ရန်ကုန် – ၂၀၂၅ ဩဂုတ် ၇ (မော်ကွန်း)
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်က မိုးသည်းထန်ပြီး မြေပြိုကျမှုဖြစ်စဉ်မှာ ဒီနေ့ထိ သေဆုံးသူဦးရေ ၁၁ ဦးထိရှိလာပြီး ပျောက်ဆုံးသူတချို့ကို ဆက်လက်ရှာဖွေနေဆဲလို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့က ပြောပါတယ်။
ပြီးခဲ့တဲ့သုံးရက်က ဆက်တိုက်ရွာတဲ့မိုးကြောင့် တောင်ပေါ်မြို့ဖြစ်တဲ့ သံတောင်ကြီးမြို့နယ်အတွင်း တောင်ကျချောင်းရေတွေမြင့်တက်ကာ မြေတွေပြိုကျပြီး လူနေအိမ်တွေပျက်စီးတာတွေ၊ ဒေသခံတွေ ပိတ်မိသေဆုံးတာ၊ ပျောက်ဆုံးနေတာတွေ ရှိလာတာပါ။
ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေဟာ မနေ့ကစတင်ကာ ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာဖြစ်ပြီး မနေ့ကတော့ သေဆုံးသူရှစ်ဦးရှိခဲ့ပြီး ဒီနေ့မှာလည်း မြေပြိုပိပြီးသေဆုံးနေတဲ့ ရုပ်အလောင်းတချို့ ထပ်မံတွေ့ရှိခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၁ ဦးထိ ရှိလာတာပါ။
သံတောင်ကြီးမြို့ရဲ့ တောင်ပေါ် ဥယျာဉ်ခြံမြေစိုက်ခင်းတွေမှာ လုပ်ကိုင်နေသူတချို့ကိုလည်း ဒီနေ့ထိ ပြန်မတွေ့သေးတဲ့အတွက် ဆက်လက်ရှာဖွေနေတယ်လို့ သံတောင်ကြီး ဒေသခံတစ်ဦးက ပြောပါတယ်။
မြေပြိုမှုတွေကြောင့် သံတောင်ကြီးမြို့ပေါ်က နေအိမ် ၃၀ ခန့် ထိခိုက်ပျက်စီးခဲ့ပြီး ဒီနေ့ထိ မိုးဆက်လက်ရွာနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေမှာလည်း အခက်အခဲတွေရှိနေတယ်လို့ ၎င်းဒေသခံတချို့ကပြောပါတယ်။
“မိုးကလည်း အခုထိ သည်းသည်းမည်းမည်းဆက်ရွာနေတယ်။ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းလည်းမရဖြစ်နေတယ်။ ပျောက်ဆုံးနေတဲ့နေရာတွေက တောင်ပေါ်တွေ လမ်းတွေပျက်နေတဲ့နေရာတွေဖြစ်လို့ တော်တော်ကို ခက်ခက်ခဲခဲသွားလာပြီး ရှာဖွေသယ်ယူနေရတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ၎င်းဒေသခံက ပြောပါတယ်။
သံတောင်ကြီးမြို့ပေါ်မှာ ရပ်ကွက်ငါးခုရှိတဲ့အနက် ရပ်ကွက်လေးခုထိ မြေပြိုကျမှုတွေဖြစ်ခဲ့ပြီး တောင်ပေါ် ရွာတွေမှာလည်း တောင်ကျချောင်းရေကြောင့် မြေတွေပြိုကျနေတာကြောင့် ကျေးရွာတချို့ကို ရွာလုံးကျွတ်နီးပါး ရွှေ့ပြောင်းထားရပါတယ်။
ဒီရေကြီးမြေပြိုမှုမှာ သံတောင်-တောင်ငူ ကားလမ်းပေါ်က ချောင်းကူးတံတားတချို့လည်း ပျက်စီးတဲ့အပြင် လမ်းပျက်စီးမှုတွေလည်းရှိနေတာကြောင့် ဒီလမ်းပိုင်းကိုလည်း ပိတ်ထားရပါတယ်။
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်မှာရှိပြီး တောင်ပေါ်အပန်းဖြေစခန်းတွေရှိရာ သံတောင်ကြီးမြို့မှာ တောင်ပေါ်ဥယျာဉ်ခြံမြေ စိုက်ပျိုးရေးလုပ်ငန်းတွေလည်း လုပ်ကိုင်ကြပြီး ချဉ်ပေါင်ဖာလာစေ့ကို စီးပွားဖြစ် အများအပြားစိုက်ပျိုးထုတ်လုပ်ပြီး တခြားတောင်ယာသီးနှံတချို့ကိုလည်း စိုက်ပျိုးလေ့ရှိပါတယ်။
ပြီးခဲ့တဲ့နှစ်ကလည်း ရေလွှမ်းမိုးမှုကြောင့် သံတောင်ကြီးမြို့နယ်မှာ တောင်ယာတချို့ မြေပြိုကျတာတွေရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အဆိုးဝါးဆုံး ကြုံတွေ့နေရတာလို့ ဒေသခံတချို့က ပြောပါတယ်။

ပုံစာ – မြေပြိုကျပြီး တောင်ယာတွေထဲ ပိတ်မိနေသူတချို့ရဲ့ ရုပ်အလောင်းကို သယ်ထုတ်လာတဲ့မြင်ကွင်း
ဓါတ်ပုံ – Naw Dee Dee Htoo

