ရသမီးအိမ်

ရသမီးအိမ်

 (တစ်) မဂ္ဂဇင်းမဟုတ်သော မဂ္ဂဇင်း

အိမ်ဝေးသူများ၏ မဂ္ဂဇင်းတစ်စောင် ရှိခဲ့ဖူးသည်။

လွန်ခဲ့သော အနှစ်နှစ်ဆယ်လောက်က နံရံလေးဖက်ကြား တွင် ထုတ်ဝေခဲ့သည်။

အခြားမဂ္ဂဇင်းများကဲ့သို့ပင် အယ်ဒီတာအဖွဲ့ရှိသည်။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု၊ အက်ဆေး၊ အင်တာဗျူး၊ သတင်းစသည့် ကဏ္ဍများ ပါဝင်သည်။ ဖြန့်ချိသူရှိသည်။ ပရိသတ်ရှိသည်။ ဝေဖန် သူရှိသည်။ မဂ္ဂဇင်း၏ ကြွေးကြော်သံရှိသည်။ ”မီးအိမ်ရသ၊ ရှတ ထိုးခွဲ၊ ဆုတ်ဖြဲအမှောင်၊ အလင်းဆောင်အံ့”ဟူ၍။

(နှစ်) အင်းစိန်မှ တောင်ငူသို့

၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် အင်းစိန်အကျဉ်း ထောင်မှ တောင်ငူထောင်သို့ နိုင်ငံရေးအကျဉ်းသား အယောက် ၁ဝဝ ပြောင်းရွှေ့သည်။ ထိုအထဲတွင် ကျွန်တော်နှင့်အတူ ဆရာ မောင်လင်းယုန် (ရှမ်းပြည်)ကဲ့သို့ စာပေအနုပညာသမားများ ပါဝင်ခဲ့သလို ကျောင်းသား၊ ဝန်ထမ်းများ၊ ဆရာဝန်၊ အင်ဂျင်နီယာ၊ လုပ်ငန်းရှင်၊ အလုပ်သမား စသည့် အလွှာအသီးသီးမှ ပုဂ္ဂိုလ်များ ပါဝင်သည်။ ထိုသူတို့သည် ရာဇဝတ်သားများ မဟုတ် ကြပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးတွင် တစ်နည်းနည်း ဖြင့် ပါဝင်ပတ်သက်ခဲ့ပြီး အာဏာသိမ်းစစ်အစိုးရ၏ မတရားဖိနှိပ် ချုပ်ချယ်မှုများကို ဆန့်ကျင်အန်တုခဲ့ကြသူများ ဖြစ်သည်။ တစ် နည်းအားဖြင့် စစ်အစိုးရ စစ်အာဏာရှင်စနစ်ကို ဖျက်သိမ်းကာ မိမိတို့နိုင်ငံအား ဒီမိုကရေစီနိုင်ငံတော် တည်ထောင်ရေးကို အလို ရှိသူများဖြစ်ကြသည်။ သို့သော် ထိုသူများအား စစ်အစိုးရက အနယ်နယ်အရပ်ရပ်တွင် အကြမ်းဖက်နှိမ်နင်းကာ အကျဉ်း ထောင်အသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ တည်ဆဲဥပဒေ ကို ချိုးဖောက်သူများဟု စွပ်စွဲကာ မတန်တဆ အပြစ်ဒဏ်များ ချမှတ်၍ ထောင်အာဏာပိုင်များက ရာဇဝတ်သားအကျဉ်းသား များကဲ့သို့ပင် နှိမ့်ချဆက်ဆံခဲ့ကြသည်။ နိုင်ငံရေးအကျဉ်းသား အဆင့်အတန်းထားဖို့ဆိုသည်မှာ ဝေလာဝေး။ စစ်အစိုးရသည် ဥပဒေကဲ့သို့ အာဏာတည်စေသော အမိန့်များဖြင့်သာ လက်နက် အားကိုး၍ အုပ်ချုပ်ခဲ့သည်။ အတိုက်အခံနိုင်ငံရေးအင်အားစုများ အပေါ် လူမဆန်သော နည်းလမ်းများ ကျင့်သုံးခဲ့သည်။ စစ် အာဏာပိုင်များက တိရစ္ဆာန်များသဖွယ် ဆက်ဆံခဲ့ကြသည်မှာ လည်း မေ့ပျောက်နိုင်စရာမရှိပေ။

ကျွန်တော်တို့သည် ဦးခေါင်းတွင် ဂိုက်ဖြင့် ကွက်တိကွက် ကျားထိုးထားသော ပုံစံဆံပင်ဖြင့် ကျွန်ပိုင်ရှင်ခေတ်က ကြေး ကျွန်များကို သံခြေကျင်းများ ခတ်ခံရကာ ဘဲဥပြုတ်တစ်လုံးသာ ပါသော အောက်သိုးသိုး ပုံစံထမင်းထုပ်ကလေးကို ဆွဲပြီး ထောင် ပြောင်းမည့်အချုပ်ကားပေါ်သို့ လိုက်ပါခဲ့ရသည်။ အချုပ်ကားတစ် စီးလျှင် လူ ၅ဝ မျှ ထည့်သဖြင့် အသက်ရှူမဝလောက်အောင် ပိတ်ကျပ်နေသည်။ စွပ်ပရာမန်းနီးဆိုသော ရှစ်ဆယ့်ရှစ်အရေး တော်ပုံအမှုတွဲတစ်ဦးမှာ မူးလဲကျသွားသဖြင့် ဝိုင်းပြီး ပြုစုရသည်။ ဆရာဦးလင်းယုန်လို အသက်အရွယ်ကြီးသောသူကို သံတိုင်ကာ ထားသော လေဝင်ပေါက်နား ထားရသည်။ သမ္မတရုံမှ ဘူတာကြီး ဘက်သို့အကွေ့တွင် ”ကျွန်တော်တို့ကျောင်းသားတွေကို ထောင် ပြောင်းနေပါတယ်”ဆိုပြီး အကသကျောင်းသားများက အော်ကြ သည်။ မြို့တော်ဝန်မာရသွန်ပြေးပွဲရှိသဖြင့် ဘူတာကြီးနှင့် အောင် ဆန်းကွင်းကြားတွင် လူများ ပြည့်ကျပ်နေသည်။ အချုပ်ကားပေါ် မှ အော်သံများကို လူအချို့က စိတ်ဝင်တစားကြည့်နေကြသည်။ ထိုသို့အော်သည်ကို မကျေနပ်သဖြင့် ပါလာသော လက်နက်ကိုင် များက သေနတ်ဖြင့် ပစ်သတ်လိုက်လို့ရတယ်ဟု ခြိမ်းခြောက်ပါ သည်။ အချုပ်ကားနှစ်စီးကို ဘူတာကြီးအနောက်ဘက်ထိပ်မှ စခန်းသာဟိုတယ်ဘေးရှိ နေပူကျဲကျဲတွင် ရပ်ထားကာ ကျွန် တော်တို့အား ဒဏ်ပေးပါတော့သည်။ ကျွန်တော်တို့သည် ရထား ဖြင့် ထောင်ပြောင်းမည်ဟုသာ ခန့်မှန်းမိသည်။ ဘယ်ဆီဘယ်ဝယ် မသိရ။ ရထားထွက်ခါနီး၌ တစ်နေကုန် နေရှိန်ကြောင့် ပူကျက်နေ သော ဘူတာကြီးပလက်ဖောင်း သမံတလင်းတွင် ပုံစံထိုင်ခိုင်းကာ လူစစ်မည်ဆိုသောကြောင့် ဘယ်သူမှ မထိုင်ဘဲ ပေပြီး ရပ်နေကြ သည်။ အဲဒီတော့မှ ဒီအတိုင်း လူစစ်ပြီး ရထားအချုပ်တွဲပေါ် တက် ခိုင်းတော့သည်။

(သုံး) အမှောင်ခေတ်၏ သားကောင်များ

ကျွန်တော်တို့ အယောက် ၁၈ဝ တောင်ငူထောင်သို့ ရောက်ပြီး အဆောင်တစ်ခုတွင် သပ်သပ်ထားကာ ဘယ်မှ သွား လာခွင့်မပြု။ သံခြေကျင်းကိုလည်း တစ်ပတ်လောက်ကြာမှ ဖြုတ် ပေးသည်။ သံခြေကျင်း၏ အချွန်အတက်များမှ ခြေသလုံးကို ခြစ် မိ၊ ထိုးမိသဖြင့် ခြေထောက်တွေမှာ သံဆိပ်တက်ပြီး အနာများ ဖြစ်ကာ လူတိုင်းလိုလို ခြေထောင်တွေ ရောင်ကိုင်းနေတော့သည်။ ပါလာကြသည့် လိမ်းဆေး၊ လူးဆေးကလေးများဖြင့် အချင်းချင်း ကုသကြရသည်။ ထောင်ဆေးခန်းပြလျှင်လည်း ဆေးမည်မည်ရရ မရပါ။ ထောင်ဝါဒါဆေးတပ်သားများ၏ ”အသက်နှင့် အဝေးကြီး ပါ”ဟု ရိသဲ့သဲ့ပြောဆိုခြင်းများ ခံရသေးသည်။

နိုင်ငံရေးအကျဉ်းသားများကို စတင်ဖမ်းဆီးစဉ်ကဖြစ်စေ၊ အကျဉ်းရုံးထားသော တရားရုံးများ၊ စစ်ခုံရုံးများမှ ထောင်ဒဏ် ချမှတ်စဉ်က ဖြစ်စေ မိသားစုဝင်များကို သက်ဆိုင်ရာများက အကြောင်းကြားလေ့မရှိပါ။ ကျွန်တော့်အမေမှာ အင်းစိန်တွင် ထောင်ဝင်စာတွေ့နေရင်းက သားဖြစ်သူ ဘယ်ထောင်ပြောင်း သွားသည်ကို သူ့ခမျာ စုံစမ်း၍မရပါ။ ထောင်ကျရုံးမှ ဝါဒါတစ်ဦး က သာယာဝတီထောင်သို့ ပြောင်းသွားသည်ဟု ဆိုသဖြင့် သာယာဝတီသို့ လိုက်သွားကာ သားဖြစ်သူကို ရှာသည်။ ထောင် ထဲတွင် ”ထွန်းထွန်းဝင်း (ဘ) ဦးတင်ဖေ၊ ပုဒ်မ ၅ (ည)၊ ၁၇(၁)”ဟု ဝါဒါက လှည့်၍အော်နေသည်ကို အင်းစိန်မှ သာယာဝတီ ထောင်သို့ ပြောင်းလာသော အမှုတွဲမိတ်ဆွေများက ကြားပြီး  ”ထွန်းထွန်းဝင်း တောင်ငူထောင်သို့ ပြောင်းသွားတယ်၊ သူ့အမေ ကို ပြောလိုက်ပါ”ဆို၍သာ အမေ့မှာ တောင်ငူထောင်သို့ ရောက် လာပြီး ကျွန်တော့်ကို တွေ့ခွင့်ရသည်။ ကျွန်တော့်အဖြစ်ထက် ဆိုး သောသူ  အများအပြားရှိသည်။ အလွန်ဝေးလံသော အကျဉ်း ထောင်များသို့ ပြောင်းရွှေ့ခံရကာ မိသားစုနှင့် အဆက်အသွယ်မရ ဘဲ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ကြမ်းတမ်းသော နေ့ရက်များ ကို ရင်ဆိုင်ရင်း ကျဆုံးခဲ့ရသောသူများလည်း အမှန်တကယ်ရှိခဲ့ သည်။ စစ်အာဏာရှင်ခေတ်မှ နိုင်ငံရေးအကျဉ်းသားဘဝဆိုသည် မှာ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို အာခံသောသူများကို တစ် နည်းနည်းဖြင့် လက်စဖျောက် ရှင်းပစ်ခြင်းခံရသူများဖြစ်သည်။ တရားဥပဒေ၏ အကာအကွယ်မရ၊ မဝရေစာ ပုံစံထမင်းဟင်း၊ အရှက်လုံရုံ ပုံစံလုံချည်၊ အင်္ကျီ၊ ထောင်တွင်းပြစ်ဒဏ်များတွင် မသေရုံတမည် ရိုက်နှက်ပြစ်ဒဏ်ပေးမှုများ (အချို့မှာ ထိုဒဏ်ရာ များကြောင့် သေဆုံးခဲ့ရသည်။ ဥပမာ-ကိုအောင်ကျော်မိုး၊ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်းအောင်)နှင့် လုံလောက် မှုမရှိသော ကျန်းမာရေးစောင့်ရှောက်မှုများကြားဝယ် မိသားစု ဝင်များက မထောက်ပံ့ခဲ့လျှင် အသက်ရှင်လျက် ထောင်အပြင်သို့ ထွက်လာနိုင်သည်ဆိုခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲ ဒုလ္လဘဟုသာ ဆို ချင်ပါတော့သည်။

ကျွန်တော်တို့ အင်းစိန်ထောင်တိုက်ထဲတွင် နေခဲ့ရစဉ်က ထောင်ဝင်စာပါလာသော လက်တစ်ဝါးလောက်မုန့်တံဆိပ်စက္ကူ ကိုပင် သွင်းခွင့်မပြုပါ။ စာဖတ်ရန် စာအုပ်သွင်းခွင့်ဆိုသည်မှာ ဝေးစွ။ စာရေးရန် တစ်ဖက်လွတ်နေသော မုန့်တံဆိပ်ကို ပေး၍ မသွင်းသဖြင့် မုန့်ထုပ်၊ ဟင်းထုပ်များထည့်ထားသော ပလတ် စတစ်အိတ်အကြည်များကို သန့်ရှင်းအောင် ပြန်ဆေးကာ အခြောက်ခံပြီး စာရေးစရာ လုပ်ရသည်။ သွားတိုက်တံနောက်ပိုင်း ကို ချွန်၍ ပလတ်စတစ်ပေါ် ခြစ်၍ရေးသော ကညစ်အဖြစ် အသုံး ပြုခဲ့ကြသည်။ ပေစာ၊ ကျောက်စာများကဲ့သို့ ပလတ်စတစ်စာများ ဖြင့် ကဗျာစပ်၊ ဝတ္ထုရေး၊ ကြေညာချက်ထုတ်၊ တစ်ဦးနှင့် တစ်ဦး၊ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြန်အလှန်ဆက်သွယ်ရေးစာများအဖြစ် အသုံးပြုခဲ့ကြလေသည်။ အချို့သော နိုင်ငံရေးအကျဉ်းသားများ က ပလတ်စတစ်စာဖြင့် မဂ္ဂဇင်းထုတ်ဝေခဲ့ကောင်း ထုတ်ဝေခဲ့ကြ ပေမည်။ သို့သော် ကျွန်တော်တို့၏ ‘ရသမီးအိမ်’မဂ္ဂဇင်းမှာ ထိုသို့ ပလတ်စတစ်စာဖြင့် ထုတ်ဝေသော မဂ္ဂဇင်းမျိုးလည်း မဟုတ်ပေ။

Illustration : Hla Kyi 

(လေး) ရသမီးအိမ်အစ၊ စကားဝိုင်းက

ကျွန်တော်တို့ တောင်ငူထောင်သို့ ပြောင်းလာပြီးနောက် ကျကြီးဆောင်ဟုခေါ်သော ထောင်ကျဆောင်တွင် လအတန်ကြာ ပိတ်ထားသည်။ အခြားအဆောင်များနှင့် အဆက်အသွယ်လုပ်၍ မရ။ တိုက်ခန်းများရှိ ဒေသခံနိုင်ငံရေးအကျဉ်းသားများနှင့် ဆက် သွယ်ခွင့်မရှိ။ နောက်ထပ် လအနည်းငယ်ကြာမှ အချို့သော ထောင်ကျနှစ်ကြီးသမားများနှင့် ဒေသခံမတရားအသင်း အက် ၁၇(၁)၊ (၂)နှင့် ထိန်းသိမ်းထားသော နိုင်ငံရေးအကျဉ်းသားများ ရောက်လာကြသည်။ များသောအားဖြင့် ကရင်လူမျိုးများဖြစ်ကြ ပြီး ကေအင်န်ယူဖြင့် ဆက်သွယ်ခဲ့ကြသူများ ဖြစ်ကြသည်။

ကျွန်တော်တို့ကို အဆောင်ထဲတွင် ပိတ်၍ ဘယ်မှ ပေး မသွားသောအခါ စကားဝိုင်းဖွဲ့ခြင်း၊ လမ်းလျှောက်ခြင်း၊ အင်္ဂလိပ် စာ လေ့လာခြင်း၊ စစ်တုရင်ချက်စ်ထိုးခြင်း၊ ပိုက်ကျော်ခြင်းခတ်၊ ဘောလုံးကန် စသည်တို့လုပ်ကြသည်။ ထိုအထဲတွင် စာပေကို ရူး သွပ်၍ အသစ်အဆန်းများကို တီထွင်လုပ်ကိုင်လိုကြသော လူ တစ်စုက မဂ္ဂဇင်းထုတ်ရန် စဉ်းစားမိကြခြင်း ဖြစ်သည်။ ကျွန်တော် တို့သည် ညဘက်တွင် အိပ်ချိန်မရောက်မီ စကားဝိုင်းဖွဲ့ကြသည်။ ညစဉ် စကားဝိုင်းဖွဲ့ကြသောအခါ အကြောင်းအရာများ မထပ်စေ ရန် ခေါင်းစဉ်များ ရွေးချယ်၍ ပြောဖြစ်ကြသည်။

ကြည့်မြင်တိုင်လူ့ဘောင်သစ်မှ ညီညီလှိုင်က ‘ငယ်ဘဝ ဇာတ်လမ်းများ’၊ လူ့ဘောင်သစ်နှင့် မျိုးချစ်ဒီမိုကရက်တစ်ပါတီမှ ကိုသက်ဇော် (ဇော်သက်ထွေး)က ‘မြေလတ် သောင်၊ ဖောင်ကူး တို့နှင့် အညာကျေးလက်ဘုရားပွဲများ’၊ အောက်ဗကသမှ ကိုဗ သက်အောင်ရဲ့ ‘ညယံမှ သံချောင်းခေါက်သံများ’၊ ကျွန်တော်က ဂျီတီအိုင်ကျောင်းသားဘဝ၊ ၁၉၈ဝ ဝန်းကျင် နှစ်ကာလများမှ ‘ကျွန်တော်နှင့် ပန်းချီ၊ ကဗျာ၊ စာတို၊ စာစများ’စသဖြင့် ပြောဖြစ် ကြသည်။ ပြောခဲ့ကြသူများက အများအပြားရှိသည်။ မှတ်မိ သလောက်သာ တင်ပြရပါသည်။ ထိုသို့ စကားဝိုင်းအစီအစဉ် အရှိန်ရလာသောအခါ ထိုအကြောင်းအရာများကို စုစည်း၍ အဆောင်တွင်းရှိ လာရောက်နားမထောင်နိုင်သူတို့ထံသို့လည်း ဝေငှချင်သည်။ ကျွန်တော်တို့ထဲတွင် ကဗျာရေးသူများ ရှိသည်။ ဝတ္ထုဇာတ်ကြောင်းရေးဖွဲ့နိုင်သူများ ရှိသည်ကို သတိထားမိသည်။ ထိုစာမူများကို စုစည်း၍ မဂ္ဂဇင်းတစ်စောင် ထုတ်ဝေရလျှင်ဟု တွေးမိကြသည်။ ထိုအတွေးဖြင့် ကိုဇော်သက်ထွေး၊ ကိုအောင် ကျော်မြင့် (အောက်ဗကသ၊ ယခု အမေရိကန်တွင် နေသူ)နှင့် ကျွန်တော်တို့ ခေါင်းချင်းဆိုင်မိကြသည်။

ထိုအချိန်က ကျွန်တော်တို့အဆောင်ကို တစ်ပတ်လျှင် အနည်းဆုံး တစ်ကြိမ်၊ နှစ်ကြိမ်လောက် ရှာဖွေရေးလုပ်သည်။ ဘာမှသိမ်းမရ၊ ဖွက်မရ။ ရန်ကုန်မှ ပြောင်းလာသူများ နေ့စဉ် ဘာ လုပ်နေသည်ကို အာဏာပိုင်များက သူ့လူများမွေးကာ မျက်လုံး ဒေါက်ထောက်ကြည့်နေသည်။ သို့အတွက် ကျွန်တော်တို့မဂ္ဂဇင်း ကို စက္ကူနှင့် လုပ်ရန် လုံးဝမဖြစ်နိုင်။ ပလတ်စတစ်ပေါ် ရေးဖို့က လည်း လုံခြုံရေးအရ အခြေအနေမပေး။ နောက်ဆုံးတော့ ဘာ အထောက်အထားမှ ကျန်စရာမရှိသော နုတ်ပြောမဂ္ဂဇင်းတစ်ခု ကို ဆောင်ရွက်ဖို့ အခြေအနေက တွန်းပို့ခဲ့သည်။ မဂ္ဂဇင်းအတွက်  စာမူစုစည်းရာတွင် စာမူရှင်ကို ပြောပြခိုင်းသည်။ ကဗျာဆိုလျှင် ရွတ်ပြခိုင်းသည်။ သုံးယောက်သား ဝိုင်း၍ နားထောင်သည်။ ကဏ္ဍအလိုက် တာဝန်ခွဲဝေယူထားသူက စာမူကို ပြန်ပြောပြ သည်။ အကြောင်းအရာ၊ ခံစားမှု၊ ပြောဟန်၊ တင်ပြပုံ စသည်တို့ကို ဖြည့်စွက် ဝိုင်းဝန်းအကြံပြုကြသည်။

ကျွန်တော်တို့သည် နားဖြင့် စုစည်း၍ နှုတ်ဖြင့်ဖြန့်ဝေရ သော မဂ္ဂဇင်းတစ်စောင်တော့ စလုပ်ဖြစ်ပြီ။ အမည်ကို အတည် မပြုနိုင်သေး။ မဂ္ဂဇင်း၏ ရည်ရွယ်ချက်က နိုင်ငံရေးအနုပညာဝန်း ကျင်တစ်ခု ပေါ်ပေါက်လာရေး။ စစ်အာဏာရှင်စနစ်မှ လွဲ၍ မည် သည့်ဝါဒစနစ်ကိုမျှ မဆန့်ကျင်ပါ။ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးသည်သာ ပဓာန။ ရသမြောက်သော နိုင်ငံရေး၊ အနှစ် သာရရှိသော အနုပညာဖြစ်လိုသည်များက ကျွန်တော်တို့၏ စိတ် ကူးစံများဖြစ်ကြသည်။ သို့အတွက် မဂ္ဂဇင်း၏ အမည်ကို ‘ရသမီး အိမ်’ဟု အမည်ပေးဖြစ်ခဲ့ကြသည်။ အယ်ဒီတာအဖွဲ့စနစ်ဖြင့် သွားမည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ အယ်ဒီတာချုပ်မရှိ။ တာဝန်ခံ အယ်ဒီတာမရှိ။ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထုစသည့် ကဏ္ဍအလိုက် တာဝန်ခံတော့ ရှိသည်။ လုံခြုံရေးအရ တစ်ခုခုဖြစ်လာခဲ့လျှင် အယ်ဒီတာအဖွဲ့က လုံးဝတာဝန်ခံရမည်ဟု ရှင်းရှင်းလင်းလင်း တင်ပြထားရသည်။ အဝန်းအဝိုင်း၊ အစုအဝေးစိတ်ဓာတ်ဖြင့် နေကြသောကြောင့် ကျွန်တော်တို့ လုပ်မည့်ကိစ္စကို တာဝန်ယူမှု၊ တာဝန်ခံမှုများနှင့် အများသို့ အကြောင်းကြားရသည်။ အားလုံး နှင့် သဘောထားကြေလည်ပါမှ ဆောင်ရွက်ကြသည်။

နေ့လယ်ခင်းတစ်ခုတွင် ကျွန်တော်တို့အယ်ဒီတာအဖွဲ့ ခေါင်းချင်းဆိုင်၍ မဂ္ဂဇင်းတွင် ဖော်ပြမည့် ကဏ္ဍများ စဉ်းစားနေ ကြသည်။ မလှမ်းမကမ်းတွင် ကျောင်းဆရာ ဦးအောင်မြင့်စိန်က လမ်းလျှောက်ကာ ကျွန်တော်တို့ကို အကဲခတ်နေသည်။ ကျွန် တော်တို့ဆွေးနွေးနေကြသည်များကို တစ်စွန်းတစ်စ ကြားပုံရပါ သည်။ ကျွန်တော်တို့ စကားဝိုင်းပြီးချိန်လောက်တွင် သူက ကျွန် တော်တို့ဆီ လျှောက်လာပြီး ”ခင်ဗျားတို့က ဆရာဒဂုန်တာရာလို စန္ဒရားတီးရင်း တော်လှန်ရေးလုပ်ချင်တဲ့သူတွေပဲဗျ”ဟု မှတ် ချက်ချသွားသည်ကို အမှတ်ရမိပါသေးသည်။

(ငါး) ကဏ္ဍများ

‘ရသမီးအိမ်’တွင် အယ်ဒီတာမီးအိမ်၊ ကဗျာမီးအိမ်၊ စာ မီးအိမ်၊ သတင်းမီးအိမ် စသဖြင့် ကဏ္ဍများ ပါရှိသည်။ စာမီးအိမ် ကဏ္ဍတွင် ဝတ္ထု၊ ဆောင်းပါး၊ အက်ဆေး၊ အင်တာဗျူးတို့ ပါဝင် သည်။ ကဏ္ဍများကို အယ်ဒီတာအဖွဲ့ဝင်များမှ မျှ၍ယူကြသည်။ အယ်ဒီတာမီးအိမ်နှင့် ကဗျာမီးအိမ်ကို ကိုဇော်သက်ထွေးနှင့် ကျွန်တော်၊ စာမီးအိမ်ကိုတော့ အားလုံး ဝိုင်းရသည်။ သတင်းမီး အိမ်ကတော့ ကိုအောင်ကျော်မြင့်၏ မူပိုင်ကဏ္ဍဖြစ်သည်။ သတင်းများကို အဆင့်ခွဲကာ အတည်ပြုသောသတင်းနှင့် အတည်မပြုနိုင်သေးသော သတင်းများဟူ၍ ခွဲခြားတင်ပြရသည်။ ထောင်ဝင်စာလာသူတိုင်း၊ အပြင်ဘုတ်မှသူတွေကို တွေ့တိုင်း၊ အချုပ်ရုံးထွက်တွေနှင့် ဆုံတိုင်း၊ ရင်းနှီးတဲ့ ဝန်ထမ်းတွေကို ကြုံ တိုင်း ‘ဘာထူးသေးလဲ’ဟု မေးနေသူမှာ စွန် (ခေါ်)အောင်ကျော် မြင့်ပင် ဖြစ်သည်။

အယ်ဒီတာမီးအိမ်ကို ကျွန်တော်တို့သုံးယောက်စု၍ အခု လိုရေးဖြစ်ခဲ့သည်။ ”ရဲဘော်ယုံကြည်ပါ၊ မကြာခင်မှာ အရုဏ်ဦး ဟာ မှောင်မိုက်မိုးကောင်းကင်ကို လွန်မြောက်လို့ ကျွနု်ပ်တို့ဆီ ရောက်လာတော့မယ်။ အမှောင်တစ်ခေတ်ရဲ့ ရာဇဝင်ရိုင်းကို အလင်းမြားတစ်စင်းနဲ့ ထိုးခွင်းနိုင်ဖို့၊ ဗမာပြည်တစ်နံတစ်လျားမှာ ငြိမ်းချမ်းရေးပန်းတွေ ဖူးပွင့်ဖြာဝေပွင့်စေဖို့၊ အောင်ပွဲခံတေးသွား အတွက် ငါတို့ရဲ့ လက်ဖျံရိုးတွေနဲ့ မော်ကွန်းထိုးမယ့် သံစဉ်တွေ သီကုံးဖွဲ့ဆိုနိုင်စေဖို့ မီးအိမ်တစ်လက်ကို ထွန်းညှိခဲ့ပြီ” ဆိုတာမျိုး တွေ ပါဝင်သည်။

အင်တာဗျူးမီးအိမ်အတွက် ဆရာမောင်လင်းယုန်(ရှမ်း ပြည်)ကို ရွေးချယ်ခဲ့ကြသည်။ ထိုအင်တာဗျူးကို ”မောင်လင်း ယုန်(ရှမ်းပြည်)သို့မဟုတ် လွင်ပြင်ထဲက ချယ်ရီပွင့်တစ်ချပ်”ဟု အမည်ပေးသည်။ ဆရာတို့ခေတ် တက္ကသိုလ်မှ တိုင်းရင်းသား အသင်းအဖွဲ့များ၏ နိုင်ငံရေးလှုပ်ရှားမှုများ၊ နိုင်ငံတကာ ကျောင်း သားသမဂ္ဂများညီလာခံ တက်ရောက်ခဲ့ပုံများနှင့် ကျောင်းသား များ၏ စစ်ဆန့်ကျင်ရေး၊ လက်နက်ဖျက်သိမ်းရေး၊ ငြိမ်းချမ်းရေး လှုပ်ရှားမှုများအကြောင်းကို ဆရာ့ဘဝဖြတ်သန်းမှုများနှင့် ယှဉ် ၍ တင်ပြနိုင်ခဲ့သည်။ ဝတ္ထုမီးအိမ်တွင် ကိုမျိုးမြင့် (ယခု အမေရိ ကားတွင်နေသူ၊ “Burma SoldierDocumentary Film ရိုက်ကူးခံရသူ)၏ ‘ရှမ်းတောင်တန်းပေါ်မှ ယမ်းငွေ့ဝေသော ဇာတ်လမ်းတစ်ပုဒ်’တွင် မဆလစစ်အစိုးရတပ်များနှင့် ရှမ်းတိုင်း ရင်းသားလက်နက်ကိုင်တပ်များ ရင်ဆိုင်တွေ့ခဲ့ရသော တိုက်ပွဲ တစ်ခုတွင် ရှမ်းအမျိုးသမီးတစ်ဦး၏ ရင်နင့်ဖွယ်အဖြစ်အပျက်ကို တင်ပြထားသလို ဂျီနီဗာကွန်ဖရင့်တွင် ပြဋ္ဌာန်းခဲ့သော နိုင်ငံ တကာစစ်သုံ့ပန်းဥပဒေနှင့် ချိန်ထိုး၍ လက်နက်ချသူများကို အပြတ်ရှင်းခဲ့သော မဆလစစ်တပ်၏ ဆိုးဝါးရက်စက်မှုကို နင့်နင့် နဲနဲဖော်ပြနိုင်သော စာရေးသူကိုယ်တွေ့ဖြစ်ရပ်တစ်ခုဖြစ်သည်။

ကိုကျော်စိုး၏ ‘၁၉၆၂ ခုနှစ်နောက်ပိုင်း ကလေးစာပေ’ကို ဆောင်းပါးမီးအိမ်ကဏ္ဍတွင် ထည့်သွင်းခဲ့သည်။ ကလေးစာပေကို ပညာရှင်အသီးသီးက အဓိပ္ပာယ်ဖွင့်ဆိုပုံ၊ ၁၉၆၂ ခုနှစ်နောက်ပိုင်း တွင် ကလေးစာပေ တဖြည်းဖြည်းတိမ်ကောလာပုံတို့ကို ကလေး စာပေစာအုပ်များ၊ ကလေးစာပေစာတမ်းများ အကိုးအကား အòန်းများဖြင့် တင်ပြနိုင်ခဲ့သော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ် သည်။

အက်ဆေးမီးအိမ်တွင် ဇော်သက်ထွေး၏ ‘မြေလတ်သောင်၊ ဖောင်ကူးတို့နှင့် အညာကျေးလက်ဘုရားပွဲများ’ကို ဖော်ပြဖြစ် သည်။ ကိုဇော်သက်ထွေး၏ ဇာတိ မွေးရပ်မြေဒေသရနံ့စာစုဖြစ် သည်။ မြေလတ်ဒေသဖြစ်သော မကွေးမြို့နှင့် မင်းဘူးမြို့တို့သည် ဧရာဝတီမြစ်ကမ်းတွင် ဓားလွယ်ခုတ်တည်ရှိသော မြို့များဖြစ်ကြ သည်။ အရင်တုန်းက ယခုလို မကွေးတံတားမထိုးသေး။ မကွေးမှ မင်းဘူးဘက်ကမ်းသို့ ကူးရာတွင် ဇက်ဟုခေါ်သော သင်္ဘောယာဉ် များ မပေါ်ခင်က မော်တော်ကားများသည် သစ်ဖောင်ကြီးများဖြင့် ကူးတို့ကူးရသည်။ ရွှေစက်တော်ဘုရားပွဲကာလများတွင် ကူးတို့ ကူးသော ကားတန်းကြီးမှာ ပွဲဈေးတန်းတစ်ခုနှယ် တွေ့ရလေ့ရှိပုံ၊ ဧရာဝတီမြစ်လယ်မှ သောင်ကြီးကို ကွေ့ပတ်ကာ ဖောင်ကူးတို့ ကြီးဖြင့် သွားရသော ကြည်နူးဖွယ် အတွေ့အကြုံများ ထင်ဟပ် ထားသည့် အက်ဆေးကောင်းတစ်ပုဒ်ဖြစ်သည်။

ကဗျာမီးအိမ်တွင် ကဗျာအပုဒ်ရေ ၁၂ ပုဒ်လောက် ပါဝင် သည်။ ကဗျာများကိုတော့ မမှတ်မိတော့ပါ။ ‘ရသမီးအိမ်’၏ ဆောင်ပုဒ် သို့မဟုတ် ကြွေးကြော်သံကဗျာက ကိုအေးငွေရေးပေး တာဖြစ်သည်။ လူက ဗမာပြည်ကွန်မြူနစ်ပါတီ ၄၈၂၈ ယူဂျီအမှု တွဲဖြစ်သည်။ စာသမားတစ်ဦးဖြစ်ပြီး ကဗျာကောင်းများထွက် သည်။ မိုးဝေကဗျာဆရာ မောင်ဖူးသစ်၏ ကဗျာများကိုလည်း ဖော်ပြနိုင်ခဲ့သည်။

(ခြောက်) ဖြန့်ချိပုံ

‘ရသမီးအိမ်’ဖြန့်ချိပုံကို ပြောချင်ပါသေးသည်။ အဆောင် တွင် စု၍ စားကြသော ထမင်းဝိုင်းများ ရှိသည်။ ကိုယ့်အမှုတွဲအရ၊ ခင်မင်မှုအရ၊ ဒေသအရ၊ ကျောင်းသားအရွယ်များအရ စသဖြင့် စုဖွဲ့စားသောက်ကြသည်။ ထမင်းဝိုင်းတစ်ခုလျှင် လေး၊ ငါး ယောက်မှ ဆယ့်လေးငါးယောက်လောက်အထိ ရှိတတ်သည်။ ပေ ၃ဝဝ လောက်ရှည်သော အဆောင်ကို အလယ်မှ ဘာယာ တန်းများ ကန့်၍ နှစ်ပိုင်းခွဲထားသည်။ တစ်ကန့်တွင် လူ ၁၅ဝ ဝန်း ကျင်လောက်ထားပြီး တစ်ဆောင်လုံးတွင် လူ ၂ဝဝ ကျော် ၃ဝဝ နီးပါးရှိသည်။ ထိုသူအားလုံးနီးပါး မဂ္ဂဇင်းဖတ်နိုင်စေရန် လေး၊ ငါးရက်လောက် ကြာမည်ထင်ပါသည်။

မဂ္ဂဇင်းဖြန့်ပုံမှာ ကျွန်တော်တို့အယ်ဒီတာသုံးယောက် ထမင်းဝိုင်းမှသူများနှင့် အခြားဖတ်ချင်သူများ ဝိုင်းထိုင်လိုက်ကြ သည်။ အယ်ဒီတာအဖွဲ့ဝင်များက သူ့အလှည့်နှင့် သူ စာတည်းမီး အိမ်မှ အစ သတင်းမီးအိမ်အဆုံး အလွတ်ရွတ်ဆိုပြောပြသည်။ ပရိသတ်များ၏ အားပေးမှုက မထင်မှတ်ဘဲ အရမ်းကောင်းသည်။ ကျွန်တော်တို့ဘေးတွင် ပရိသတ်များက တစ်ကြိမ်ထက်တစ်ကြိမ် များပြားလာကာ စုဝေးနားထောင်နေကြသည်။ မဂ္ဂဇင်းစတင်ဖြန့် ခါစက မနက်ခင်းတွင် နှစ်ကြိမ်လောက်၊ ညနေခင်းတွင် တစ်ကြိမ်၊ ညတန်းမပိတ်ခင် တစ်ကြိမ်လောက် ဖြန့်ဝေနိုင်ခဲ့သည်။ အလှည့် နှင့် နား၍ ရွတ်ဆိုပြောပြနေကြရသော်လည်း အလှည့်တစ်ခုတွင် မိနစ်နှစ်ဆယ်၊ သုံးဆယ် တောက်လျှောက်အားစိုက်ပြီး ပြောရ သဖြင့် အာခေါင်တွေခြောက်ပြီး ချွဲတွေ ကပ်လာသည်။ ရေပုလင်း ထောင်ထားကာ မကြာခဏ သောက်ရသည်။ သို့သော် မဂ္ဂဇင်း တစ်ခါဖြန့်ပြီးသွားတိုင်း ပိုမိုများပြားလာသော ပရိသတ်အင်အား ကြောင့် ပီတိဖြစ်ရသည်။

အချို့ပရိသတ်များမှာ နှစ်ကြိမ်၊ သုံးကြိမ် လိုက်လံနား ထောင်သည်။ နားနှင့် ဖတ်ရသောအရသာကို တွေ့ရှိကြသည်။ အဆောင်အတွင်းတွင် ‘ရသမီးအိမ်’ပါ ကဗျာများ၊ စာများကို သုံး သပ်ကြ၊ ဝေဖန်ကြသည်။ စာပေဂယက်တစ်ခု ပွက်ထလာခဲ့သည်။ အခြားအဆောင်များမှ ဒေသခံများလည်း လာရောက်၍ မဂ္ဂဇင်း ကို ဖတ်ကြသည်။ မဂ္ဂဇင်းဖြန့်ချိန်တွင် အချို့ဝန်ထမ်းများက ပြတင်းပေါက်သံတိုင်ဘေးတွင် ထိုင်ကာ နားထောင်သည်။ ကျွန် တော်တို့ကလည်း ရပ်၍မဖြစ် ဆက်၍ ပြောနေသည်။ သူလည်း ဇာတ်လမ်းတွင် မြောကာ ခေါင်းတညိတ်ညိတ်နှင့် ဖြစ်နေသည်။ ကျွန်တော်တို့လည်း မဂ္ဂဇင်းဖြန့်ပြီးပြီဆိုလျှင် ပက်လက်လန်၍ နားရတော့သည်။ မဂ္ဂဇင်းကို တစ်ပတ်လောက် ဖြန့်ပြီးသွားချိန် တွင် အယ်ဒီတာအဖွဲ့မှ ကိုအောင်ကျော်မြင့် ဆေးရုံတက်လိုက်ရ သည်။ သူက အဆုတ်သိပ်မကောင်း။ တီဘီသံသယဖြင့် အဆုတ် ကို အနားပေးရတော့သည်။ နောက်ထပ်တစ်အုပ်အတွက် ကျွန် တော်နှင့် ကိုသက်ဇော် (ဇော်သက်ထွေး)တို့ စာမူစုဆောင်းကြ သေးသည်။ အင်တာဗျူးကဏ္ဍအတွက် မိုးကြိုးဦးအုန်းခင်၏ တပည့်ဖြစ်ခဲ့ဖူးသော မိုးကြိုးသတင်းစာ စာစီဆရာ ဖိုမင်ကြီး ဦးမျိုးမြင့်ကို အင်တာဗျူးဖြစ်သည်။ အမှတ်(၁)စက်မှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးလှကြည်၏ ‘ဂီတနက်သန် ကိုစောညိမ်းဘဝ နှင့် တေးသီချင်းများ၊ ဆောင်းပါး’စသည်တို့ကို စုစည်းထားသည်။

ကျွန်တော်တို့အယ်ဒီတာအဖွဲ့သည် တစ်နေရာမှ တစ် နေရာပြောင်းကာ မဂ္ဂဇင်းဖြန့်နေသည်ကို ထောင်အာဏာပိုင်များ က ကြာတော့ စိုးရိမ်လာပုံရပါသည်။ လူစု၍ နိုင်ငံရေးတရားဟော နေသည်ဟု အထင်ရှိကာ ကျွန်တော်တို့ကို မိန်းဂျေးသို့ ခေါ်မေးပါ သည်။ ကိုယ်တွေ့ဖြစ်ရပ်ဇာတ်လမ်းများ ပြောပြတာဆိုတော့ လည်း သူတို့ ဘာမှလုပ်၍မရပါ။ သို့သော် နောင်တွင် အဆောင် ပိတ်ထားရာမှ အလုပ်တာဝန်ခွဲဝေလိုက်ခြင်း၊ အသက်ကြီးသူများ ကို အဆောင်ခွဲထားခြင်း စသဖြင့် အဆောင်ထဲတွင် လူစုလူဝေး မရှိတော့သဖြင့် ‘ရသမီးအိမ်’ကို အမှတ် ၁ ဖြင့် ရပ်နားခဲ့ရသည်။ သို့သော်လည်း ကျွန်တော်တို့သည် စာရွက်မရှိ၊ ဘောလ်ပင်၊ ခဲတံ မကိုင်ရသော အချိန်ဖြစ်သော်လည်း နံရံလေးဖက်ကြားတွင် မဂ္ဂဇင်းတစ်စောင်ကို အောင်မြင်စွာ ထုတ်ဝေနိုင်ခဲ့ခြင်းကိုတော့ ဘယ်သောအခါမျှ မေ့နိုင်ကြလိမ့်မည် မဟုတ်ကြပါ။    ။

၂၀၁၃-စက်တင်ဘာလထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ်(၈)မှ မှတ်တမ်း  ဖြစ်ပါသည်။

ထွန်းဝင်းငြိမ်း ရေးသည်။

အမျိုးအစား - အက်ဆေး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."