မြန်မာပြည်ဟာ လှပတဲ့ သတို့သမီးတစ်ယောက်ဖြစ်နေပြီ။

မြန်မာပြည်ဟာ လှပတဲ့ သတို့သမီးတစ်ယောက်ဖြစ်နေပြီ။

၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၄) မှ သရော်စာဆောင်းပါးဖြစ်ပါသည်။

ဘစီ ရေးသည်။

ကျုပ် ဘစီက အဖော်ကောင်းရင် အရက်ဆိုင်ထိ လိုက်တယ်ဆိုတဲ့ ကောင်မျိုးဗျ။ အခုလည်းကြည့်လေ။ မြန်မာပြည်မှာ ပထမဆုံး သတင်းမဂ္ဂဇင်း(အယ်ဒီတာတွေ အဆိုပေါ့လေ) ဖြစ်တဲ့ မော်ကွန်းက အယ်ဒီတာသုံးယောက်နဲ့ တနေ့တုန်းက စကားစပ်မိတယ်။ သူတို့က တွေ့တွေ့ချင်း ဘာပြောတယ်မှတ်သလဲ။“ကိုဘစီ ခင်ဗျား ဒီအတိုင်းနေတော့မှာလား” တဲ့။ကျုပ်ဟာကျုပ်နေတာ ဒီမောင်တွေ ဘာမနာလိုဖြစ်သလဲတော့ မသိဘူး။ “ ဟ မောင်ရင်တို့ ကျုပ်က ဒီအတိုင်းမနေလို့ ထောင်ထဲ သွားနေရမှာလား” လို့ စိတ်ပေါက်ပေါက်နဲ့ ပြန်ပြီးအငေါ်တူးမိတယ်။

ဒီမှာတင် ဇေယျာလှိုင်ဆိုတဲ့ မောင်က “ ဟုတ်တယ် ကျွန်တော်တို့ကလည်း ခင်ဗျားကို အဲလိုဖြစ်စေချင်တာ” တဲ့ဗျာ။ ဒီလူတွေကိုကျုပ်က လူတော် သတင်းသမားကလေးတွေလို့ အောက်မေ့ပြီး ပေါင်းနေတာ။ အခုတော့ နောက်ကျော ဓားနဲ့ထိုးမယ့် ငနဲတွေပါကလား။

“ မဟုတ်ဘူးဗျ၊ တမျိုးမတင်နဲ့ ကိုဘစီ။ ကျနော်တို့ မဂ္ဂဇင်းမှာ သရော်စာကလေး ဘာလေးရေးစမ်းပါ” ဆိုပြီး သွားလေသူ ပြန်ကြားရေးဝန်ကြီးနဲ့ ရုပ်အဆင်းတူတဲ့ မောင်ဉာဏ်လင်းက အညာမျက်နှာပေးနဲ့ လေပြေကလေးထိုးတယ်။ မက်လုံးက လေးလည်း ပါသေးတယ်ဗျ။ သူက ဒီခေတ်မှာ ကြီးပွားမဲ့ သန္ဓေပါလာပုံရတယ်။ အပေးအယူ တတ်တယ်။ အဝင်အထွက် ညက်တယ်။ စာမူခလည်း မြိုးမြိုးမြက်မြက်ပေးပါမယ်တဲ့လေ။ ဒါတော့ ဘစီတို့က ကြိုက်တာပေါ့ဗျာ။ မြန်မာပြည်မှာ စာရေးပြီး သူဌေးမဖြစ်နိုင်တာသိပေမဲ့ နည်းနည်းပါးပါး သုံးရစွဲရလည်း မနည်းဘူးမှတ်လား။ “ကဲ အောရိုက်ပေါ့ဗျာ”

ဒါနဲ့ ပွဲကမပြီးသေးဘူး။ “နေဦး” ဆိုပြီး ဝင်းဇော်လတ် ဆိုတဲ့ တစ်ယောက်က စကားစပြန်တယ်။ ဒီလူတွေ အလုပ်အပ် တာလဲဗျာ၊ အဆင့်ဆင့်ပါကလား။ တစ်ယောက်တည်းပြောလိုက်လဲ ပြီးတဲ့ဟာကို အဆင့်ဆင့် တလှည့်စီ ပြောနေတော့ ကျူပ် ဘစီဆိုတဲ့ကောင်ကလည်း အစကတည်းမှ စိတ်က သိပ်ရှည်ချင်တာ မဟုတ်ဘူး။ နည်းနည်းတော့ အချဉ်ပေါက် နေပြီ။

“ မင်းတို့ကလည်းကွာ ငါ့ကို စာမူအပ်တာ လွှတ်တော်အထာတွေလာလုပ်နေတယ်။ အဆိုတစ်ခုကို အဆင့်ဆင့်တင်နေ ရသလိုမျိုးပဲ။ ခွီးမှ..” လို့ ကျုပ်လည်း လွတ်ပြောမိတယ်။ အံမယ် မောင်တွေက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး ငရံ့ပြုံးလေးတွေနဲ့။ အော် ငရံ့အပြုံးဆိုတာလား။ မှိုရတဲ့ မျက်နှာမျိုးနဲ့ အတူတူပဲဗျ။ ငါတု့ိအကွက် ဝင်ပြီဆိုတဲ့ အဓိပါယ် ပေါ့ဗျာ။ တအောင့်နေတော့ ဝင်းဇော်လတ်ဆိုတဲ့ငနဲဆီက ညောင်နာနာအသံထွက်လာတယ်။

“ ဟုတ်တယ် ကိုဘစီ။ ကျနော်တို့ကလည်း အဲဒီ လွှတ်တော်နဲ့ ပတ်သက်တာလေးပဲ နည်းနည်းသရော်ပေးစေချင်တာပါ။ မော်ကွန်းက သတင်းမဂ္ဂဇင်းဆိုတော့ သတင်းနဲ့ ဆိုင်တာလေးတွေ သရော်တော့ လိုက်ဖက်တာပေါ့ဗျာ၊ ဟဲ ဟဲ”

ကျုပ် နည်းနည်းတော့ စိတ်တိုသွားတာ အမှန်ပဲ။ ဘယ်နှယ့်ဗျာ။ ခိုင်းစရာရှားလို့ လွတ်တော်ကိုမှ သွားသရော်ခိုင်းတယ်။ လွတ်တော်က သူ့အလုပ်သူ နေပြည်တော်မှာ လုပ်နေတာလေ။ ပုံမှန်စည်းဝေးတယ်။ အဆိုတင်တယ်။ မဲခွဲတယ်။ အတည်ပြုတယ်။ ဒါပဲလုပ်နေတာ။ ဘာအမှားပါတာမှ မဟုတ်ဘဲဗျ။ ကျုပ်ဖင်ကို တုတ်နဲ့ လာထိုးနေတာလည်း မဟုတ်ဘူး။  မဟုတ်မှလွဲရော ဒီငနဲတွေ ကျုပ်ကို ဂျောက်ချချင်တာပဲဗျ။ သေချာတယ်။

“ ဒီမယ် မောင်ရင်တို့ ကျုပ် ဒါမျိုးမလုပ်နိုင်ဘူး။ အများပြည်သူက ဆန္ဒသဘောညီမျှစွာနဲ့ ရွေးကောက်ထားတဲ့ လွတ်တော် အမတ်မင်းများကို ကျုပ်မဝေဖန်နိုင်ဘူး။ ဝေဖန်ဖို့လည်း မသင့်ဘူး။ လွတ်တော်ဆိုတာ ကျုပ်တို့ အခု ရထားပြီဖြစ်တဲ့ ဒီမိုခရေစီ အဲအဲ လျှာလိပ်သွားလို့ကွာ။ ဒီမိုကရေစီရဲ့ အသက်ကွ။ ဦးနှောက်ကွ၊ နှလုံးသားကွ။ ဒီလောက်တိုင်းပြည်မှာ အရေးကြီးတဲ့လွတ်တော်ကို ငါက သွားဝေဖန်ရမယ်ဆိုတာ ဒီမိုကရေစီကို စော်ကားတာကွ။ လူထုဆန္ဒကို မျက်ကွယ် ပြုတာကွ။

“ နေဦး ကျုပ်ဆက်ပြောဦးမယ်။ ကျုပ်က နိုင်ငံသားတယောက်။ လွတ်တော်ထဲမှာရှိတဲ့ အမတ်တွေဆိုတာက ကျုပ်တို့ နိုင်ငံ သားတွေရဲ့ ဆန္ဒမဲတွေနဲ့ တညီတညွတ်တည်းတက်လာကြတာတဲ့ကွ။ ဟုတ်တယ်။ ငါတို့တတွေ အသည်းကြားက မဲတပြား နဲ့ အမတ်ဖြစ်လာတဲ့သူတွေကို ငါတို့က ဘာကြောင့် ဝေဖန်ရမလဲကွာ။ သူတို့ရဲ့ ဆုံးဖြတ်ချက်က မမှားနိုင်ဘူး မဟုတ်လား ကွာ။ အဲတော့ “တည်မိတဲ့ဘုရား လင်းတ နားနား” ဆိုတာလိုပဲ။ မင်းတို့ မကြိုက်ဘူးဆိုလည်း နောက်ရွေးကောက်ပွဲကျ မဲမပေးနဲ့ပေါ့။ အခုတော့မဝေဖန်ကြပါနဲ့”

ကျုပ်က မဟာလွတ်တော်ချီးမွမ်းခန်းကြီးကိုပြောတော့ ဒီ အယ်ဒီချာတွေခင်ဗျာ ပါးစပ်အဟောင်းသားနဲ့ ကျူပ်ကို ငေးကြည့် နေတာများ ရုပ်ရှင်ရိုက်ထားဖို့တောင်ကောင်းတယ်။ အော် ‘အယ်ဒီချာ’ လို့ပြောရတာက ကျုပ်လောက် မတော်လို့ နှိမ်တာ မဟုတ်ပါဘူးဗျာ။ သူတို့က အယ်ဒီတာဆိုတဲ့ မဟာတာဝန်တော်ကြီးကို ထမ်းနေပေမဲ့ လူကလေးတွေက ချာတိတ်အရွယ် ရှိသေးတာကိုး။ ဒါကြောင့် မြန်မာစကားကို သံခိပ်(အကျဉ်းချုပ်) လုပ်ပြီး ‘အယ်ဒီချာ’လို့ ခေါ်လိုက်တာပါ။

ကျုပ်အဲလိုပြောတော့ ဇေယျာလှိုင်ဆိုတဲ့ မုတ်ဆိတ်မွေးနဲ့ မောင်က ခပ်ကုတ်ကုတ်ကလေးဗျ။ မောင်ဉာဏ်လင်းဆိုတာ တော့ ပြောမနေနဲ့ အရပ်ပုရတဲ့အထဲ ကျူပ်ရဲ့ ချက်ကျကျ ဟိတ်လုံး၊ ဟန့်လုံးတွေကြောင့် ရှိန်တယ် ထင်ပါရဲ့။ ဂုတ်က လေးကို ပုလို့။ ဝင်းဇော်လတ်ဆိုတဲ့ မောင်ကလည်း မျက်နှာသေကလေးနဲ့ နှုတ်ခမ်းကို လျှာနဲ့ မကြာမကြာသပ်နေတယ်။

“  မဟုတ်ဘူး အစ်ကိုကြီး ဘစီ။ ဒါ အစ်ကိုကြီး ဝါဒဖြန့်ခံထားရတာ” ဆိုပြီး မောင်ဇေယျာလှိုင့်ဆီက အက်ကွဲကွဲ အသံ ထွက်လာတယ်။ ဟာ တခါလာပြန်ပြီ။ ကျူပ် သူ့မျက်နှာကို တည့်တည့်ကြည့်ပစ်လိုက်တယ်။ အစ်ကိုကြီး လို့ ကျုပ်ကိုခေါ်လို့ နည်းနည်း ကျေနပ်သွားလို့သာ။ နို့မဟုတ်ရင် ဒင်းရဲ့ မုတ်ဆိတ်မွေးကို တစစီဆွဲနုတ်ပစ်မိမှာ။ ဉာဏ်လင်းနဲ့ ဝင်းဇော် လတ်ကတော့ အခြေအနေကို အကဲခပ်နေပုံပဲ။

“ ဒီလိုပါဗျာ။ အစ်ကိုကြီး ကိုဘစီဟာ အမှန်တရားကို ချစ်တဲ့သူလို့ ကျနော်တို့ ယုံပါတယ်။ အုပ်ချုပ်သူ မျက်နှာထက် ပြည်သူ့မျက်နှာကို ကြည့်မဲ့သူပါ။ တရားမှုနဲ့ မတရားမှုမှာ တရားတဲ့ဘက်က ရပ်တည်မဲ့လူပါ။ ပြီးတော့ ဒီမိုကရေစီကို လိုလားတဲ့သူ။ လူ့အခွင့်အရေးကို စုံမက်တဲ့သူဆိုတာ ကျနော်တို့ သိထားပါတယ်။ မှန်တာပြောတဲ့အတွက် ဘယ်သူ့ အမုန်းကိုမဆို ခံယူရဲတယ်လို့ ပြောခဲ့တယ်မဟုတ်လား။ အဲတော့ မတရားတာ။ မမျှတဘူးဆိုတာ။ ပြောရင်တော့ မဖြစ်သင့်ဘူး ထင်တာတွေကို ရေးစမ်းပါလို့ ကျနော်တို့က တိုက်တွန်းတာပါ”

သူတို့က အဲလို ရှည်ရှည်ဝေးဝေးနဲ့ ရိုရိုကျိုးကျိုးပြောနေတော့လည်း ကျုပ် စိတ်နည်းနည်းပြေပါတယ်လေ။ ကျုပ်ကို ‘အစ်ကိုကြီး’ လို့ တလေးတစားခေါ်တာလည်း ဘဝင်တွေ့တယ်ပေါ့ဗျာ။ ကဲ ငါ့ညီတို့ရာ မင်းတို့က ကျုပ်ကို ဘာရေးစေ ချင်တာတုံး ဟ။ဒီတင် မောင်ဉာဏ်လင်းက သူ့အကွက်ဝင်ပြီဆိုတဲ့ ဟန်ကလေးနဲ့ ပါးစပ်ပြင်လိုက်တယ်။ ပြီးတော့“ ကိုဘစီ ဟိုကိစ္စကြားပီး ပလား။ စုံစမ်းစစ်ဆေးရေးကော်မရှင်ကိစ္စလေ” တဲ့။

ခက်တယ်ဗျာ။ ဒီမောင်တွေနဲ့ စကားပြောရတာ ရှင်းရှင်းဘွင်းဘွင်း မရှိဘူးဆိုတာ အဲဒါပြောတာ။ သတင်းစာဆရာတွေလုပ်ပြီး ဒိုးဒိုးဒေါက်ဒေါက်မရှိဘူး။ သူတို့ စကားပြောနေတာ သူကြီးသမီး ကို ရွာက ကာလသားတွေ လူပျိုလှည့်သလိုပဲဗျ။ သူကြီးသမီးလည်း ကြိုက်သေးတယ်။ သူကြီးသေနတ်လည်းကြောက် သေးဆိုတော့ ဟိုကလှည့်ချောင်း ဒီကလှည့်ချောင်းလုပ်တဲ့ အပေါက်မျိုးပဲ။

“ကဲ တည့်တည့်ပြောကြစမ်းပါကွာ။ အခု စုံစမ်းစစ်ဆေးရေးကော်မရှင်ဆိုတာ ဘာကိုစုံစမ်းမဲ့ ကော်မရှင်တုန်း။ အခုကာလ မှာ  ထစ်ခနဲရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့တယ်ဆိုတာချည်းဖြစ်နေတော့ ကော်မရှင်တွေကလည်း အများသားမှတ်လား။ ကော်မရှင်ဖွဲ့တာ ခေတ်စားနေလို့ ငါ့ရွာက ညီဝမ်းကွဲတစ်ယောက်က “ အစ်ကိုကြီး ကျူပ်ဝမ်းချုပ်နေတာ လေးငါးရက်ရှိပြီဗျ။ အဲဒါ ဆေးလေးတဖုံလောက် ဝယ်ပြီး လူကြုံပါးစမ်းပါ” ဆိုလို့ မင်းဟာက ရိုးရိုးဝမ်းချုပ်တာလား၊ လိပ်ခေါင်းများဖြစ်နိုင် သလားဆိုတာ သေချာဖို့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး အရင်သေချာအောင်လုပ်လို့ ပြောလိုက်မိသေးတယ်။ ကဲ အခု ဘာစုံစမ်းစစ်ဆေးရေးကော်မရှင် ပေါ်ပြန်တာတုန်းဟ”

ဒီတင် မဆီမဆိုင် ဝင်းဇော်လတ်က မောင်ဉာဏ်လင်းဘက်လှည့်ပီး မေးငေါ့တယ်။ ဘာတွေမှန်းတော့ကျူပ် တ ကယ် မသိရိုးအမှန်ပါ။

“ ဒေါက်တာ ဆိတ်ဖွား စုံစမ်းစစ်ဆေးရေးကော်မရှင်တဲ့လေဗျာ” တဲ။ ဇေယျာလှိုင်ကပြောတယ်။ ကျုပ်က သေချာ နားမ လည်လိုက်ဘူး။ ဘယ်က ဒေါက်တာဆိတ်ဖွားတုန်းဟ။ မင်းသိင်္ခဝတ္တုတွေထဲက ဇာတ်ကောင်လားပေါ့ဗျာ။ မင်းသိင်္ခဝတ္တု ထဲက ဒေါက်တာဆိတ်ဖွားနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်နဲ့ ဘာများပတ်သက်သတုန်း။ ကျူပ်  တကယ်နားမလည်ဘူးဗျာ။ ဒီတော့မှ အယ်ဒီတာသုံးယောက်က ရှင်းပြတယ်။ ဒါပေမဲ့ ကျုပ်တော့ ဇာတ်ရည်မလည်ဘူး။ မယုံလည်း မယုံနိုင်ဘူး။

ဒီလိုတဲ့ဗျာ။ ဒေါက်တာဆိတ်ဖွားဆိုတဲ့ လူက လွတ်တော်ဟာ ဥပဒေရဲ့အထက်မှာ ရှိတယ်ဆိုပြီး ရေးလို့တဲ့ဗျ။ ရေးတာက လည်း အိမ်သာနတ် အဲလေ ဆောရီး အင်တာနက်စာမျက်နှာပေါ်က ဘလော့ဂ်ဆိုတာကြီးမှာ ရေးတာတဲ့ဗျာ။ ဘလော့ဂ် ဆိုတာ ကျူပ်တော့ သေချာမသိပေါင်ဗျာ။ ထားပါတော့။ အဲဒါ ဒီလိုရေးတာဟာ လွတ်တော်ရဲ့ ဂုဏ်သိက္ခာကို ညိူးနွမ်း စေတယ်။အသရေ ပျက်စေတယ်ဆိုပြီး လွတ်တော်အမတ်တစ်ယောက်က အဆိုတင်သတဲ့။ တင်တဲ့ အဆိုကို လွတ်တော် က မဲခွဲအတည်ပြုတဲ့အခါ ဒေါက်တာဆိတ်ဖွားကို အရေးယူဖို့ ဖြစ်လာတော့တာတဲ့။

ခက်တာက အရေးယူမယ်သာဆိုတာ ဒေါက်တာဆိတ်ဖွားဆိုသူက  ဘယ်သူမှန်းလည်းသိကြတာမဟုတ်ဘူးတဲ့။ အဲဒါ ဒေါက်တာဆိတ်ဖွား ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရမှ အရေးယူလို့ရမှာဆိုတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးတော့ စုံစမ်းဖို့ စီစဉ်ကြတာပါတဲ့လေ။

ဒါတွေ ကျူပ်ကို  မော်ကွန်းအယ်ဒီတာ သုံးယောက်က တစ်ယောက်တစ်ပေါက်ရှင်းပြတယ်။ ပြီးတော့ ကျုပ်ကို မေးခွန်းနည်း နည်းမေးမယ်ဆိုပြီး  လုပ်ပြန်ရောဗျာ။ ကဲ လုပ်ဆိုလည်း လုပ်ပေါ့ကွာ။ မေးခွန်းက သုံးခုထဲပါ။ ပရိသတ်များ အောက်တွင် ရှုစားတော်မူပါ။

မော်ကွန်း– ကိုဘစီဟာ အိမ်က မိန်းမရဲ့ အထက်မှာ ရှိသလား အောက်မှာရှိသလား။

ဘစီ- ဘစီရဲ့ မိန်းမ မဒမ်ဘစီဟာ ကျုပ် ဘစီရဲ့ အထက်မှာ ရှိသလား၊ ဘေးမှာ ရှိသလားဆိုတာ အတွင်းရေးတွေပါ။ ဘယ်သူမှ မသိနိုင်ပါဘူး။

မော်ကွန်း– အဲ မဒမ်ဘစီဟာ ဘစီရဲ့ အထက်မှာ ရှိနေတယ်လို့ ဝေဖန်ရင် စိတ်ဆိုးမှာလား။

ဘစီ– ဘာလို့ စိတ်ဆိုးရမှာလဲ။ အမှန်တော့ မဒမ်ဘစီဟာ ဘစီရဲ့ အထက်မှာ မရှိပါဘူး။ ဘစီရဲ့ အောက်မှာလည်း ရှိတာ မဟုတ်ပါဘူး။ ဘေးချင်းယှဉ်ပြီး ရှိနေတာပါ။ ဘေးတိုက်ကြီးပေါ့။

မော်ကွန်း– ဒီတော့ ကိုဘစီခင်ဗျား နောက်ဆုံးမေးခွန်းကလေးပါ။ ကိုဘစီဟာ မဒမ်ဘစီကို ကြောက်ရသလား။

ဘစီ- ဘစီက မဒမ်ဘစီကို သိပ်ချစ်ပါတယ်။ ဒါကြောင့် စိတ်နဲ့တောင် မပြစ်မှားပါဘူး။

မော်ကွန်း– ဒီတခါလည်း နောက်ဆုံးပါပဲ။ ဘာများဖြည့်စွက်ပြီး ပြောဦးမလဲ။

ဘစီ – မောင်ရင်တို့ရယ်၊ ဒီလိုကွယ်၊ မဒမ်ဘစီဟာ ဘစီနဲ့ သားသမီးများအတွက် စီမံရတယ်၊ ခန့်ခွဲရတယ်။ ဒီနေ့ဖြင့် ဒီအဝတ်ကို ဝတ်၊ ဒီနေ့တော့ ငါးပိရည်နဲ့ တို့စရာနဲ့သာစား။ ဒီနေ့တော့ လိုင်းကားစီးသွား။ တက္ကစီမစီးနဲ့နော်။ အရက်ဆိုင်က စောစော ပြန်လာ၊ အနှိပ်ခန်းလည်း မသွားနဲ့ စသည်ဖြင့် အဲသလို ကိစ္စများမြောင် လူတို့ဘောင် အဲလေ ဘစီတို့ဘောင်ကို  စီမံခန့်ခွဲပေးနေရတဲ့သူပါ။

အဲတော့ မဒမ်ဘစီဟာ ဘစီတို့အတွက်တော့ မရှိမဖြစ်တဲ့ လွတ်တော်ကြီးနဲ့ ပုံစံတူပါတယ်။ ကိစ္စတွေအားလုံးကို သူ့လက်သူ့ခြေ ဆုံးဖြတ်လုပ်ကိုင်ခွင့်ရနေတော့လည်း မဒမ်ဘစီသည် တခါတလေမှာ အနည်းငယ် သွေးနားထင်ရောက် တတ်ပါတယ်။ ဆောင့်ကြွားကြွားလည်းနိုင်ပါတယ်။ လူ့သဘာဝလို့ ဆိုရမှာပေါ့။ ဒါပေမဲ့ ဘစီက ခွင့်လွတ်ပါတယ်။ ချစ်ခင် ပါတယ်။ မြတ်နိုးပါတယ်။ တွယ်တာပါတယ်။ ဒါကြောင့် လွတ်တော်နဲ့ တူတဲ့ မဒမ်ဘစီကို ကျုပ် မောင်ဘစီက စိတ်နဲ့တောင် မပစ်မှားရက်ပါဘူး။ အလွန်ရိုသေပါတယ်။ ဒါကြောင့် မောင်ရင်တို့လည်း အိမ်က မောင်ရင်တို့ရဲ့ လွတ်တော်တွေကို စိတ်နဲ့တောင် မပြစ်မှားကြပါနဲ့။

ဒီလိုနဲ့ အဲဒီနေ့က မော်ကွန်းအယ်ဒီချာ(တာ) များနဲ့ တွေ့တာပွဲသိမ်းသွားရော။ ဒီငမိုက်သားတွေ ကျုပ်ကို ဘီယာတိုက် ပြီးပြုစုပါ့မယ်လုပ်လို့ မနည်းငြင်းခဲ့ရသေးတယ်။ မငြင်းလို့ မရဘူးဗျ။ မဒမ်ဘစီက ဒီရက်တွေမှာ ညရှစ်နာရီထက် အိမ်ပြန် နောက်ကျရင် ရိက္ခာဖြတ်မတဲ့၊ ကိုယ်ရိက္ခာကိုယ်ဖန်တီးတဲ့ဆိုလို့လေ။ အော် တလွဲမတွေးနဲ့ဦး။ ရိက္ခာဆိုတာ ညထမင်းပွဲ ကိုယ့်ဟာကိုယ်ခူးစားလို့ ဆိုလိုတာပါဗျာ။ ဒါကြောင့် ကျုပ်လည်း အိမ်ကို စောစောပြန်လာတာပေါ့။

ဒါနဲ့ တရက်ကျတော့ ဖေ့ဘွခ်ဆိုတာကြီးကို ကျုပ် ဖွင့်ကြည့်မိတယ်ဗျာ။ အဲမှာ မကြာမီ မော်ကွန်းမှာ ဘစီရေးမဲ့ သရော်စာ နာမည်ကို ကြေညာထားတာတွေ့ရတော့တာပဲ။ တွေ့တွေ့ချင်း ကျူပ် အတော်ဇဝေဇဝါ နိုင်သွားတာပါ။ နာမည်ကလည်း ကြည့်ဦး။ “လွတ်တော်ကို ‘ဆိတ်’နဲ့တောင် မပြစ်မှားနဲ့” ဆိုပဲဗျာ။ ဟာ သွားပြီပေါ့ ။ ဒီ အယ်ဒီတာတွေ အခုတခါ တကယ် ချာပြီ။

သိပ်မကြာပါဘူး။ ဇေယျာလှိုင်ရဲ ညောင်နာနာ အက်ကွဲသော ဝီစကီအသံနဲ့ ကျူပ် ဖုန်းနံပါတ်ကို ဆက်သွယ်လာမှုကို လက်ခံရရှိပါရောဗျာ။ သူပြောတာ ကျုပ် အရင်းအတိုင်း ပြန်လည်ဖော်ပြပါ့မယ်။“ ဟဲလိုး အစ်ကိုကြီး ဘစီ၊နေကောင်းထိုင်သာရှိပါသလားခင်ဗျ”

“ ဟိုင်း ညီလေး ဇေယျာ ပြောဗျ၊ ကောင်းသပါ့။”

“ အစ်ကိုကြီးကို ညီလေးတို့ တောင်းပန်ချင်လို့ပါ” “ အလို ဘာများ ကိုယ့်ညီတို့က အမှားလုပ်လို့တုန်း”

“ ကျနော်တို့ စာလုံးပေါင်းသတ်ပုံမှားသွားတဲ့ ကိစ္စကလေးပါ”

“ အော် သိပီ။ “စိတ်” နဲ့ “ ဆိတ်” ကိစ္စမဟုတ်လား”

“ ဟုတ်တယ် ကိုဘစီ။ကျနော်တို့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒီကိစ္စ ဟိုအညာသားကြောင့်ဖြစ်ရတာပါ”

“ နို့၊ နေပါဦး ဘယ်ကဘယ်လို အညာသားက ပါလာတာတုန်းကွ”

“ ဉာဏ်လင်း လေဗျာ။ ပျော်ဘွယ်သားပေါ့”

“ ဟုတ်ပါပီ ဆိုစမ်းပါဦး”

“ အစ်ကိုကြီးက လွတ်တော်ကို စိတ်နဲ့တောင့် မပစ်မှားနဲ့လို့ ပြောတာကို ဉာဏ်လင်းက သိပ်ကြိုက်သွားတယ်တဲ့ဗျာ။ ဒါဟာ သတင်းစာပညာသဘောတရားအရ ဂွတ်ကုပ်(Good Quote) ပဲဆိုပြီး အားရဝမ်းသာ ရေးလိုက်တာပါ”

“ အယ်၊ နေစမ်းပါဦး။ ငါပြောတာ ဘာများ ဖောင်းသွားလို့တုန်း”

“ ဒီလိုလေ အစ်ကိုကြီးရဲ့၊ လွတ်တော်ကို စိတ်နဲ့တောင် မပစ်မှားနဲ့ ဆိုတဲ့စကားဟာ ကာလ ဒေသ ပယောဂနဲ့ ညီညွတ် သွားပြီးတဲ့နောက် မဟာသတင်းဉာဏ်တော်စူးရောက်တဲ့ ဉာဏ်လင်းရဲ့ ဖန်တီးလိုက်ခြင်းက စတာ ပါပဲ”

“ ငါ မရှင်းဘူးကွာ၊ တည့်တည့်ပြောစမ်းပါ”

“ အစ်ကိုကြီးက လွတ်တော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့ ပြောခဲ့ပါတယ်။ ဒါကို “စ”သံနဲ့ “ဆ” သံ မကွဲဘဲ နားကြားလွဲတဲ့ အညာသား ဉာဏ်လင်းက ငါတို့ပိုင်ပြီဆိုပြီး ရေးလိုက်ရာမှာ “ဆိတ်” ဖြစ်သွားတာပါပဲဗျာ။ ဒေါက်တာ ဆိတ်ဖွားက လွတ်တော်ကို စော်ကားမော်ကားရေးထားလို့ အခုတလော ပွက်လောထနေတဲ့ သတင်းဂယက်ကလည်း ရှိနေတာကိုး။ စိတ်စွဲတာလည်းဖြစ်မှာပါ။

“ဒါကြောင့် ဉာဏ်လင်းရဲ့ မဟာသတင်းသမားဉာဏ်က စူးစူးရှရှဖြစ်ပြီး ကွန့်မြူးဖော်ပြလိုက်တာပါပဲ။ ဒါပေမဲ့ ဒီလိုရေးလိုက် တာကို စာဖတ်ပရိသတ်တွေက အကြိုက်တွေ့တဲ့အတွက် အခုဆို မော်ကွန်းမဂ္ဂဇင်းရဲ့စောင်ရေဟာ နောက်တစ်လအတွက် အမှာစာ တစ်သောင်းကျော်လောက် ထိုးတက်သွားပါတယ်အစ်ကိုကြီး။ ကျနော်တု့ိရဲ့ မဂ္ဂဇင်းရဲ့အနာဂတ်ကို အစ်ကိုကြီး ဘစီရဲ့ ပြောင်မြောက်တဲ့စကားတခွန်းက ကယ်တင်လိုက်တာပါပဲ”

“ ဒါပေမဲ့ အစ်ကိုကြီး စိတ်ချပါ။ ဘစီဆိုတာ ဘယ်သူဘယ်ဝါဖြစ်ကြောင်း အာဏာပိုင်တွေကို ကျနော်တို့ ဖော်ထုတ်ပြော ဆိုမှာမဟုတ်ပါဘူး။ ပြီးတော့ အစ်ကိုကြီးလည်း ကျနော်တို့ မဂ္ဂဇင်းမှာ လစဉ်ပင်တိုင် စာမူချီးမြှင့်ပေးပါ”

ကျူပ်ဒီစကားကြားတော့ ငိုရမှာလား။ ရယ်ရမှာလား မသိနိုင်အောင်ဖြစ်သွားတယ်ဗျာ။ လေလည်ချင်သလို ဝမ်းသွားချင် သလို၊ ဆီးအောင့်သလို မအီမလည်ကြီးခံစားနေရတာပါ။ ကျုပ်မှာ အခုတလော ကျီးလန့်စာစားနေရတာလည်း အမှန်ပါဗျ။ ကိုယ်မသိတဲ့ တယ်လီဖုန်းနံပါတ်နဲ့ ဖုန်းသံမြည်လာရင် ကျူပ်ရဲ့ သက်ထားဒေဝီ မဒမ်ဘစီကိုပဲ ဖုန်းကိုင်ခိုင်းထားရတယ်။ ကျူပ်ကိုမေးရင် ကိုဘစီ ခရီးသွားနေတယ်လို့ ပြောဆိုပြီးလည်း သင်ထားရတာပေါ့။

ဟုတ်တယ်။သိပ်မကြာခင်“ဘစီစုံစမ်းစစ်ဆေးရေးကော်မရှင်” ဆိုတာကြီးများပေါ်လာမလားဆိုပြီး နေ့စဉ်နဲ့အမျှ ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာကို အမောတကြီး လှန်နေရတော့တယ်။

တကယ်ဆို ကျုပ် လူပေါင်းမှားခဲ့တာပါ။ အခုတော့ ရင်တထိတ်ထိတ်နဲ့နေရတဲ့ဘဝရောက်ရပါပြီဗျာ။ ဒါကြောင့် မှားတာရှိရင် ဘစီကို အပြစ်မယူပါနဲ့။ မော်ကွန်းအယ်ဒီတာတွေကိုသာ အရေးယူကြပါခင်ဗျား။   ။

[ ပြီးပါပြီ။ ]

 

အမျိုးအစား - သရော်စာ

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."