တောင်ကုတ် – ၂၀၂၄ စက်တင်ဘာ ၂၀ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်ရှိ ရခိုင်ရိုးမပေါ်က နေပူတောင်မာဘယ်လ်ကျောက်ထုတ်လုပ်ရေးစီမံကိန်းနေရာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦး သေဆုံးသွားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
သေဆုံးသွားတဲ့ အသက် ၄၅ နှစ်အရွယ် အမျိုးသမီးဟာ နေပူတောင်စီမံကိန်းအနီးရှိ ပိန္နဲစမ်းကျေးရွာကဖြစ်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ သူဟာ စီမံကိန်းအလုပ်သမားတန်းလျားဆောင်မှာ နေထိုင်သူဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်၊ မနက် ၂ နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လာရောက်ဗုံးကြဲစဉ် သေဆုံးသွားခဲ့တာဖြစ်တယ်လို့ တောင်ကုတ်ဒေသခံတစ်ဦးက ပြောပါတယ်။
” သူက အဲဒီနေရာမှာအလုပ်လုပ်ပြီး အလုပ်သမားဆောင်မှာနေသူပါ။ မနက် ၂ နာရီလောက်ဆိုတော့ လူအိပ်ချိန်ပေါ့။ အိပ်မောကျချိန်လာပြီး ဗုံးကြဲသွားတာ “ လို့ အထက်ပါ ဒေသခံက ပြောပါတယ်။
နေပူတောင်စီမံကိန်းဟာ ဦးသိန်းစိန်အစိုးရခေတ်မှာ ဗီယက်နမ်ရင်းနှီးမြုပ်နှံမှုတစ်ခုနဲ့ သဘောတူညီပြီး နှစ် ၃၀ ကြာမယ့် မာဘယ်လ်ကျောက်ထုတ်ယူနေတဲ့ စီမံကိန်းပါ။ ဒီကျောက်ဟာ အပူဒဏ်ခံနိုင်သလို နေအိမ်အလှဆင်တဲ့ဈေးကွက်မှာလည်း တန်းဖိုးမြင့် ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။
အဲဒီနောက် ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေတာကြောင့် ဒီစီမံကိန်းကို ကန့်ကွက်တာတွေ ဖြစ်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ် ၂၀၁၈ မှာ စီမံကိန်းကိုရပ်တန့်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေ လိုအပ်ချက်မြင့်မားလာတဲ့ စစ်ကောင်စီဟာ ၂၀၂၂ အတွင်းမှာ စီမံကိန်းကို ပြန်လည်စတင်ထုတ်လုပ်စေခဲ့ပါတယ်။ နေပူတောင်စီမံကိန်းဟာ တောင်ကုတ်- ပန်းတောင်းကားလမ်းပေါ်မှာ တည်ရှိပြီး တောင်ကုတ်မြို့ကနေ မိုင် ၃၀ အကွာလောက်မှာရှိတဲ့ စီမံကိန်းပါ။
နိုင်ငံအနှံ့က လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကို လေယာဉ်နဲ့ ဗုံးကြဲနေတဲ့ စစ်ကောင်စီဟာ အရပ်သားနဲ့ စစ်ရေးပစ်မှတ် မခွဲခြားဘဲလုပ်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ မြင့်တက်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြဝေဖန်နေပါတယ်။
တောင်ကုတ်မြို့မှာဆိုရင် အာရက္ခတပ်တော်(AA)နဲ့ စစ်ကောင်စီကြား ဇွန်လ ၁၅ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်တချို့ကို စစ်ကောင်စီက ဗုံးကြဲခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီက တိုက်ပွဲမရှိချိန်မှာလည်း တောင်ကုတ်မြို့အနီးပတ်ဝန်းကျင်ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက်ပြုလုပ်ခဲ့ပြီး အရပ်သားထိခိုက် သေဆုံးမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၂ ရက်က စစ်ကောင်စီက တောင်ကုတ်မြို့အနီးအနားပတ်ဝန်းကျင်ရွာတွေကို တိုက်လေယာဉ် သုံးစီးနဲ့ လာရောက်ပစ်ခတ်တဲ့အတွက် အသက် ၂၇ နှစ်အရွယ် မွေးကင်းစကလေးမိခင်တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိသွားခဲ့ပါတယ်။
ဒါအပြင် ဩဂုတ် ၁၆ ရက်ကလည်း တောင်ကုတ်မြို့အနီးရှိ မိုးတောင် တောင်တန်းပေါ်က မိုးတောင်ပညာဒါနဘုန်းကြီးကျောင်းကို လေကြောင်းကနေဗုံးကြဲခဲ့တဲ့အတွက် ဦးဇင်းတစ်ပါးဒဏ်ရာရရှိကာ ကျောင်းဆောင်အချို့ပျက်စီးသွားခဲ့ပါတယ်။
တောင်ကုတ်မြို့က စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ(၅)နဲ့ လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၄၆)၊ ခမရ (၅၄၄) တို့ကို ထိုးစစ်ဆင်နိုင်ရေးအတွက် AA က ပြင်ဆင်နေပြီး စစ်ကောင်စီကလည်း ကျေးရွာတွေကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မြို့တော် စစ်တွေက လွဲရင် မြောက်ပိုင်းတစ်ဒေသလုံးကို AA က ထိန်းချုပ်ခဲ့ပြီး ဖြစ်သလို တောင်ပိုင်းဒေသက ရမ်းဗြဲမြို့နယ်နဲ့ ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့နယ်အပါအဝင် ကျေးလက်ဒေသအများစုကို AA က ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်တွေကတော့ မြို့တွင်းမှာသာ ခံစစ်ပြင်ဆင်နေထိုင်နေကြရတဲ့ အခြေအနေပါ။
ပုံစာ- ရခိုင်ပြည်နယ်တောင်ပိုင်း၊ တောင်ကုတ်မြို့နယ်က နေပူတောင်မာဘယ်လ်ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်။
ဓါတ်ပုံ- ရခိုင်လူမှုကွန်ယက်(တောင်ကုတ်)
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

