သမိုင်းဦးဘုံမြေခေတ်ကနေ ဒီနေ့ထိတိုင် အသုံး ဝင်နေတဲ့ သင့်ပတ်ဝန်းကျင်မှ လူလုပ်ပစ္စည်းတစ်ခု အကြောင်း ဖြေဆိုပါ။ (၁ဝ) မှတ်။
အဲဒီလို မေးခွန်းမေးခဲ့ရင် မိတ်ဆွေတို့ ဖြေ မယ့်အဖြေကို ကျွန်တော် သိချင်ပါတယ်။ ကျွန် တော်သာ အဲဒီမေးခွန်းရဲ့ အဖြေလွှာတွေကို စစ် ဆေးရတဲ့ စာစစ်သူဖြစ်ခဲ့ရင် မိတ်ဆွေတို့ဖြေတဲ့ အဖြေအမျိုးမျိုးကို ဖတ်ရမှာပဲ။ လူအမျိုးမျိုးစိတ် အထွေထွေဆိုသလို အဖြေတွေလည်း အမျိုးမျိုး ဖြစ်နေမှာ မြင်ယောင်သေးတယ်။
ကျွန်တော်သာ အဲဒီအကြောင်း ဖြေခွင့်ရရင် ရေတွင်းတွေ အကြောင်း စီကာပတ်ကုံး ဖြေဖြစ်မယ်ထင်တယ်။ ဟုတ်ပါတယ်။ ရေတွင်းတွေက ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အမှန် တကယ် အသုံးတည့်ခဲ့တယ်။ မြို့ပြမှာ ရေတွင်းတွေကို အရင် ထက်စာရင် အသုံးပြုသူ နည်းလာပေမယ့် ကျေးလက်ဒေသအချို့ မှာတော့ အခုထိ အသုံးတည့်နေဆဲဖြစ်တယ်။
ရေတွင်းဆိုတာ မြေအောက်ရေကို ထုတ်ယူသုံးစွဲတဲ့ တွင်း ကြီးတစ်ခုပါပဲ။ စက်ဝိုင်းပုံသဏ္ဌာန် ရှိတယ်။ ရေတွင်းတော်တော်များ များက အုတ်ရိုးစီထားကြတယ်။ ရေတွင်းမှာ သုံးတဲ့ အုတ်တွေက တစ်ဖက်ရှူးပြီး အခြားတစ်ဖက်မှာ ကားပေးထားရတယ်။ အဖျား ရှူးတဲ့အပိုင်းကို အတွင်းဘက်မှာ ထားပြီး အုတ်ရိုးစီကြရတယ်။
အဲဒီလိုစီမှသာ အုတ်ခဲတွေက ရေတွင်းထဲကို ပြုတ်မကျ မှာလေ။
ကျွန်တော်ကိုယ်တိုင်လည်း ရေတွင်းတွေကို ဆယ်စုနှစ် တစ်စုကျော် ကြာတဲ့အထိ အသုံးပြုခဲ့ရတယ်။ အခုတော့ ရေစီမံ ကိန်းက ပေးတဲ့ရေကို ပိုက်နဲ့ သွယ်တန်းသုံးနေရလို့ ရေတွင်းမသုံး ဖြစ်တော့ဘူး။ ကျွန်တော်တို့အဘိုး၊ အဘွားတွေကတော့ ရေတွင်း တွေကို သေတပန်သက်တဆုံး သုံးခဲ့ကြသူတွေဖြစ်တယ်။ အခု ခေတ်မှာတော့ ရေပိုက်က ဘဲနှုတ်သီးကို ကောက်လှည့်ရုံနဲ့ ရေ တွေ ဝေါခနဲကျလာတာဆိုတော့ ရေတွင်းတွေဘက်ကို မြို့ပြက လူတွေ ခြေဦးမလှည့်ဖြစ်တာ ကြာလှပေါ့။ ဒါပေမဲ့ ဘုန်းတော်ကြီး ကျောင်းတွေမှာတော့ ရေတွင်းတွေကို အခုထိ သုံးနေကြတာ တော့ရှိတယ်။
ကျွန်တော်တို့အိမ်ဘေးမှာ အများပြည်သူသုံး ရေတွင်းတစ် တွင်း ရှိခဲ့ဖူးတယ်။ အမျိုးသားတွေက ရေတွင်းက ရေကို ငင်ပြီး ရေတွင်းအနီးမှာ ချိုးနိုင်ပေမယ့် အမျိုးသမီးတွေအတွက် ရေတွင်း အနီးမှာ အုတ်ရေကန်လေးတွေ ဆောက်ပေးထားတယ်။ ရေတွင်း ထဲက ရေကို ငင်ပြီး အုတ်ရေကန်လေးထဲ ထည့်ပြီးမှ ချိုးကြရ တယ်။ ကလေးငယ်တွေဆိုရင်လည်း မိဘတွေက အန္တရာယ်များ လို့ ရေတွင်းအနီးမှာ ရေမချိုးခိုင်းကြဘူး။
အမျိုးသမီးတွေ ချိုးတဲ့ကန်နဲ့ ကပ်လျက်မှာ ကလေးငယ် တွေအတွက် အုတ်ရေကန်သေးသေးလေး ရှိတယ်။ အဲဒီ ကန် သေးသေးလေးထဲ ရေဖြည့်ပြီးမှ ကလေးတွေ ရေချိုးကြရတယ်။
ရေတွင်းမှာ ရေငင်ဖို့ စက်သီးနှစ်ခုရှိတာ အမှတ်ရမိတယ်။ စက်သီးတစ်ခုက အင်္ဂလန်က လာတာဖြစ်ပြီး စက်သီးတစ်ခုက ဂျပန်ပြည်လုပ်ပစ္စည်းတွေ ဖြစ်ကြတယ်။ အဲဒီစက်သီးတွေ ဘယ် အချိန်ကတည်းက ဘယ်အလှူရှင်က လှူခဲ့မှန်းမသိဘူး။ ကျွန် တော်သိတတ်စအရွယ်မှာ စက်သီးတွေက ရေတွင်းမှာ ရှိနေ ကြပြီ။
ရေတွင်းတစ်ဖက်တစ်ချက်စီမှာ လူတစ်ဖက်စာရှိတဲ့ ကျွန်း တိုင်ကြီးနှစ်တိုင် စိုက်ထူထားပြီး လက်တစ်ဖောင်လောက် မြင့် တယ်။ အဲဒီတိုင်ကြီးနှစ်တိုင်ကို ဗြက်ကိုးလက်မ၊ အထူနှစ်လက်မ ရှိတဲ့ သစ်မာပြားကို စရွေးစွပ်ပြီး ကန့်လန့်ဖြတ်တင်ထားတယ်။ စက်သီးနှစ်လုံးကိုတော့ အဲဒီသစ်မာပြားမှာ သံကြိုးတုတ်တုတ်နဲ့ ချည်နှောင်ထားတယ်။ နွေကာလတွေရောက်လို့ ရေတွင်းအသုံး ပြုတဲ့သူများရင် ရှိတဲ့ စက်သီးနှစ်လုံးစလုံး မအားတော့ဘူး။ အလော တကြီး ရေချိုးချင်ကြသူတွေကတော့ စက်သီးအားတဲ့အချိန်ထိ မစောင့်တော့ဘဲ ရေငင်ပုံးကို ရေတွင်းထဲချပြီး ဒီအတိုင်းငင် ကြတယ်။
ရေတွင်းတွေရဲ့ အနက်ကို တိုင်းတဲ့အခါ တောင်နဲ့ တိုင်းကြ တယ်။ ကျွန်တော်တို့အိမ်နားက ရေတွင်းကတော့ အတောင်နှစ် ဆယ်၊ အစိတ်လောက် နက်တယ်။
နွေရာသီရောက်ရင် မနက်စောစော ရေတွင်းကို ပြေးကြရ တယ်။ သောက်ရေအိုးအတွက် လူသုံးမများခင် ခပ်ထားမှ အဆင် ပြေမှာလေ။ လူသုံးများချိန်ရောက်ပါမှ ရေသွားခပ်ရင် အနည် တွေထနေပြီ။ မနက်ကိုးနာရီလောက်ဆို ရေတွင်းမှာ လူစုံလေ့ရှိ တယ်။ သီချင်းတကြော်ကြော်အော်ဆိုတဲ့ ကာလသားတွေလည်း ပါတယ်။ သားရေးသမီးရေးအကြောင်း ဇာတ်စုံခင်းတဲ့ သားသည် အမေတွေ ပါတယ်။ ရေဒီယိုအမြဲနားထောင်တဲ့ ပင်စင်စားကြီး တွေ ပါတယ်။
ရတနာပုံခေတ်ကတည်းက အသုံးပြုခဲ့ကြတဲ့ ရေတွင်းတွေ ထဲက တချို့ရေတွင်းတွေက အခုထိ အသုံးတည့်နေတဲ့ ရေတွင်း တွေ ရှိတယ်။ တိုင်တွေ၊ ထုတ်တန်းတွေမှာ ခြူးပန်းခြူးနွယ်တွေ၊ ကနုတ်ပန်းတွေ၊ မြန်မာမှု အပြောက်အမွမ်းတွေက မြန်မာ့ယဉ် ကျေးမှုကို ဖော်ပြနေတယ်။ တချို့ ရှေးဟောင်းရေတွင်းတွေက တော့ ခေတ်ကာလရဲ့ တိုက်စားမှုကြောင့် ပျောက်ကွယ်ကုန်ပါပြီ။ ကျန်ကောင်းကျန်ရာ ရေတွင်းတွေကို ပြုပြင်မွမ်းမံပြီး ထိန်းသိမ်း စောင့်ရှောက်ကြရင် ရှေးဟောင်းအမွေလည်း ထိန်းရာရောက်တဲ့ အပြင် မီးရေးထင်းရေးအတွက်လည်း မီးသတ်ရေကန်အဖြစ် သုံး လို့ ရနိုင်တာပေါ့။
ရေတွင်းပေါင်းများစွာ တူးဖော်လှူဒါန်းခဲ့တဲ့ သူဌေးကြီး တစ်ဦး ကျွန်တော်တို့မြို့မှာ ရှိခဲ့ဖူးတယ်။ သူက နာမည်ကျော် ဒါး တန်းဦးသန့်ရဲ့ ဖခင်လေ။
သူ့အကြောင်း အမေလူထုဒေါ်အမာက ဆောင်းပါးတစ်ပုဒ် ရေးပြီး ဂုဏ်ပြုခဲ့သေးတယ်။
ရေတွင်းတွေက အများအားဖြင့် ရပ်ကွက်အလယ်မှာ အများပြည်သူအသုံးပြုနိုင်အောင် စေတနာရှင်တွေ စုပေါင်းလှူ ဒါန်းထားကြတာ များတယ်။ တချို့အိမ်တွေမှာတော့ ကိုယ်ပိုင် တွင်းတွေ တူးထားကြတယ်။ ကျွန်တော်တို့အိမ်နားက ရေတွင်း ကလည်း အများပြည်သူ လာရောက်သုံးကြတဲ့ တွင်းဖြစ်တယ်။ သောက်ရေ၊ သုံးရေအတွက် ရေတွင်းထဲက ရေကို သံချောင်းပုံး တွေနဲ့ လက်မောင်းတောင့်အောင် ဆွဲခဲ့ရတာ အမှတ်ရမိတယ်။ မိသားစုဝင်များတဲ့ အိမ်တွေဆို အခေါက်လေးငါးဆယ် သယ်ကြ ရတာပေါ့။ တချို့ကတော့ ဆယ်ပိဿာဝင် လေးထောင့်သံပုံးကြီး တွေကို ထမ်းပိုးနဲ့ ထမ်းသယ်ကြတယ်။ စက်ဘီးချိန်းတွေကို ထမ်း ပိုး ဟိုဘက်ထိပ် ဒီဘက်ထိပ် တွဲလွဲချည်ပြီး ရေထမ်းကြတာပါ။ ကျွန်တော်ကတော့ ထမ်းပိုးနဲ့ မထမ်းခဲ့ရပေမယ့် ငါးပိဿာဝင် သံ ပုံးတွေထဲ ရေထည့်ပြီး လက်ဖျံအကြောဖြိုင်းဖြိုင်းထအောင် သယ်ခဲ့ရတယ်။
ရေတွင်းလာသုံးကြသူတိုင်း ရေငင်ပုံးရှိတာ မဟုတ်ဘူး။ ရေငင်ပုံးက အလောတော်အရွယ်ဖြစ်ပြီး လက်မလောက်တုတ်တဲ့ နိုင်လွန်ကြိုးကို ရေငင်ကြိုးအဖြစ် သုံးကြရတယ်။ တချို့အိမ်တွေ က သစ်စေးသုတ်ထားတဲ့ နှီးပုံးကို ရေငင်ပုံးအဖြစ် သုံးကြတယ်။ နှီးပုံးတွေနဲ့ ရေငင်တဲ့အခါ ရေထဲကို တော်တော်နဲ့ မမြုပ်နိုင်ဘူး။
ရေငင်တဲ့ပုံး ထူထောင်မထားဖြစ်သူတွေက ရေငင်ပုံးရှိတဲ့ သူဆီက ငှားသုံးကြရတယ်။ အသုံးပြုပြီးရင်လည်း မမေ့မလျော့ ပိုင်ရှင်ထံ ပြန်အပ်ကြရတယ်။
ရေတွင်းထဲက ရေကို အပေါ်ရောက်အောင် ငင်တယ်ဆိုတာ သိပ်တော့ မလွယ်လှဘူး။ ရေပုံးထဲက ရေတွေကိုလည်း မဖိတ်စဉ် အောင် ငင်နိုင်ရတယ်။ ရေတွင်းထဲက ရေကို ငင်တယ်ဆိုရာမှာ တစ်ခေါက်တည်းနဲ့ ပြီးတာ မဟုတ်ဘူး။ အခေါက်လေးငါးဆယ် သယ်ကြရတာကလား။ ရေလည်း လိုသလောက်ရအောင်၊ လူ လည်း သိပ်မပင်ပန်းအောင်၊ အချိန်ကုန်လည်း သက်သာအောင် ရဖို့ဆိုရင် တော်ရုံစကေးနဲ့ မရနိုင်ဘူး။ ဒါလည်း အတွေ့အကြုံကပဲ သင်သွားတာလေ။
မြို့ပြမှာ လူလားမြောက်ကြတဲ့ ကျွန်တော်တို့ရဲ့ နောက်မျိုး ဆက်တွေကတော့ ရေတွင်းကရေကို သုံးတဲ့အလေ့အထနည်း သွားပါပြီ။ သူတို့အတွက် ရေတွင်းက ရေကို သုံးစရာမလိုတော့ဘူး။ ရေပိုက်က ဘဲနှုတ်သီးကို ကောက်လှည့်လိုက်တာနဲ့ ရေတွေက ဝေါခနဲကျလာပြီးသားမဟုတ်လား။ ရေပုံးကြိုးတို့၊ စက်သီးတို့ဆို တဲ့ ဝေါဟာရတွေ သူတို့အတွက် သိစရာမလိုဘူး။
ကျွန်တော်တို့ ရေတွင်းသုံးတုန်းကဆိုရင် ရေတွင်းတစ် တွင်းကို အိမ် ၂ဝ လောက် ဝိုင်းသုံးကြတာ။ တစ်ခါတစ်ရံ သက် ကြီးရွယ်အိုတွေနဲ့ ရေတွင်းမှာ ဆုံကြရတယ်။
အဲဒီလို ဆုံကြပြီဆိုရင် လူငယ်တွေက ရေကုသိုလ်ယူတဲ့ အနေနဲ့ ငင်ပေး၊ ခပ်ပေးကြရတယ်။ အဲဒီလိုအခါမျိုးမှာ လူကြီး တွေကလည်း ရေအကျိုးဆယ်ပါးဆိုပြီး ဆုတွေ တသီကြီးပေးကြ စမြဲ။ အပျို၊ လူပျိုဆုံတဲ့အခါမှာတော့ စကြနောက်ကြ၊ ပိုးကြပန်း ကြတဲ့ ဇာတ်လမ်းတွေလည်း ရှိတာပဲ။ ကျွန်တော်တို့ရပ်ကွက်ထဲက အတွဲတချို့က ရေတွင်းဖူးစာတွေလေ။
ရေတွင်းမှာ ရေငင်ရင်း ရေပုံးကြိုးပြတ်တာတို့၊ ရေငင်နေ တုန်း လက်ကချော်ပြီး လွတ်သွားလို့ ရေငင်တဲ့ပုံး ပြုတ်ကျသွား တာတို့လည်း ရှိတတ်တယ်။ အဲဒါဆိုရင် ရေပုံးဆယ်ကြရတယ်။ သံချိတ်လေး၊ ငါးချောင်းကို ကြိုးထိပ်မှာ ချည်ပြီး ရေတွင်းကြမ်း ပြင်ရောက်နေတဲ့ ပုံးကို စမ်းတဝါးဝါးနဲ့ ဆယ်ကြရတာပေါ့။ တစ်ခါ တလေ ရေငင်ပုံးက ရေတွင်းကြမ်းပြင်မှာ မှောက်လျက်အနေ အထားရှိနေရင် တော်တော်နဲ့ ဆယ်လို့မရနိုင်ဘူး။ စိတ်ရှည်လက် ရှည်ထားပြီး စမ်းကြရတယ်။ ရေပုံးကို ချိတ်နဲ့ ချိတ်မိပြန်ရင်လည်း အလောတကြီးဆယ်လို့မရဘူး။ အသက်အောင့်ပြီး ဖြည်းဖြည်း ချင်းဆယ်ကြရတယ်။ အဲဒီလို ဂရုစိုက်နေရဲ့သားနဲ့ လမ်းခုလတ်မှာ တင် ပြုတ်ကျတဲ့အခါတွေလည်း ရှိတာပဲ။ ရေပုံးဆယ်တဲ့အခါ မိနစ်ပိုင်းအတွင်း ပြန်ဆယ်လို့ရတဲ့အခါလည်း ရှိတယ်။ လေး၊ ငါး၊ ခြောက်ရက်နေမှ ပြန်ဆယ်လို့ရတဲ့အခါလည်း ရှိတယ်။ ကံသေ ကံမ ဘယ်သူမှ တပ်အပ်သေချာမပြောနိုင်ကြဘူး။
ရေပုံးပြုတ်ကျလို့တော့ ရေတွင်းထဲကို ဘယ်သူမှ ဆင်းပြီး မဆယ်ကြဘူး။ ရေပုံးကြိုးကို သံချိတ်ချည်ပြီးတော့ပဲ ဆယ်ကြ တယ်။ ရေတွင်းထဲက ကြေး(ဂျီး)တွေ၊ အမှိုက်တွေ ဆယ်ပါမှ ဆင်း နေကျ လူတွေက ဆင်းကြတယ်။
ရေတွင်းဆယ်တာကို နှစ်ဆန်းတစ်ရက်နေ့ရောက်တိုင်း ကာလသားခေါင်းကိုယ်တိုင်ဆင်းပြီး ဆယ်တာ အမှတ်ရတယ်။ ရေတွင်းထဲ ဆင်းခါနီးတိုင်း ဖယောင်းတိုင်မီးညှိပြီး ရေတွင်းထဲ ချကြည့်တယ်။ ဖယောင်းတိုင်မီးငြိမ်းရင် အောက်ဆီဂျင်ပြတ် တောက်တယ်လို့ ယူဆကြပြီး ဘယ်သူမှ မဆင်းကြဘူး။ ဖယောင်း တိုင်မီးက ရေတွင်းထဲက ရေနဲ့ ထိခါနီးထိ မငြိမ်းဘူးသေချာပြီဆို မှ ဆင်းကြတာပါ။
ကာလသားခေါင်းက ရေတွင်းထဲဆင်းခါနီးရင် ဆိုင်ရာပိုင် ရာတွေကို မေတ္တာပို့ အမျှဝေတာကို ယုံယုံကြည်ကြည်လုပ်တယ်။ လုပ်ပြီးပြီဆိုရင် ရေတွင်းနံရံခြေကန်၊ ရေပုံးကြိုး လက်တစ်ဖက် က ထိန်းပြီး ဆင်းသွားတော့တာပါ။ ကုန်းပေါ် ကျန်ခဲ့ကြသူတွေ က တူရွင်းတို့၊ ဂေါ်ပြားတို့ကို ရေပုံးကြိုးနဲ့ သေချာချည်နှောင်ပြီး ရေတွင်းထဲကို ဖြည်းဖြည်းချင်း ချပေးကြရတယ်။
ကာလသားခေါင်းက ရေတွင်းထဲက ကြေးညှော်အမှိုက် သရိုက်တွေကို ဂေါ်ပြားနဲ့ ကော်ပြီး ရေပုံးထဲကို ထည့်ပေးတယ်။
ရေပုံးထဲ နွံတွေ၊ အမှိုက်တွေပြည့်ရင် ရေပုံးကြိုးကို လှုပ်ပြီး အချက်ပေးတယ်။ ကျွန်တော်တို့ကလေးတစ်သိုက်က ရေပုံးကို ရေတွင်းကန်ပေါင်ပေါ်ရောက်အောင် ခြေစုံကန်ပြီး ဆွဲပေးကြရ တယ်။ ရေတွင်းပတ်လည်မှာရှိနေတဲ့ ကာလသားတွေက အပေါ် ရောက်လာတဲ့ နွံတွေနဲ့ ရေပုံးကို ရေတွင်းနဲ့ ဝေးရာ ရေဆိုးကန်ထဲ သွားသွန်ကြရတယ်။
ရေတွင်းဆယ်ပြီးရင် ကာလသားခေါင်းနဲ့အဖွဲ့ကို ရေတွင်း အသုံးပြုတဲ့ အိမ်ထောင်စုတွေရဲ့ စုပေါင်းထည့်ဝင်ငွေနဲ့ ဝိုင်းပြီး ဧည့်ခံကြတယ်။ ဧည့်ခံတယ်လို့သာ ဆိုရတယ်၊ ထွေထွေထူးထူး လည်း မဟုတ်လှပါဘူး။ ရှိဟင်းရှိထမင်းရယ်၊ အကြော်ပူပူရယ်၊ လက်ဖက်ရည်ချိုပျစ်ပျစ် ဒန်ချိုင့်တစ်လုံးစာလောက်ရယ်ပါပဲ။ လုပ်ကိုင်ပေးကတည်းက ငွေစကြေးစတံစိုးလက်ဆောင် ရပါစေ ရယ်လို့ စိတ်နဲ့ လုပ်ကြတာမဟုတ်ဘူး။ ငါတို့ရပ်ကွက်သူ ရပ်ကွက် သားတွေ သုံးနေတဲ့ ရေတွင်း ငါတို့ လုပ်ပေးကြရမယ်ဆိုတဲ့ ရိုးရှင်း တဲ့ စိတ်နဲ့ လုပ်ကိုင်ပေးကြတာဆိုတော့ ဘာမှ မျှော်လင့်မထားကြ တာလည်း ပါတာပေါ့။ လူတွေကလည်း အချိန်တွေက ပိုကြတယ်။ လောဘသက္ကာယကလည်း နည်းကြတယ်လေ။ အဲဒီတုန်းက လူ့ အဖွဲ့အစည်းက ရိုးရှင်းတဲ့ လူ့အဖွဲ့အစည်း၊ တစ်ယောက်အကြောင်း တစ်ယောက် အူမချေးခါးမကျန် သိနေကြသူတွေ၊ အခုခေတ်မှာ ရေတွင်းတွေ ရှိလို့ သုံးနေကြရင်တောင် အဲဒီလို အခမဲ့ကူလီထမ်း မယ့်သူတွေ၊ ကြီးတော်နွား အငှားကျောင်းမယ့်သူတွေ ရှိမှ ရှိပါ့ မလား စိုးရိမ်မိတယ်။
တကယ်တော့ ၁၉၈ဝ ကျော် ကာလတွေအထိ တွင်းရေ တစ်မျိုးတည်းကိုသာ သောက်ရေ၊ သုံးရေ၊ ချိုးရေ ထည်လဲသုံးခဲ့ ကြတာကလား။ ရေတွင်းတစ်ခါတူးပြီးရင် တစ်သက်လုံးသုံးပေ တော့ပဲ။ ရေတွင်းထဲက ရေကို စိတ်ရှိလက်ရှိ ကြိုက်သလောက်သုံး နိုင်ပြီး ဘာအခွန်အခမှလည်း ပေးစရာမလိုဘူး။ ကိုယ်သုံးမယ့်ရေ ကိုယ်တိုင်ငင်ရတာဖြစ်လို့ ကိုယ်လက်လှုပ်ရှားမှုတောင် ဖြစ်သေး တယ်။ နွေရာသီဆို တွင်းရေက အေးတယ်။ ဆောင်းတွင်းဆို နွေး နွေးလေး။ ချမ်းအေးလှတဲ့ ဆောင်းတွင်းမနက်တွေမှာ ကျောင်း သွားခါနီး ရေတွင်းထဲက ရေခပ်ပြီး လောင်းချိုးလိုက်ရင် ခန္ဓာကိုယ်က အပူတွေ တရှိန်ရှိန် ထွက်ကုန်တာပေါ့။
၁၉၈ဝ ပြည့်လွန်နှစ်တွေ ရောက်လာတော့ အဝီစိတွင်းလို့ ခေါ်တဲ့ ဘုံပိုင်တွင်းလေးတွေ တူးလာကြတယ်။ အဲဒီတုန်းက ရေ ဘုံပိုင်တွေအားလုံးနီးပါးက အနီရောင်ရဲရဲလေးတွေ။ အိမ်တိုင်း စေ့ ရေဘုံပိုင်မတူးနိုင်ကြသေးဘူး။ ကျွန်တော်တို့ဝန်းကျင်မှာ တော့ ဈေးချိုထဲမှာ အအေးရောင်းတဲ့အိမ်ရယ်၊ ဈေးထည်တွေ ချုပ်တဲ့ အပ်ချုပ်ဆိုင်အိမ်ရယ်က အစောဆုံး ဘုံပိုင်တွင်းတူးကြ တာပဲ။
၁၉၉ဝ ပြည့်လွန်နှစ်တွေမှာတော့ ရေဘုံပိုင်တူးပြီး သုံးတဲ့ အိမ်တွေ နည်းနည်းများလာတယ်။ ဒါပေမဲ့ အဲဒီအချိန်ထိ ရေ တွင်းကို လက်မလွှတ်နိုင်ကြသေးဘူး။ ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း ကာလတွေမှာတော့ ရေတွင်းသုံးသူ သိသိသာသာနည်းလာကြ တယ်။ ရေဘုံပိုင်က ရေသုံးတဲ့သူ ရှိသလို စည်ပင်သာယာ ရေပေး ရေးစီမံကိန်းက ရေကို ပိုက်တွေနဲ့ သွယ်တန်းသုံးလာကြတာလည်း ရှိတယ်။
ကျွန်တော်ကတော့ လက်ကျန်နည်းနေပြီဖြစ်တဲ့ ရေတွင်း တွေ ပျောက်ပျက်ကုန်မှာ နှမြောလှတယ်။ ပြုပြင်ဖို့ လိုအပ်နေတဲ့ ရေတွင်းတွေကိုလည်း အမြန်ပြုပြင်စေချင်တယ်။ မူလအလှူရှင် တွေကိုလည်း ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါတယ်။ ပြုပြင်ထိန်း သိမ်းစောင့်ရှောက်ကြမယ့် သူတော်ကောင်းအပေါင်းတို့ကိုလည်း သာဓုခေါ်ချင်ပါသေးတယ်။ ရေတွင်းတွေမှာ ရေမပြတ်ရှိနေရင် မီး ရေးထင်းရေးကြုံလာတဲ့အခါ မီးသတ်ရေကန်အဖြစ် အလွယ် တကူသုံးလို့ရတာပေါ့။ သြင်္ကန်ရောက်လို့ ကလေးတွေ ရေကစား တဲ့အခါ ဖောဖောသီသီ ရေကစားလို့ ရတာပေါ့။ ရေတွင်းတွေ ရှိ နေလို့ ဘာမှ ဆုံးရှုံးစရာ မရှိ။ SAVE (ထိန်းသိမ်းစောင့်ရှောက်)စရာများလှတဲ့ ရွှေပြည်ကြီးမှာ SAVE THE WELL (ရေတွင်း တွေကို ထိန်းသိမ်းကြရအောင်)ပါ။
မိတ်ဆွေတို့ရဲ့ ရေတွင်းပုံပြင်တွေကိုလည်း ကျွန်တော်ကြား နာချင်ပါသေးတယ်။ ။
၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၃၇) မှ အမေ့ခံ ဆောင်းပါး ဖြစ်ပါသည်။
မောင်ဥယျာဉ် ရေးသည်။