ခွေးလေခွေးလွင့်ပေါသည့် ကျွန်တော်တို့၏ မြို့ပြ

ခွေးလေခွေးလွင့်ပေါသည့် ကျွန်တော်တို့၏ မြို့ပြ

သြဂုတ်လထုတ်-၂၀၁၃၊ မော်ကွန်းမဂ္ဂဇင်း အမှတ်(၇) မှ မျက်နှာဖုံးးဆောင်းပါးဖြစ်ပါသည်။

သက်ဦးမွန်၊ ခင်မောင်မြင့်နှင့် ကောင်းမြတ်မိုး ရေးသည်။

မိုးက တဖွဲဖွဲရွာလျက်ရှိသည်။ လမ်းဘေးမီးတိုင်များဆီမှ မှိန်ပျပျ မီးအလင်းရောင်က မိုးပေါက်များကို ထွင်းဖောက်ကာ လမ်းမပေါ် ဖြာကျလျက်ရှိသည်။ အချိန်ကို ကြည့်လိုက်တော့ ည ၁၁ နာရီခွဲဝန်းကျင်။

နေရာက ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့ နယ် ၁ ရပ်ကွက်၊ အောင်မေတ္တာလမ်းနှင့် လမ်းသွယ်တစ်ခုတို့ဆုံရာ။  မဥမ္မာတို့ သားအမိနှစ်ယောက် မှုန်တိမှုန်ဝါး အလင်းရောင်ကို အားကိုးပြီး ခပ်သုတ်သုတ် လမ်းလျှောက်နေကြသည်။ တစ်ချက်၊ တစ်ချက် နောက်ကို လှည့်ကြည့်သည့်အခါ ကြည့်သည်။ မိုးရွာနေသည့်တိုင် လက်ထဲတွင် ပါလာသော ထီးကို သားအမိနှစ်ယောက်စလုံး ဖွင့် မဆောင်းကြ။ လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ခပ် သုတ်သုတ်လျှောက်နေကြသည်။

သည်လိုနှင့် တစ်နေရာအရောက်မှာ မဥမ္မာ ရုတ်တရက် ကြောက်အားလန့်အား အော်ဟစ်လိုက်ပြီး သမီးဖြစ်သူကို ဆတ် ခနဲ ဆောင့်ဆွဲကာ လျင်မြန်သော အဟုန်ဖြင့် နောက်မှ ပြေးလိုက် လာသည့် အန္တရာယ်ကောင်ကို ထီးဖြင့် တအားကုန် ဝှေ့ယမ်း မောင်းထုတ်ပစ်လိုက်ရသည်။ ကံကောင်းစွာဖြင့် သားအမိနှစ် ယောက်စလုံး ထိုအန္တရာယ်ကောင်၏ ဘေးမှ သီသီလေး လွတ် လာခဲ့သည်။

ထိုအန္တရာယ်ကောင်ကတော့ အခြားမဟုတ်။ ဒီနားတစ် ဝိုက်မှာ လူအတော်တော်များများကို လိုက်ကိုက်နေသော ခွေး လေခွေးလွင့်တစ်ကောင်ပင်ဖြစ်သည်။

“ဒီခွေးက အရမ်းဆိုးတာ၊ လူတွေ ခဏခဏ အကိုက်ခံရ တယ်၊ သမီး အလတ်မလေးဆို ခါးကို အကိုက်ခံရဖူးတယ်”ဟု မဥမ္မာက  အသံကတုန်ကယင်ဖြင့် ပြောပြသည်။

ရန်ကုန်ကဲ့သို့သော မြို့ကြီးတစ်မြို့မှာ ခွေးလေခွေးလွင့်များ ၏ အန္တရာယ်ကို မဥမ္မာတို့လို နေ့စဉ်နှင့်အမျှ ရင်ဆိုင်ကြုံတွေ့နေရ သူ မြောက်မြားစွာရှိပါသည်။

ရန်ကုန်မြို့၏ လမ်းမတော်တော်များများမှာ ညဉ့်နက်ချိန် များဆိုလျှင် ခွေးလေခွေးလွင့်များက ကြီးစိုးလေ့ရှိကြသည်။ ညဉ့် နက်ချိန် အလုပ်မှ ခြေကျင်ပြန်လာသူများနှင့် အကြောင်းတစ်ခု ခုဖြင့် ဟိုဟိုဒီဒီသွားလာနေရသူ အတော်များများမှာ  ၎င်းင်းတို့၏ ခြိမ်းခြောက်မှုကို ခံရလျက်ရှိပါသည်။ ၎င်းင်းတို့သည် လမ်းကြို လမ်းကြားများ၌သာ မင်းမူနေကြသည်မဟုတ်ဘဲ အချို့နေရာ များတွင် လမ်းမတန်းအထိပါ ရဲရဲဝံ့ဝံ့တက်လာကြပြီး ရန်မူကြလေ့ ရှိပါသည်။

စင်စစ်တွင် ခွေးလေခွေးလွင့်ပြဿ      နာကို ရန်ကုန်မြို့တစ် မြို့တည်းသာ ကြုံဆုံနေရသည်တော့မဟုတ်ပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကြုံဆုံနေရသော ပြဿ      နာတစ်ခုဖြစ်သည်။ ခွေးလေခွေးလွင့်များသည် ဈေးများ၊ အမှိုက်ပုံများ၊ လမ်းကြို လမ်းကြားများနှင့် ရေဆိုးမြောင်းများတစ်ဝိုက်တွင် ကျင်လည် တတ်ကြသကဲ့သို့ ညဘက်ဖွင့်သော လမ်းဘေးထမင်းဆိုင်များ တစ်ဝိုက်တွင်လည်း ကျင်လည်ကျက်စားလေ့ရှိပါသည်။

မြို့တော်တစ်ခွင် အမှိုက်လိုက်သိမ်းကာ သန့်ရှင်းရေးလုပ် နေကြသော မမိုးရွှေစင်တို့လို ရန်ကုန်မြို့တော်စည်ပင်သာ ယာ ရေးကော်မတီ (မြို့တော်စည်ပင်) မှ ဝန်ထမ်းများလည်း ခွေးလေ ခွေးလွင့်အန္တရာယ်ကို ရင်ဆိုင်ကြရသည်။

“ကျွန်မတို့ မနက် ၃ နာရီ လမ်းကြောင်းထွက်ရင် တစ် ယောက်တည်းမသွားရဲဘူး၊ လေး၊ ငါးယောက် စုပြီး သွားရတယ်၊ နို့မို့ဆို ခွေးတွေက အတင်းလိုက်ဆွဲတာ၊ အုပ်လိုက်ကြီး”ဟု သူတို့ ကြုံတွေ့ရသည့် ခွေးလေခွေးလွင့်များ၏ အန္တရာယ်ကို မမိုးရွှေစင် က ပြောပြသည်။

ထို့ကြောင့်လည်း “အမှိုက်လှည်းကို တစ်ယောက်က တွန်း၊ ကျန်တဲ့လူက တံမြက်စည်းကိုင်ပြီး နောက်ကလိုက်ရတယ်”ဟု သူတို့၏ ခွေးလေခွေးလွင့်အန္တရာယ်တားဆီးရေး နည်းဗျူဟာနှင့် ပတ်သက်ပြီး မမိုးရွှေစင်က ရှင်းပြသည်။

မမိုးရွှေစင်သည် စမ်းချောင်းမြို့နယ်တစ်ဝိုက်တွင် သန့်ရှင်း ရေးအလုပ်ကို လုပ်ကိုင်နေသည်မှာ ၁၂ နှစ်ရှိပြီဖြစ်သည်။ ထို ၁၂ နှစ်တာကာလအတွင်း ညဘက်အလုပ်လုပ်သည့်အခါ သူ့လက်ထဲ တွင် အုတ်နီခဲတစ်လုံး၊ သို့မဟုတ် တုတ်တစ်ချောင်း အမြဲဆောင် ထားရသည်ဟုဆိုသည်။ သ့ူအစ်မတစ်ယောက်ဆိုလျှင်အမှိုက် သိမ်းရင်း ခွေးအကိုက်ခံခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ခွေးလေခွေးလွင့် မည်မျှရှိသည်ကို မည် သည့်အဖွဲ့ကမျှ စစ်တမ်းကောက်ထားခြင်း မရှိပေ။

ခွေးရူးရောဂါ သတိပြုပါ

မြို့ပြများတွင် ခွေးလေခွေးလွင့်များ ပေါများလာနေသည် ကို ကြည့်ပြီး ကျန်းမာရေးဝန်ထမ်းများသာမက အများပြည်သူ လူထုကပါ စိုးရိမ်မကင်းဖြစ်နေကြသည်မှာ ၎င်းင်းတို့နှင့်အတူ ရှိနေ နိုင်သည့် ခွေးရူးရောဂါကြောင့်ပင်ဖြစ်ပါသည်။

မွေးမြူရေးနှင့် ဆေးကုသရေးဦးစီးဌာနမှ ပညာရှင်များ လေ့လာတွေ့ရှိချက်အရ မြန်မာနိုင်ငံတွင်ရှိသော ခွေးလေခွေးလွင့် များအနက် ၇၅ ရာခိုင်နှုန်းတွင် ခွေးရူးရောဂါပိုးရှိနေသည်ဟုဆိုပါသည်။ ထိုကိန်းဂဏန်းအရ ခွေးလေခွေးလွင့် လေးကောင်လျှင် သုံးကောင်မှာ ခွေးရူးရောဂါပိုးရှိနေသည်ဆိုသည့် သဘောဖြစ် နေသည်။

မြန်မာနိုင်ငံတွင် ခွေးရူးရောဂါ အန္တရာယ်ကြီးမားနေပုံနှင့် အဆိုပါရောဂါကြောင့် သေဆုံးသူဦးရေမှာ နှစ်စဉ်မြင့်တက် နေကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က ယခုနှစ် ဇန်နဝါရီ ၂၁ ရက်က ကျင်းပ သည့် ပထမအကြိမ်အမျိုးသားလွှတ်တော်၊ ဆဋ္ဌမ ပုံမှန်အစည်း အဝေး စတုတ္ထနေ့ ၌ ပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၆)မှ လွှတ် တော်ကိုယ်စားလှယ် ဒေါက်တာတင်ရွှေ၏ ခွေးရူးကာကွယ်ဆေး လုံလောက်မှု ရှိ၊ မရှိ မေးခွန်းကို ပြည်ထောင်စုဝန်ကြီးက ပြန် လည်ဖြေကြားစဉ်တွင်ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် ခွေးရူးကာကွယ်ဆေး ၁၆,၀၀၀ ထုတ်လုပ်နိုင်သည်ဟုဆိုသော်လည်း ကာကွယ်ဆေးလုံ လောက်စွာ ထုတ်လုပ်ဖြန့်ဖြူးနိုင်ဖို့လိုအပ်ကြောင်း ဒေါက်တာဖေ သက်ခင်က ဆိုပါသည်။

ကျန်းမာရေးဝန်ကြီး၏ အဆိုအရ မြန်မာနိုင်ငံတွင် ခွေးရူး ရောဂါကြောင့် ၂၀၁၀ ခုနှစ်တွင် လူ ၂၀၅ ဦးသေဆုံးခဲ့ရာမှ ၂၀၁၁ ခုနှစ်တွင် သေဆုံးသူဦးရေမှာ ၂၄၀ ဦး ရှိလာခဲ့သည်ဟုဆိုပါသည်။

ခွေးရူးရောဂါသည် ကမ္ဘာလုံးဆိုင်ရာ ရောဂါတစ်ခုလည်း ဖြစ်ပါ သည်။ ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူပေါင်း ၅၅,၀၀၀ ခန့်၊ တစ် နည်းအားဖြင့် ၁၅ မိနစ်လျှင် လူတစ်ဦးနှုန်းမှာ ခွေးရူးရောဂါ ကြောင့် အသက်ဆုံးရှုံးနေရသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization-WHO) က ဆိုပါသည်။

ခွေးရူးပြန်နေသော ခွေးသည် သာမန်ခွေးများနှင့် မတူဘဲ ဂနာမငြိမ်ဖြစ်နေခြင်း၊ အစာမဟုတ်သော ပစ္စည်း(တုတ်၊ အဝတ် စုတ်၊ ကျောက်ခဲ)များကို ကိုက်နေတတ်ခြင်း၊ ရန်လိုသည့် အမူ အရာပြခြင်း၊ သွားရည်များစွာကျနေခြင်း၊ ဆီးဝမ်း မထိန်းနိုင်ခြင်း၊ ခန္ဓာကိုယ်အောက်ပိုင်း သေလာခြင်း စသည့်လက္ခဏာများ ပြ လာပြီး သုံး၊ လေး ရက်ခန့်တွင် သေဆုံးသွားနိုင်ကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဖြန့်ချိသော ခွေးရူး ရောဂါအကြောင်း သိကောင်းစရာ လက်ကမ်းစာစောင်တွင် ဖော်ပြထားသည်။ အဆိုပါလက္ခဏာများတွေ့ရသော ခွေးကို တွေ့ပါက သတိထားရှောင်ရှားသင့်သည်ဟုလည်း ယင်းလက် ကမ်းစာစောင်တွင် ဖော်ပြထားပါသည်။

ခွေးရူးပြန်ရောဂါဆိုသည်မှာ အာရုံကြောဆဲလ်များကို ပျက်စီးစေသည့် (Rabies Virus) ပိုးတစ်မျိုးဖြစ်သည်။ စင်စစ် တွင် အဆိုပါဗိုင်းရပ်စ်မှာ ခွေးများတွင်သာ ရှိသည်မဟုတ်ဘဲ လင်းနို့၊ ကြောင်ကဲ့သို့သော တိရစ္ဆာန်များတွင်လည်း တွေ့ရတတ် ပါသည်။ သို့သော် အများအားဖြင့် ခွေးများတွင် အတွေ့ရများ တတ်သည်။

လူ၏အရေပြားပေါ်ရှိ ထိခိုက်ရှနာ၊ ပွန်းပဲ့သည့်နေရာများ အပေါ် ခွေးရူးရောဂါဖြစ်နေသည့် ခွေး၊ ကြောင်တို့၏ သွားရည်များ နှင့် ထိမိပါကလည်း အဆိုပါရောဂါ ကူးစက်တတ်သည်။

လူသားများတွင် ခွေးရူးပြန်ရောဂါဖြစ်ပွားပါက အဖျားငုပ် နေတတ်ပြီး ခွေးကိုက်မိသောနေရာမှ ယားယံလာခြင်း၊ နာကျင် လာခြင်း၊ ရေမျိုရန်ခက်ခဲလာခြင်း၊ ရေကို ကြောက်လာခြင်း (Hydrophobia)၊ စိတ်ကယောင်ချောက်ချားဖြစ်ခြင်း၊ လေသင် တုန်းဖြတ်သကဲ့သို့ အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာများပြ ခြင်းတို့အပြင် ခွေးကဲ့သို့ ရောဂါလက္ခဏာများပြပြီးလျှင် တစ်ပတ် အတွင်းသေဆုံးနိုင်သည်ဟုလည်း လက်ကမ်းစာစောင်တွင် ဆက်လက်ဖော်ပြထားသည်။

ရန်ကုန်တိုင်းအတွင်းရှိ ခွေးလေခွေးလွင့်များကို ကာကွယ် ဆေး လိုက်လံထိုးပေးနေသည့် တိရစ္ဆာန်ဆေးကုဆရာဝန်များ စုပေါင်းကာ ဖွဲ့စည်းထားသော မြန်မာနိုင်ငံ အိမ်မွေးတိရစ္ဆာန် ဆေးခန်းဆိုင်ရာ ပညာရပ်များအသင်း (Myanmar Small Animials Verterinary Association) မှ ဒေါက်တာမြင့်သိန်းက ခွေးရူးရောဂါနှင့် ပတ်သက်ပြီး ကြောက်စရာကောင်းပုံကို ယခုလို ရှင်းပြပါသည်။

“ခွေးရူးရောဂါက မပြန်လမ်းရောဂါလို့တောင်ခေါ်လို့ရ တယ်။ ခွေးရူးရောဂါပိုးရှိတဲ့ ခွေးအကိုက်ခံရရင်တော့ သေမှာပဲ”

ခွေးရူးရောဂါဖြစ်ပွားပါက ရာနှုန်းပြည့်သေနိုင်ကြောင်း လည်း ၎င်းင်းက သတိပေးသည်။

ရန်ကုန်မြို့မှ ခွေး လေ ခွေးလွင့်တစ်ကောင်                                       Photo : Hninn Ko  

ကာကွယ်မှုဖြင့် အနိုင်ယူပါ

ခွေးရူးရောဂါသည် လမ်းပေါ်ရှိ ခွေးလေခွေးလွင့်များ၌သာ မက အိမ်မွေးခွေးများတွင်လည်း ရောဂါပိုးကူးစက်နိုင်ပါသည်။

ယခုနှစ် ဧပြီလထုတ် အစိုးရသတင်းစာတစ်စောင်တွင် ခွေးရူးရောဂါ ကူးစက်ခံထားရသော အိမ်မွေးခွေးက ကိုက်လိုက် သောကြောင့် မိသားစုသုံးဦးစလုံး ခွေးရူးပြန်ရောဂါဖြင့် သေဆုံး သွားကြသည်ဟူသည့် သတင်းတစ်ပုဒ် ပါလာခဲ့သည်။

တိရစ္ဆာန်ချစ်သူများအနေဖြင့် တိရစ္ဆာန်များနှင့် ယှဉ်တွဲ နေထိုင်ခြင်းကြောင့် တိရစ္ဆာန်မှ ကူးစက်တတ်သော ရောဂါများ၏ သဘောသဘာဝများကိုသိရှိထားရန် လိုအပ်ကြောင်း၊ အထူး သဖြင့် ခွေးရူးပြန်ရောဂါကို ကြိုတင်ကာကွယ်နိုင်ရန် မိမိခွေးအား ကာကွယ်ဆေးပုံမှန် ထိုးသင့်ကြောင်း   ရန်ကုန်ပြည်သူ့ ဆေးရုံကြီး မှ လက်ထောက်ဆေးရုံအုပ်က ပြောပါသည်။

နိုင်ငံတကာတွင်တော့ ခွေးမွေးသူများအနေနှင့် ၎င်းင်းတို့၏ ခွေးများကို မှတ်ပုံတင်ပြုလုပ်ရပြီး ခွေးကိုလည်း ကာကွယ်ဆေး ပုံမှန်ထိုးကြရသည်ဟု ၎င်းင်းက ပြောပြသည်။

မြန်မာနိုင်ငံတွင်တော့ အလှမွေးခွေးများအတွက်လောက် သာ မှတ်ပုံတင်ခြင်းနှင့် ကာကွယ်ဆေးထိုးခြင်းတု့ိကို ပြုလုပ်ကြ သည်။ စားကြွင်းစားကျန်ကျွေးရင်း အိမ်ခွေးဖြစ်လာသော ခွေး များကိုမူ လူအများစုက ကာကွယ်ဆေး ထိုးပေးလေ့မရှိဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ လက် အောက်ရှိ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာနမှ အထူး တာဝန်ခံ တိရစ္ဆာန်ဆရာဝန် ဒေါက်တာဇော်မျိုးအောင်ကလည်း ခွေးများကို မှတ်ပုံတင်ပြီး ကာကွယ်ဆေးပုံမှန်ထိုးသင့်ပုံနှင့် ပတ် သက်ပြီး ယခုလိုပြောပါသည်။

“ကျွန်တော်တို့က ခွေးကို မချစ်နဲ့ မပြောဘူး၊ ချစ်ပါ။ ဒါပေမဲ့ ခွေးမွေးမယ်ဆိုရင် ကျွန်တော်တို့ဌာနမှာ မှတ်ပုံတင်၊ ပြီးတော့ ကာကွယ်ဆေးမှန်မှန်ထိုး၊ ဒီလိုစနစ်တကျမွေးမယ်ဆို ကာကွယ်နိုင်ပါတယ်”

မြို့ပြများတွင် ခွေးလေခွေးလွင့်များရှိနေခြင်းသည် မြို့ခံ လူထုကို ထိခိုက်စေရုံသာမက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းအပေါ် တွင်လည်း ထိခိုက်မှုရှိသည်ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

“ဥပမာအားဖြင့် အိန္ဒိယနိုင်ငံမှာ အင်္ဂလန်နိုင်ငံသား တိုး ရစ်တစ်ယောက် ခွေးတစ်ကောင်အကိုက်ခံရတယ်။ အဲဒီတိုးရစ် သူ့နိုင်ငံ အင်္ဂလန်လည်း ပြန်ရောက်ရော ခွေးရူးပြန်ရောဂါနဲ့ သေပါလေရော။ အဲဒီတော့ တိုးရစ်လောကမှာ သတိတွေ ပေးကြ တယ်။ အိန္ဒိယသွားရင် ခွေးကိုက်မခံရအောင် သတိထားကြဖို့။”

“တော်ရုံလူတွေက မသွားကြတော့ဘူး။ အဲဒီတော့ ခရီး သွားလုပ်ငန်းမှာ ထိခိုက်တာပေါ့”ဟု ဒေါက်တာမြင့်သိန်းက ရှင်း ပြသည်။

ခွေးများကို ချစ်တတ်သူအချို့ကမူ ခွေးလေခွေးလွင့်များကို ထိန်းသိမ်းပြီး ကာကွယ်ဆေးများထိုးကာ မွေးမြူထားကြသည် များလည်းရှိပါသည်။ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်တွင် ခွေး ဂေဟာဆိုပြီး ခွေးများကို ထိန်းသိမ်းစောင့်ရှောက်သော ဂေဟာ တစ်ခုရှိပါသည်။

အကြောင်းအမျိုးမျိုးကြောင့် ပိုင်ရှင်က မစောင့်ရှောက်နိုင် သောခွေးများ၊ လမ်းပေါ်တွင် ဒုက္ခရောက်နေသော ခွေးများကို ၎င်းတို့ဂေဟာမှ  လက်ခံစောင့်ရှောက်ပေးလျက်ရှိသည်။

“ကျွန်မတို့က လမ်းပေါ်မှာ အမေမရှိဘဲ လျှောက်သွား နေတဲ့ ခွေးလေးတွေကို သနားပြီးတော့ အစာကျွေးတယ်။ ကာ ကွယ်ဆေးထိုးပေးတယ်။ အဲဒီကစပြီးတော့ လုပ်ဖြစ်သွားတာ”ဟု ခွေးဂေဟာတည်ထောင်သူ ဒေါ်ရိုဇာဝင်းက ဆိုသည်။

လက်ရှိ သူတို့ဂေဟာတွင် ခွေးကောင်ရေ ၇၂ ကောင်ရှိပြီး အချို့စေတနာရှင်များက ခွေးများအတွက် အစာဖိုး၊ မုန့်ဖိုးနှင့်   ခွေးများကို ရေချိုးပေးသောကန် စသဖြင့် လာရောက် လှူဒါန်းမှု များရှိသည်ဟု ၎င်းင်းက ပြောသည်။

ဘယ်လိုထိန်းသိမ်းကြမလဲ

ခွေးလေခွေးလွင့်များ လျော့နည်းပပျောက်စေရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသည် ၁၉၉၁  ခုနှစ်မှ စတင်ကာ ခွေးလေခွေးလွင့် ရှင်းလင်းရေးလုပ်ဆောင်ခဲ့ပြီး တစ်ပတ်တစ်ခါ စီမံချက်ဖြင့် ပုံမှန်ရှင်းလင်းလျက်ရှိသည်ဟု ဆို     ပါသည်။

ခွေးလေခွေးလွင့်များကို ရှင်းလင်းရာတွင် အမဲတုံးများကို အရောင်၊ အနံ့၊ အရသာမရှိသော အဆိပ်နှင့် ရောနှောပစ်ကျွေး ကာ ရှင်းလင်းပြီး မြို့တော်စည်ပင်အဆိုအရ တစ်လလျှင် ခွေး ကောင်ရေ ၂,၅၀၀ ခန့်ကို ရှင်းလင်းလျက်ရှိသည်။

မြို့တော်စည်ပင်အနေနှင့် ခွေးလေခွေးလွင့်များကို ထိုကဲ့ သို့ ရှင်းလင်းနေပုံနှင့်ပတ်သက်ပြီး ဝေဖန်ကြသည်များလည်း ရှိ   ပါသည်။

“ခွေးလေခွေးလွင့်တွေကို အမဲသားတုံးကျွေးခြင်းဟာ အောင်မြင်ပြီလားဆိုတော့ မအောင်မြင်သေးဘူးလို့ဆိုရမယ်”ဟု ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

“တို့ ငယ်ငယ် နှစ်တန်းကျောင်းသားအချိန်ကတည်းက ကျွေးလာတာ အခု အသက် ၅၆ နှစ်ရှိပြီ။ ခွေးလေခွေးလွင့်တွေက မလျော့တဲ့အပြင် ပိုတောင်များလာသေးတယ်”ဟု ဒေါက်တာ မြင့်သိန်းက ၎င်းင်း၏အမြင်ကို ပြောပြသည်။

ခွေးလေခွေးလွင့်များကို ဂရုဏာသက်သောလေသံဖြင့် ဒေါက်တာမြင့်သိန်းက ယခုလိုလည်း ပြောသည်။

“ခွေးလေးတွေလည်း စကားမပြောတတ်လို့ပေါ့။ စကား သာ ပြောတတ်ရင် ကျွန်တော်တို့ကို မသတ်ကြပါနဲ့လို့ ပြောမှာပဲ”

ခွေးလေခွေးလွင့်များကို နှိမ်နင်းရာ၌ နိုင်ငံတကာနည်းတူ ပြည်သူလူထုအား ခွေးရူးရောဂါနှင့်ပတ်သက်၍ အသိပညာပေး ခြင်းများ လုပ်ဆောင်သင့်သလို တစ်ဖက်တွင်လည်း ခွေးလေခွေး လွင့်များကို ကာကွယ်ဆေးထိုးခြင်း၊ အကောင်ရေ မပြန့်ပွား အောင် သင်းကွပ်ခြင်းများ လုပ်ဆောင်သင့်ကြောင်းလည်း ဒေါက်တာမြင့်သိန်းက ဆိုပါသည်။

ခွေးတွေကို အဆိပ်ကျွေးပြီး သတ်သည့်အပေါ် စမ်းချောင်း မြို့တွင်နေထိုင်ပြီး ခွေးလေခွေးလွင့်များကို ညစဉ်ကုသိုလ်ဖြစ် အစာကျွေးနေသူ အသက် ၆၂ အရွယ် ဦးရဲထွဋ်ကတော့ ဘာသာ ရေးရှုထောင့်ကကြည့်ပြီး ပြစ်တင်ရှုတ်ချသည်။

“ဒီခွေးတွေကို အဆိပ်ခတ်ထားတဲ့ အမဲသားကျွေးတာကို ဘာသာရေးအမြင်နဲ့ ကြည့်ရင် ကောင်းတော့ မကောင်းဘူးပေါ့။ သူတို့သတ္တဝါတွေအနေနဲ့ စားစရာလည်းမရှိ။ လူတွေကျွေးမှ စားရတာ။ သနားဖို့ ကောင်းပါတယ်”ဟု ဦးရဲထွဋ်က ဆိုသည်။

ခွေးလေခွေးလွင့်များအား သတ်ဖြတ်ခြင်းသည် ကျန်းမာ ရေးအတွက် သတ်သည်ဆိုသော်လည်း ဘာသာရေးရှုထောင့်က ကြည့်လျှင် လက်ခံနိုင်စရာမရှိဟု ဗိုလ်တထောင်မြို့နယ်ရှိ ပညာ ရာမိကမဟာ(အေ)တိုက်မှ ကျောင်းထိုင်ဆရာတော်ကလည်း မိန့်ပါသည်။

“သတ္တဝါတွေရဲ့ အသက်ကိုသတ်တာတော့ ဘုန်းဘုန်းတို့ လည်း ဘယ်ကြိုက်မလဲ။ ကျန်းမာရေးအရ လုပ်တာဖြစ်ပေမယ့် ဘုန်းဘုန်းတို့ဘာသာရေးအရကတော့ သူတစ်ပါးအသက်ကို သတ်တာတော့ မကောင်းဘူးလို့ မြင်တယ်”ဟု ကျောင်းထိုင် ဆရာတော်

ဘဒ္ဒ န္တသီလဝံသက မိန့်ပါသည်။

တစ်ခါတော့ အဆိုပါကျောင်းတိုက်မှ ခွေးများမှာ စည်ပင်မှ ကျွေးသော အဆိပ်ပါသည့် အမဲသားတုံးများကို စားမိသော ကြောင့် အတုံးအရုံးသေသွားခဲ့ကြသည်ကိုကြည့်ပြီး ၎င်းင်းနှင့်အတူ ကျောင်းမှာသီတင်းသုံးသည့် သံဃာများ၊ ကိုရင်များနှင့် ခွေးစာ လာကျွေးတတ်ကြသော ဒကာ၊ ဒကာမများအားလုံး စိတ် မကောင်းဖြစ်ခဲ့ရသည်ဟု ဆရာတော်က မိန့်ပါသည်။

ဘုန်းတော်ကြီးကျောင်းများတွင် ခွေးလေခွေးလွင့်များ ပေါများနေရသည့်ကိစ္စနှင့် ပတ်သက်ပြီး ရှင်းပြဖို့ ဒေါက်တာ မြင့် သိန်းက “လူတွေက ဘယ်လိုဖြစ်လဲဆိုတော့ မကောင်းကျောင်း ပို့ စကားအတိုင်းပဲ”ဆိုပြီး စကားကို အစချီသည်။

“မမွေးချင်တဲ့ခွေးတွေမှန်သမျှ ကျောင်းကို အကုန်လာ ပို့ကြတယ်။ ဘုန်းကြီးကျောင်းတွေကလည်းနှင်ထုတ်လို့မရဘူး။ ရိုက်ထုတ်လို့မရဘူး။ အဲဒီတော့ သူတို့မှာလည်း ဝန်ထုပ်ဝန်ပိုး တွေဖြစ်နေတယ်”ဟု သူက ဆိုသည်။

သူတို့အဖွဲ့အနေနှင့် ဘုန်းကြီးကျောင်းများတွင် ခွေးရူးကာ ကွယ်ဆေးလိုက်ထိုးနေရင်း ကိုရင်အချို့နှင့် ဆရာတော်ကြီးအချို့ ခွေးရူးပြန်ရောဂါကြောင့် ပျံလွန်တော်မူသွားကြသည်များကို ကြားရတတ်သည်ဟု ဒေါက်တာမြင့်သိန်းက ဆိုသည်။

ခွေးလေခွေးလွင့်များကို စည်ပင်မှရှင်းလင်းသည့်အခါတွင် သက်ဆိုင်ရာရပ်ကွက်နေ ပြည်သူအချို့က ခွေးလေခွေးလွင့်များ ကို ၎င်းင်းတို့၏ အိမ်ထဲခေါ်သွင်းကာ ဝှက်ထားတတ်ကြသည်များ လည်းရှိကြောင်း ဒေါက်တာဇော်မျိုးအောင်က ပြောပြသည်။

“ကျွန်တော်တို့နဲ့ ပြည်သူတွေက ပါဝင်ပူးပေါင်းမယ်ဆိုရင် လုပ်ငန်းက ပိုအောင်မြင်မှာပါ၊ အခုက ဘာသာရေးရှုထောင့်တစ်ခု ကပဲ မြင်နေကြတယ်။ ကျန်းမာရေးရှုထောင့်ကနေ ကြည့်ဖို့လိုပါ တယ်”ဟု ၎င်းင်းက ဆိုသည်။

မြို့တော်စည်ပင်အနေနှင့် ခွေးလေခွေးလွင့်များကို ရှင်း လင်းရေးလုပ်ဆောင်နေသည်မှာ တိရစ္ဆာန်များမွေးမြူခြင်းနှင့် သားသတ်ရုံများဆိုင်ရာ နည်းဥပဒေ ၂၃ အရဖြစ်ကြောင်း ဒေါက် တာဇော်မျိုးအောင်က ရှင်းပြပါသည်။

အဆိုပါနည်းဥပဒေတွင်  ကော်မတီသည် မြို့တော်နယ်နိ မိတ်အတွင်း ပြည်သူ့ကျန်းမာရေးကို အန္တရာယ်ဖြစ်စေသည့် ခွေး လေခွေးလွင့်၊ ကြက်၊ ကျီးနှင့် ရောဂါပိုး သယ်ဆောင်တတ်သည့် အခြားတိရစ္ဆာန်များကို အခါအားလျော်စွာ သုတ်သင်ရှင်းလင်းရ မည်ဟု အတိအလင်း ဖော်ပြထားကြောင်း ၎င်းင်းက ကိုးကားပြီး ပြောပြသည်။

တုံ့ပြန်မှုမြန်ပါစေ

အချို့လူများမှာ ခွေးကိုက်လျှင် ကာကွယ်ဆေးထိုးဖို့ကိုပင် စိတ်ထဲမှာမရှိ။ လက်လှမ်းမီရာ အနာအမြန်ဆုံးပျောက်ကင်း သက်သာမည့်နည်းကိုသာ အားကိုးနေကြသည်ဟု ကျန်းမာရေး ဝန်ထမ်းအချို့ကဆိုသည်။

ပညာရာမိကမဟာ(အေ)တိုက်မှ ဘုန်းကြီးကျောင်းသား လေး မောင်ခွန်မိုးအောင်ဆိုလျှင် ခွေးကိုက်ခံရသောကြောင့် ရရှိ ထားသော ဒဏ်ရာ ပျောက်ကင်းသက်သာဖို့ ဆရာခိုအနာလိမ်း ဆေး လူးထားသည်ဟုဆိုသည်။ အသက် ၁၂ နှစ်အရွယ် မောင်ခွန် မိုးအောင်သည် ခွေးရူးပြန်ရောဂါနှင့်ပတ်သက်ပြီး ဘာမှ သိရှိ ထားသူမဟုတ်။ ကာကွယ်ဆေးထိုးဖို့ဟူသည်မှာ သူ့ ခေါင်းထဲတွင် လုံးလုံးမရှိ။

“ခွေးရူးရောဂါကို ကာကွယ်နိုင်ရန်အတွက် ခွေးကိုက်ခံရ လျှင် ချက်ချင်းဆိုသလို ကာကွယ်ဆေးကို အမြန်ဆုံးထိုးသင့် တယ်” ဟု ရန်ကုန်ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ်က ဆိုပါသည်။

“အခုက ခွေးကိုက်ခံရပြီးရင် ခွေးကို ရူး၊ မရူး ၁၄ ရက် လောက် စောင့်ကြည့်နေကြတယ်၊ အဲဒီလောက် မစောင့်သင့်ဘူး  ”ဟု ၎င်းက သတိပေးပါသည်။

“ခွေးရူးသွားတော့မှ ဆေးလာထိုးမယ်ဆိုရင် အရမ်းကို နောက်ကျသွားပြီ။ တစ်ပတ်အတွင်း ဆေးထိုးသင့်တယ်”

၎င်းအနေနှင့်မူ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ တစ်ခုသော အခန်းကလေး ပွင့်လျက်ရှိနေမည်ကို စိုးထိတ်မိသည်။ ထိုအခန်း ကလေးပွင့်နေသည်ကို တွေ့ရသည့်အခါတိုင်း သူ့မှာ စိတ် မကောင်း ဖြစ်ရသည်ဟုဆိုသည်။

ထိုအခန်းကလေးကတော့ အခြားမဟုတ်။ ခွေးရူးရောဂါ သည်များကိုထားသော အခန်းကလေးဖြစ်ပါသည်။

“အခန်းတံခါးလေးပွင့်နေတာကိ ုကြည့်လိုက်ရင် သိတယ် လေ။ လူနာရောက်နေပြီ။ အခန်းတံခါးလေးပြန်ပိတ်သွားပြီဆို ရင် စိတ်မကောင်းဘူး၊ တစ်ယောက်ဆုံးရှုံးရပြန်ပြီ”ဟု လက်  ထောက်ဆေးရုံအုပ်က ဆိုသည်။

“သေချာတယ်လေ။ ဒီရောဂါဖြစ်ရင် သေဆုံးဖို့ တစ်ရာ ရာခိုင်နှုန်းပဲ”

အမျိုးအစား - သတင်းဆောင်းပါး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."