ရန်ကုန် – ၂၀၂၄ စက်တင်ဘာ ၂၀ (မော်ကွန်း)
ရှမ်းပြည်နယ်တောင်ပိုင်းက မိုးနဲနဲ့လင်းခေး မြို့နယ်တွေမှာ ရေကြီးမှုကြောင့် ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ကိုင်နေသူတချို့နဲ့ ဒေသခံတချို့ကပြောပါတယ်။
တောင်ကြီးမြို့ကနေ မိုင်းပန်မြို့ဘက်ကို ဆက်သွယ်ထားတဲ့ ကားလမ်းပေါ်က မိုးနဲ၊ မောက်မယ်၊ လင်းခေး မြို့တွေမှာ ကားလမ်းတွေပျက်စီးနေပြီး ဒေသတွင်းမှာ အဆက်အသွယ်တွေပြတ်တောက်နေတာ သီတင်းပတ်တစ်ပတ်နီးပါး ရှိလာပြီလို့ တောင်ကြီး-လင်းခေး ခရီးသည်တင်ယာဉ်ပြေးဆွဲသူတစ်ဦးက ပြောပါတယ်။
“နမ့်စန်၊ မိုးနဲ၊ မောက်မယ်ဘက်က ဂိတ်တွေ မဖွင့်သေးဘူး။ ရှမ်းတောင်မှာ ဒီဘက် ပင်းတယ၊ အောင်ပန်းဘက်ပဲ တက်လို့ရသေးတယ်။ လင်းခေးတို့၊ မိုင်းတုံတို့သွားတဲ့လမ်းက အဆင်မပြေသေးဘူး။ ဂိတ်တွေပါ ပိတ်ထားတုန်းပဲ။ အခုတော့ လမ်းပြင်နေကြပြီဆိုတော့ နောက်တစ်ပတ်လောက်ဆိုရင် သွားလို့ရနိုင်မယ်ထင်တယ်” လို့ တောင်ကြီး-လင်းခေးကို ခရီးသည်တင်ကား ပြေးဆွဲနေသူက ပြောပါတယ်။
လက်ရှိမှာတော့ လင်းခေး၊ မိုးနဲ၊ မိုင်းပန်မြို့တွေမှာ ရေပြန်ကျနေပြီဖြစ်ပေမယ့် ဒေသတွင်း ဆက်သွယ်ရေးလမ်းကြောင်းတွေ ပြတ်တောက်နေသလို အင်တာနက်လိုင်း၊ ဖုန်းလိုင်းတွေနဲ့ လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လင်းခေးမြို့နယ်မှာဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းက နမ့်တိန်ချောင်း ရေကြီးရေလျှံခဲ့တာကြောင့် နမ့်တိန်ချောင်းတစ်လျှောက်က ကျေးရွာ ၅၀ ခန့် ရေဘေးဒဏ်သင့်ခဲ့ပြီး လူဦးရေ ၅,၀၀၀ နီးပါး အကူအညီတွေ လိုအပ်နေတယ်လို့ အဲဒီဒေသကို အကူအညီပေးနေတဲ့ ပရဟိတအဖွဲ့တချို့က ပြောပါတယ်။
“ဒီဘက်တွေက သေဆုံးမှုတော့ မကြားမိပါဘူး။ အဓိက အခက်အခဲက မြေပြန့်နဲ့ဝေးလွန်းတာ၊ တောင်ပေါ်လမ်းတွေလည်း မြေတွေပြိုကုန်ပြီး လမ်းတွေအကုန်ပိတ်သွားတယ်။ ဓာတ်တိုင်တွေလည်း အကုန်လဲသွားတော့ မီးမရဘူး။ ဖုန်းလိုင်း၊ အင်တာနက်လိုင်းလည်း အကုန်ပြတ်နေတာ။ ဒီဘက်မှာက အကူအညီပေးမယ့် အဖွဲ့တွေကလည်း မရောက်လာနိုင်ဘူးဖြစ်နေတာ” လို့ လင်းခေးမြို့နယ်က ဒေသခံပရဟိတအဖွဲ့မှာ ကူညီနေသူတစ်ဦးက ပြောပါတယ်။
ယခုလ ၁၀ ရက်ကစပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ရေကြီးတာ၊ တောင်ပြိုတာ၊ မြေပြိုတာတွေ ရုတ်တရက်ဖြစ်ပျက်ခဲ့ပြီး ရှမ်းတောင်ရဲ့ ခရီးသွားမြို့တွေဖြစ်တဲ့ ကလောနဲ့ အင်းလေးမြို့တွေအပါအဝင် ရှမ်းတောင်ပိုင်းကမြို့တွေမှာ အဆိုးဝါးဆုံး ရေကြီးနစ်မြုပ်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒေသတွင်း အချက်အလက်တွေ ကောက်ယူပြီး ထုတ်ပြန်နေတဲ့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO) ကတော့ အခုဖြစ်ပွားနေတဲ့ ရေဘေးမှာ ရှမ်းတောင်ပိုင်းမှာ ကျေးရွာပေါင်း ၁၅၀ ကျော်က ဒေသခံ တစ်သိန်းကျော် ရေဘေးသင့်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားပါတယ်။
ဒီရေဘေးကြောင့် ရှမ်းတောင်မှာ သေဆုံးသူ ၁၄၀ ဦးထိ ရှိခဲ့ကာ လူ ၁၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ပြီး အင်တာနက်လိုင်းနဲ့ ဖုန်းလိုင်းပြတ်တောက်နေတာကြောင့် အရေးပေါ်အကူအညီတွေနဲ့ ကယ်ဆယ်ရေးမရောက်တဲ့ ဒေသတွေရှိနေဆဲလို့ PYO က ဖော်ပြထားပါတယ်။
စစ်ကောင်စီက မနေ့က နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရတော့ ရေဘေးကြောင့် တစ်နိုင်ငံလုံး သေဆုံးသူ အရေအတွက် ၃၀၀ နီးပါးရှိလာကာ ၈၉ ဦး ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။

ပုံစာ – ရေကြီးနစ်မြုပ်နေတဲ့ လင်းခေးမြို့နယ်မြင်ကွင်း
ပုံစာ – Tai Youth Yangon
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

