ပဲခူး – ၂၀၂၃ ဩဂုတ် ၁၀ (မော်ကွန်း)
ပဲခူးမြစ်ရေကြီးကာ ပဲခူးမြို့ထဲအထိ ရေဝင်လာတာကြောင့် ဒေသခံနှစ်ထောင်ခန့်ကို ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတွေကို ပို့ထားရတယ်လို့ ပဲခူးမြို့ခံ ပရဟိတအဖွဲ့တွေဆီက သိရပါတယ်။
ပဲခူးမြစ်ရေဟာ မနေ့ကနေ့လယ်ပိုင်းခန့်ကစပြီး စိုးရိမ်ရေမှတ်ကိုရောက်ရှိခဲ့ပြီး မြို့ထဲမှာရေကြီးခဲ့တာကြောင့် မြို့ရဲ့အနိမ့်ပိုင်းရပ်ကွက်တွေမှာနေထိုင်တဲ့ အိမ်ထောင်စုပေါင်း ၄၈၀ က ဒေသခံနှစ်ထောင်ခန့်ကို နီးစပ်ရာ ယာယီကယ်ဆယ်ရေးစခန်းတွေကို ပို့ဆောင်ထားရတယ်လို့ ပဲခူးမြို့ခံ ပရဟိတအဖွဲ့ဖြစ်တဲ့ အနာဂတ်ကြယ်ပွင့် လူမှုကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိမှာ ပဲခူးမြို့အတွင်း ယာယီရေဘေးရှောင်စခန်း ၁၃ ခုကို ဘုန်းတော်ကြီးကျောင်းတွေ၊ စာသင်တိုက်တွေ၊ ခရစ်ယာန် ဘုရားကျောင်းတွေနဲ့ စာသင်ကျောင်းအချို့မှာ ဖွင့်လှစ်ထားတယ်လို့ သူက ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းကစပြီး ရေစဝင်တာပေါ့၊ ဒီနေ့မနက်ပိုင်းမှာတော့ မြို့ပေါ်တွေပါရောက်နေပြီ၊ ပဲခူးမြို့လယ်ခေါင်က ကားလမ်းပေါ်တွေလည်း ရေကျော်ဝင်လာပြီ၊ အခုက ကျွန်တော်တို့လည်း နီးစပ်ရာလူတွေကို ရွှေ့ပြောင်းပေးနေတယ်” လို့ သူကပြောပါတယ်။
ပဲခူးမြို့နယ်အတွင်းက ဇိုင်း/တောင်ရပ်ကွက်၊ ကျွန်းသာယာရပ်ကွက်၊ ပုဏ္ဏားစုရပ်ကွက် ၊ ကျောက်ကြီးစုရပ်ကွက်၊ မြို့သစ်ရပ်ကွက် အစရှိတဲ့ ရပ်ကွက်တွေအတွင်း ရေနစ်မြုပ်နေတယ်လို့ ပဲခူးဒေသခံတွေဆီက သိရပါတယ်။
“ဒီမနက်ကစပြီး ပဲခူးဘူတာနားနဲ့ ဇိုင်းတောင်ရပ်ကွက်တို့ဆိုရင် မြစ်ရေက ဖွေးဖွေးလှုပ်နေတယ်၊ အချို့အိမ်တွေလည်း နိမ့်တော့ မြုပ်ကုန်တယ်၊ ရေက တစ်မြို့လုံးကိုဝင်တာပေါ့၊ အနိမ့်ပိုင်းရပ်ကွက်တွေဆို လှေနဲ့မှသွားလို့ရတော့မယ်” လို့ ပဲခူးမြို့ခံတစ်ဦးက ဒီနေ့လယ်ပိုင်းမှာပြောပါတယ်။
ပဲခူးမြစ်ရေဟာ ပဲခူးမြို့မှာ ၉၃၃ စင်တီမီတာအထိ စိုးရိမ်ရေမှတ်နဲ့အထက်ကို ရောက်ရှိနေပြီး လာမယ့် ၂၄ နာရီအတွင်း နောက်ထပ် စင်တီမီတာ ၅၀ ကျော် ထပ်မံ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒီနေ့မနက်ပိုင်းမှာ သတိပေးထုတ်ပြန်ထားပါတယ်။
ပဲခူးမြစ်ရေရဲ့ စိုးရိမ်ရေမှတ်က ၈၈၀ စင်တီမီတာဖြစ်ပြီး နောက်ထပ် တစ်ရက်ကနေနှစ်ရက်အတွင်း ပဲခူးမြစ်ရေဟာ ဆက်လက်မြင့်တက်လာနိုင်သေးတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်းမှာ ပဲခူးမြို့တွင်း ရေဝင်ရောက်နေတဲ့မြင်ကွင်း
ဓာတ်ပုံ – အနာဂတ်ကြယ်ပွင့်လူမှုကယ်ဆယ်ရေးအသင်း
#Daliynews

