စစ်တွေ၊ ၂၀၂၄၊ မေ ၂၀ (မော်ကွန်း)
အာရက္ခတပ်တော် AA အပေါ် RSO၊ ARSA နဲ့ ARA အဖွဲ့အစည်းတွေနဲ့ဆက်နွယ်နေတဲ့ နိုင်ငံတကာရောက် အရပ်ဘက်အဖွဲ့အစည်းတွေကစွပ်စွဲနေတာတွေဟာ မြေပြင်အခြေအနေနဲ့ကွဲလွဲနေသလို ရခိုင်ပြည်နယ်မှာ စစ်ကောင်စီဖြစ်စေချင်တဲ့ လူမျိုးရေးပဋိပက္ခကို အားပေးရာရောက်တယ်လို့ AA က ဒီနေ့ ထုတ်ပြန်ကန့်ကွက်ပါတယ်။
ဘူးသီးတောင်မှာ မေ ၁၇ ရက်က နေအိမ်တွေမီးလောင်တာဟာ စစ်ကောင်စီက ညဘက်ကြီး လေကြောင်းကနေ ဗုံးကြဲခဲ့လို့ဖြစ်ပြီး ဒါကို AA ကလုပ်သလို နိုင်ငံတကာရောက် ရိုဟင်ဂျာအရေးတက်ကြွသူတွေစွပ်စွဲတာဟာ မမှန်ကန်ဘူးလို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ကုလသမဂ္ဂလူအခွင့်အရေးဆိုင်ရာမဟာမင်းကြီး ဗော်ကာတာ့ခ်(Volker Turk) က ရခိုင်မြောက်ပိုင်းက ဘူးသီးတောင်မြို့ ကို AA ထိန်းချုပ်ပြီးနောက် နေအိမ်တွေမီးလောင်တဲ့အပေါ် စိုးရိမ်တယ်လို့ ထုတ်ဖော်ပြောအပြီးမှာ AA ဘက်က အခုလိုတုန့်ပြန်လိုက်တာလည်းဖြစ်ပါတယ်။
AA က သူတို့ဟာ လူမျိုးဘာသာမရွေး စစ်ပွဲအတွင်းမထိခိုက်ဖို့ ကြိုးစားကယ်ထုတ်နေသလို ‘စစ်အား စစ်စည်းကမ်းနှင့်အညီသာ တိုက်ရမည်’ဟူသည့်ကျင့်ဝတ်ကို လိုက်နာဆောင်ရွက်နေတာဖြစ်ပြီး အရပ်သားပစ်မှတ်တွေကို ဗုံးကြဲနေတဲ့ စစ်ကောင်စီနဲ့မတူဘူးလို့ တုန့်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ အကြမ်းဖက်လိုသောမူဆလင်လူငယ်တွေကို စစ်သင်တန်းပေးကာ AA ကို တိုက်ခိုက်ခိုင်းတာ၊ တစ်ချိန်တုန်းက သူတို့အကြမ်းဖက်အဖြစ် ကြေညာခဲ့တဲ့ RSO၊ ARSA နဲ့ ARA စတဲ့ ရိုဟင်ဂျာလက်နက်ကိုင်တွေနဲ့ပါပူးပေါင်းပြီး သူတို့ကိုတိုက်ခိုက်နေတာလို့ ထုတ်ပြန်ရှင်းလင်းထားပါတယ်။
၂၀၁၇ မှာ ARSA ဆိုတဲ့ ရိုဟင်ဂျာအစွန်းရောက်အဖွဲ့နဲ့ မြန်မာစစ်တပ် စစ်ပွဲဖြစ်ပွားပြီး ရိုဟင်ဂျာဒုက္ခသည် တစ်သန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ရတာဖြစ်ပြီး အဲဒီကိစ္စအတွက် မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး(ICJ) မှာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲခံခဲ့ရသလို လက်ရှိဖြေရှင်းနေရဆဲဖြစ်ပါတယ်။
AA ကတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီ ကင်းစင်သွားဖို့ သူတို့ ဆက်လက် တိုက်ပွဲဝင်မှာဖြစ်ပြီး စစ်ကောင်စီ ဖန်တီးနေတဲ့ လူမျိုးရေးပဋိပက္ခကျော့ကွင်းကို မဝင်မိစေဖို့ ကူညီကြဖို့ တောင်းဆို ထုတ်ပြန်ထားပါတယ်။
ပုံစာ- ဧပြီလတိုက်ပွဲတွေအတွင်း AA သိမ်းခဲ့သည့် ဘူးသီးတောင်မြို့အခြေစိုက် ခမရ(၅၆၄)တပ်ရှေ့တွင် တွေ့ရသည့် အာရက္ခတပ်သားတချို့။
ဓါတ်ပုံ-AA Info Desk