ခုသို့ ရောက်တိုင်း ကားစပယ်ယာက “အထဲကို တိုးကြပါ၊ ဟိုးနောက်မှ အချောင်ကြီး”ဟု အော်ပြီး လူတင်လေ့ရှိသည်။ ခရီးသည်တို့က ကားထဲတွင် ငါးပိသိပ်၊ ငါးချဉ်သိပ်။
ထိုအခိုက် ကားနောက်ပိုင်းမှ အသံတချို့ ထွက်လာသည်၊ ဟိုမှတ်တိုင် မရောက်သေးဘူးလား၊ ဒီမှတ်တိုင် မရောက်သေးဘူး လား၊ ဒါ ဘာမှတ်တိုင်လဲ၊ ဒီကားက ဘယ်အထိ သွားမှာလဲမသိဘူး ဟု မေးမြန်း ပြောဆိုသံများဖြစ်သည်။
“ ဒီကား ဘယ်မှတ်တိုင်ကနေ ထွက်ပြီး ဘယ်မှာ အဆုံး သတ်တယ်၊ ဘယ်မှတ်တိုင်တွေကို ဖြတ်သွားမယ်ဆိုတာကို ပုံနှိပ် ပြီး ဖြန့်သင့်ဝေသင့်တယ်၊ ကားထဲမှာလည်း ခရီးစဉ်ကို ကပ်ထား သင့်တယ်။ ဒါမှ ခရီးသည်တွေ အဆင်ပြေတော့မှာပေါ့ရှင်”
“ အစိုးရကို အကြည်ညိုပျက်စေမယ့်စကား မပြောနဲ့လေ။လူတွေက အပြောင်းအလဲ မြန်မြန်လုပ်စေချင်တဲ့အတွက် အစိုးရ က ကတိုက်ကရိုက်လုပ်ရတာကြောင့် ဒီလိုအချက်အလက်တွေ ကြိုမပေးဖြစ်တာပါ ”
“ဟုတ်လား၊ ကျွန်မ ကြားဖူးတာတော့ ရှင်တို့အစိုးရက ဘတ်စ်ကားလမ်းကြောင်း အပြောင်းအလဲလုပ်ဖို့ အစီအစဉ်ကို ကိုးလလွယ် ဆယ်လဖွား အကောင်အထည်ဖော်လိုက်တာတဲ့။ ဒါ နည်းနည်းနောနော အချိန်လား။ ထားပါတော့လေ၊ ရပ်မယ့် မှတ် တိုင်နာမည်တွေ ကပ်မထားပေမယ့် ရှင်တို့ ဘတ်စ်ကားထဲမှာ လည်း စာတိုစာရှည်တွေ ရေးထားတာ စုံလှချည်လား။ ဘာရည် ရွယ်ချက်နဲ့ ကပ်ထားတာလဲ”
မေးခွန်းက တစ်ခုပြီးတစ်ခု ဆက်တိုက်လာသည်။ ကား ဒရိုင်ဘာခုံနောက်ဘက်က ‘သံဃာတော်များသာ’ဟူသော စာ တန်းကို လက်ညှိုးထိုးပြီး မေး၏။
“အဲဒါ ဘုန်းကြီးတွေထိုင်ဖို့ပေါ့ကွ။ ဦးစားပေးတဲ့အနေနဲ့ သံဃာတွေ အဲဒီ ခုံတန်းမှာ ထိုင်ပေါ့ကွာ။ မင်းတွေ့တဲ့အတိုင်းပဲ၊ ဘတ်စ်ကားစီးတယ်ဆိုတာ ဆီးဖြူသီး ဆန်ကောထဲ ထည့်လှိမ့်ခံ ရသလိုမျိုး ဖြစ်တတ်သလို ငါးပိအိုးထဲက ငါးပိကောင်လိုမျိုးလည်း ဖြစ်တတ်တယ်လေ။ ဒါက ဦးစားပေးဖို့ သတိပေးထားတဲ့ စာတန်း ပေါ့ကွာ။ ငါကတော့ ဒုက္ခသီရိဘတ်စ်ကားမှာ ဒီလိုခုံတန်းမျိုး ရှိတာနဲ့တင် ဂုဏ်ယူနေမိတယ်”
“သိပ်ကောင်းတာပေါ့ရှင်။ ဂုဏ်ယူသင့်တာပေါ့။ ဒါမျိုး ခုံတန်း နောက်ထပ် သုံးတန်းလောက် ရှိသင့်တယ်။ ကိုယ်ဝန် ဆောင်သည်တွေ တစ်တန်း၊ ကလေးသူငယ်တွေ တစ်တန်း၊ သက် ကြီးရွယ်အိုတွေ တစ်တန်း။ အဲ…အဲဒီ အထူးခုံတန်းက ဝင်ပေါက်နဲ့ အနီးဆုံးနေရာမှာ ထားရင် ပိုအဆင်မပြေဘူးလား၊ အခုက သီး သန့်ခုံကို ရောက်ဖို့အတွက် တိုးဝှေ့ပြီး သွားရမှာ သက်သာမယ် မထင်ပါဘူးရှင်။ ဒဏ်ပေးသလိုတောင် ဖြစ်နေမလားပဲ”
အားလုံးပျော်သည်ဟူသော ဖြစ်ရပ်မှာ ရုပ်မြင်သံကြားတွင် သာရှိကြောင်း မနုစာရီသိအောင် မည်သို့ ရှင်းပြရမည်နည်းဟု စဉ်းစားနေစဉ်မှာပင် မေးခွန်းတစ်ခု မေးပြန်၏။
“ဟိုစာက ဘာလဲ။ မာနနဲ့ ဥစ္စာကို အိမ်မှာ ထားခဲ့ပါတဲ့။ ဒီစာကို ဘာရည်ရွယ်ချက်နဲ့ ရေးထားတာလဲ”
ခါးပိုက်နှိုက်ခံရမည်ကို စိုးရိမ်သောကြောင့် ထိုသို့ သတိပေး ခြင်းဖြစ်မည်ဟု ဖြေလိုက်မိသည်။
“ရှင်ကလည်း သောက်တလွဲပြောတော့မယ်၊ တချို့ခရီး သည်က ပိုက်ဆံရှိတယ်၊ ချမ်းသာတယ်ဆိုပြီး ဘတ်စ်ကားထဲမှာ လေလုံးထွား၊ အပေါ်စီးက နေတတ်တယ်လို့ ကားစပယ်ယာ တွေက ယူဆပြီး သူတို့ကို စောင်းမြောင်း ရေးထားတာ။ မင်းတို့ တွေ ဘာကောင်ကြီးပဲ ဖြစ်နေဖြစ်နေ ငါတို့ကားထဲရောက်ရင် အများနည်းတူ ကားခပေးပြီး အေးအေးဆေးဆေးနေကြ ဆိုတဲ့ သဘောပေါ့ရှင်”
ရန်လိုကျွဲ တစ်ခါခံလိုက်ရပြီးပြီမို့ နောက်တစ်ခေါက် မေး လာပါက ဂရုတစိုက် ဖြေရမည်ဟု တွေးလိုက်မိသည်။
မနုစာရီ ခေတ္တ ငြိမ်သက်သွားသည်။ သို့သော်လည်း မျက် လုံးက ငြိမ်ငြိမ် မနေ။ ကားရှေ့ပိုင်းတွင် ‘ဗုဒ္ဓံ၊ ဓမ္မံ၊ သံဃံ’ဟူသော စာတန်းကို ရေးထားသည့် ရည်ရွယ်ချက်မှာ အဘယ်နည်းဟု မေးလာပြန်၏။
“ကားထဲကို လူတွေ ပိုရောက်လာအောင် ရေးထားတာ ဖြစ်နိုင်တယ်။ လာဘ်ခေါ်တာများလား မသိ”
“ ဒီစာတန်းရေးမထားလည်း လူတွေက ကားပေါ်တက်လာ မှာပဲမဟုတ်လား။ ကျွန်မ ထင်တာတော့ ဒီစာတန်းရဲ့ ရည်ရွယ် ချက်က အများကြီး ရှိနိုင်တယ်။ သူတို့ကို ဘာသာရေးကိုင်းရှိုင်းတဲ့ သူလို့ မြင်စေချင်တဲ့သဘောလည်း ဖြစ်နိုင်တယ်။ ယာဉ်မတော် တဆမှုလိုမျိုး ပြဿနာအရပ်ရပ် ကင်းဝေးစေဖို့ အကာအကွယ် ယူတာလည်း ဖြစ်နိုင်တယ်ရှင့်”
ဘတ်စ်ကားထဲမှာ စာတန်းတို့၏ရည်ရွယ်ချက်များကို မေး မြန်းပြီး ငါ့ကို ဒေါက်ဖြုတ်နေပြီဟု ရန်လိုကျွဲ ခံစားလိုက်မိသည်။
“ ရှင်က မီဒီယာသမားဆိုတော့ ကြော်ငြာတစ်ခုရဲ့ အဓိပ္ပာယ်၊ ရည်ရွယ်ချက်တွေကို သာမန်လူတွေထက် ပိုသိသင့်၊ သဘောပေါက်သင့်တယ် ”
ဒေါက်ဖြုတ်ခံရသဖြင့် ရန်လိုကျွဲ ဒေါသထွက်လာသည်။ မနုစာရီကို မည်သို့ လက်စားချေရမည်နည်း။
သူ ငယ်စဉ်က အကြောင်းတွေကိုမေးလျှင် သူမှတ်မိနိုင် မည် မဟုတ်၊ ပုဂံခေတ် ကျောက်စာအကြောင်းမေးမည်ဟု ဆုံး ဖြတ်လိုက်မိသည်။
“ ဘာသာလေးမျိုးနဲ့ ရေးထိုးထားတဲ့ ရာဇကုမာရကျောက် စာ ရေးထိုးရခြင်းရဲ့ ရည်ရွယ်ချက်ကို သိလား”
မေးခွန်း ရုတ်တရက် အထုတ်ခံရသဖြင့် မနုစာရီ အံ့သြ သွားဟန်တူသည်။ သို့သော်လည်း မနုစာရီက ခစ်ခနဲ လှလှပပ ရယ်မောလိုက်သည်။ ဘာကြောင့်ရယ်မှန်း မသိ။ မေးသည့် မေး ခွန်းကို မဖြေနိုင်သောကြောင့် ရယ်မောနေခြင်းလည်း ဖြစ်နိုင်သည်။
ရာဇကုမာရကျောက်စာကို ဘာသာလေးမျိုးဖြင့် ရေးထိုး ထားခြင်းမှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ရည် ရွယ်ခြင်းဖြစ်သည်ဟု ကျောင်းတွင် သင်ခဲ့ဖူးသည်။ မနုစာရီက တော့ သင်ဖူးမည်မဟုတ်သောကြောင့် အဖြေကို သိမည် မဟုတ် ပေ။ စကားပင် ဆက်မပြောနိုင်တော့ဟု ယူဆရမလို ဖြစ်နေသည်။
သို့သော်လည်း မနုစာရီစကား ပြောနိုင်သေးသည်။
“ ဒီမေးခွန်းက လွယ်လိုက်တာရှင်။ ကျွန်မတို့ ပုဂံခေတ်က ဒီခေတ်လို မဟုတ်ဘူးရှင့်။ မီဒီယာထွန်းကားတယ်။ အများသိစေချင်တဲ့အကြောင်းအရာဆိုရင် တကယ့်ကို အများသိအောင် လုပ် လိုက်တာပဲ။ ရှင်တို့ခေတ်ကတော့ ပုဂံခေတ်နဲ့ မတူဘူး။ ဒီမှတ် တိုင်ပြီးရင် ဘယ်မှတ်တိုင်ရောက်မယ်ဆိုတာကို ဒီဘတ်စ်ကားထဲ မှာ ရေးမထားဘူး၊ ပဟေဠိလုပ်ထားတယ်။ ပုဂံခေတ်မှာတော့ လူ တွေ ရှင်းရှင်းလင်းလင်း သိအောင် လုပ်လေ့ရှိတယ်။ ကျောက် စာကို ဘာသာလေးမျိုးနဲ့ ရေးထိုးရတဲ့ ရည်ရွယ်ချက်ကတော့ လူမျိုးလေးခုစလုံး နားလည်နိုင်အောင်လို့ပေါ့ရှင် ”
မနုစာရီလည်း ဆင်းရမည့်မှတ်တိုင်ရောက်သဖြင့် ကားပေါ် မှ လှလှပပ တိုးဝှေ့ ဆင်းသွားလေသည်။
ရန်လိုကျွဲလည်း လူပြည့်ကျပ်နေသည့် ဘတ်စ်ကားပေါ် တွင် ကြက်သေသေပြီး ကျန်ရစ်ခဲ့လေသတည်း။
၂၀၁၇-ဖေဖေါ်ဝါရီလထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄၃)မှ သရော်စာ ဖြစ်ပါသည်။
ရန်လိုကျွှဲ ရေးသည်။